ခုချိန်မှာ လူတိုင်းဟာ ကိုယ့်ကိုယ်ကို ဦးဆောင်ကြရမှာပဲ...ဒီရွေးကောက်ပွဲဟာ မိမိတို့ကို စစ်ကျွန်ဇာတ် ဆက်သွင်းမယ့် ကန့်လန့်ကာအဖွင့်တခုဆိုတာကို ယုံကြည်ရင် မဲရုံကို မသွားကြဖို့ဘဲ။ ဒီလိုမှမဟုတ်ဘဲ အကြောက်လွန်ပြီး မဲရုံကိုသွားပြီဆိုတာနဲ့ ခင်များတို့ဟာ ကျုပ်တို့ စစ်ကျွန်အဖြစ်ဆက်လက်ခံယူပါမယ်လို့ ကတိပေးလိုက်တာနဲ့ အတူတူပဲ။ တနိုင်ငံလုံးကို အကျဉ်းချထားနိုင်တဲ့ ထောင်မရှိဆိုတာကို လူတိုင်း သဘောပေါက်ထားဖို့ လိုတယ်။

Thursday, July 29, 2010

မြန်မာပြည်ရှိ မော်တော်ကား တစ်စင်း အကြောင်း


မြသန်းတင့်
ဇူလိုင် ၂၅၊ ၂၀၁၀ (မှတ်ချက် - ၁၉၉ဝ ပြည့်နှစ် နိုဝင်ဘာလထုတ် ဥသာဂျာနယ်မှ ၀တ္ထုတိုဖြစ်သည်။ ချင်းတွင်းမင်းသမီး ပြန်လည်ဖေါ်ညွှန်း ပေးပို့သည်။)


ကိုယ့်ကိုကိုယ်တော့ စောတယ် လို့ ထင်တာပဲ။ ဟုတ်တယ်လေ၊ အလွန်အအိပ်ကြီးတဲ့ကောင်၊ နေမြင့်မှ အိပ်ရာက ထတဲ့ကောင်။ အိမ်မှာဆိုရင် ညသန်းကောင်သန်းလွဲထိ စာဖတ်၊ ကဗျာတွေရေး၊ ဝတ္ထုတွေရေးနဲ့။ ကျွန်တော့်အခန်းက မီးဟာ အမြဲလိုလို နာရီပြန် တစ်ချက်၊ နှစ်ချက်လောက်မှ ငြိမ်းတာ။ ဒီတော့ အိပ်ရာထလည်း နောက်ကျတာပေါ့။

ခုတော့ သူများရပ်ရွာမို့လို့ ကျွန်တော် စောစောစီးစီး ထရတယ်။ အထူးသဖြင့် ဒီကနေ့ ကျွန်တော် အိမ်ပြန်မယ့်ရက် ဆိုတော့ စောစောမထလို့ မဖြစ်ဘူး၊ ကျွန်တော် ပြန်ရမှာက ဘတ်(စ်)ကား တစ်တန်၊ မီးရထား တစ်တန်။

ရွာကလေးကနေ တစ်စင်းတည်းသော ဘတ်(စ်)ကားနဲ့ မြို့ကလေးကို သွားရမယ်။ ညနေ ၆-နာရီမှာ မြို့ကလေးမှာ ရထား ဆိုက်မယ်။ အဲဒီကနေပြီး ဒီရထားနဲ့ ကျွန်တော်နေတဲ့မြို့ကို ပြန်ရမှာ။ အမှန်ကတော့ အဲဒီရွာကလေးကို ကျွန်တော်မသွားချင်ဘူး။ ခရီးလမ်းပန်းက ခေါင်လွန်းလို့။ အဖေနဲ့အမေတို့ ခေါင်းချခဲ့ နေရာ၊ မရောက်တာကြာပြီ။ ကြာဆို ဆယ်နှစ်လောက်ရှိရောပေါ့။ တစ်နေ့ကတော့ မိတ်ဆွေဆရာဝန်တစ်ယောက်က အဲဒီရွာကလေးကို သွားမယ်ဆိုလို့ သူ့ကားလည်း ကြုံတာနဲ့ လိုက်လာတာ။ သူက နေ့ချင်းပြန် သွားတယ်။ ကျွန်တော် နေရစ်ခဲ့တယ်။

ရွာမှာကျွန်တော် နှစ်ညပဲ အိပ်တယ်။ ရောက်တဲ့ညရယ်၊ နောက်တစ်နေ့မှ အဖေနဲ့အမေတို့ရဲ့ ဂူကို သွားကန်တော့တယ်၊ အဲဒီညအိပ်တယ်။ သည်နေ့မနက် စောစောမှာ ကျွန်တော်ပြန်တယ်။

ပြန်မယ့်မနက်ကျတော့ စောစော ထရတယ်။ ရွာက မြို့ကလေးကိုသွားတဲ့ ဘတ်(စ်)ကားက အစောကြီး ထွက်မှာကိုး။ စောဆို သူက မနက် ၅-နာရီမှာ ထွက်မယ်။ မြို့ကို မွန်းတည့်ချိန်လောက်မှ ရောက်မယ်။ ကျွန်တော်သွားတဲ့ ရွာကလေးနဲ့ မြို့က မိုင်လေးဆယ်ပဲဝေးတယ်။ ဒါပေမယ့် ကားလမ်းဆိုတော့၊ မိုင်လေးဆယ်ကို ငါးနာရီလောက် မောင်းရတယ်။ တစ်နာရီကို ဆယ်မိုင်နှုန်းတောင် မပြည့်ချင်ဘူး။

မတတ်နိုင်ဘူးလေ။ ဒီလမ်းပဲ ရှိတာကိုး၊ မွန်းတည့်ရောက်ရင် အသိမိတ်ဆွေတွေကို လိုက်ပြီး နှုတ်ဆက်ချိန်ရသေးတယ်။ ကျွန်တော်နေမယ့်မြို့ကို ပြန်မယ့် မီးရထားက ညနေ ၅-နာရီ ဆိုတော့ တစ်ညနေလုံး မြို့ကလေးပေါ်မှာ လျှောက်လည်ချိန် ရသေးတယ်။ မြို့မှာရှိတဲ့ မိတ်ဆွေတွေကိုလည်း ၆-နာရီ ရထားနဲ့ ပြန်ဖို့ လက်မှတ် ယူခိုင်းပြီးပြီ။ ရထားလာတာနဲ့ တက်လိုက်သွားရုံပဲ။

မြို့ကိုသွားမယ့် ကားဆိပ်က ရွာထိပ်က တမာတန်းမှာ ရှိတယ်။ ဘတ်(စ်)ကားက မနက် ၅-နာရီ ထွက်မှာ ဆိုတော့ ၄-နာရီလောက်ကတည်းက အိပ်ရာက ထရတယ်။

ကျွန်တော် ကားဆိပ်ကို ရောက်သွားတော့ ၄-နာရီခွဲ။ ကျွန်တော့်ကိုယ် ကျွန်တော် ဝီရိယရှိလှပြီလို့ အောက်မေ့နေတာ။ ဘယ်မှာဟုတ်လို့လဲ ကားဆိပ်ရောက်တော့ လူတွေက ပြည့်ကျပ်နေပြီ။ ကားက ဘော်ဒီတင်ထားတဲ့ ဘတ်(စ်)ကား၊ ထိုင်ခုံတွေက ဘေးတစ်ဖက်တစ်ချက်မှာ ရှိတယ်။ အလယ်ခေါင်မှာ ကွက်လပ် ရှိတယ်။ ကွက်လပ်မှာလည်း ခုံတန်းရှည် တစ်တန်းထိုးထားတယ်။ ပစ္စည်းခပ်သေးသေးဆိုရင်တော့ ခြေထောက်တွေကြားထဲ၊ ခုံတွေကြားထဲမှာ ထိုးထည့်လို့ရတယ်။ ပစ္စည်း ခပ်ကြီးကြီးဆိုရင် ခေါင်မိုးပေါ်မှာတင်ရတယ်။ ခေါင်မိုးပေါ်မှာလည်း ပစ္စည်းတွေ ပြည့်မောက်လို့ပါလား။ အမိုးပေါ်မှာတင်ထားတဲ့ပစ္စည်းဟာ လူတစ်ရပ်နီးပါးမြင့်လိမ့်မယ် ထင်တယ်။ အစတုန်းကတော့ ကျွန်တော့်ကို ကားရှေ့ခန်းက တင်ဘို့ပါပဲ။ ဒါပေမယ့် ဘုန်းတော်ကြီးနှစ်ပါး ပါလာတာနဲ့ သူတို့ကို နေရာပေးလိုက်တယ်။ ကိစ္စမရှိဘူးလေ ဒီလိုပဲ လိုက်ရမှာပေါ့။

ဘတ်(စ်)ကားနာမည်က သိန္ဓဝ တဲ့၊ ဘယ်ဆိုးလို့လဲ နာမည်ကတော့ တော်တော် ကောင်းတဲ့ နာမည်ပဲ။ နတ်မြင်းပျံမျိုးပေါ့၊ သိန္ဓဝ ဆိုတာ ကျွန်တော်တို့ရွာကလေးမှာ ကျွန်တော်တို့ ငယ်ငယ်ကတည်းက ရှိခဲ့တဲ့ တစ်စင်းတည်းသော ဘတ်(စ်)ကား။

စစ်မဖြစ်ခင် ကျွန်တော်တို့ ငယ်ငယ်တုန်းက မြို့ကျောင်းဖွင့်ရင် ဒီဘတ်(စ်)ကားနဲ့ပဲ သွားရတယ်။ အဲဒီတုန်းက ဘတ်(စ်)ကားပိုင်ရှင်က ဦးအဲ တဲ့။ ဦးအဲက အစတုန်းက မန်ကျည်းကုန်သည်။ နောက်တော့ မန်ကျည်းလုပ်ငန်း သိပ်မကောင်းတော့တာနဲ့ မော်တော်ကားမောင်းတာ၊ အဲဒီတုန်းက မော်တော်ကားနံပါတ်တွေ မြန်မာလို မရေးသေးဘူး၊ အင်္ဂလိပ်လိုပဲရေးတယ်၊ ကျွန်တော်မှတ်မိသေးတယ်၊ ဦးအဲရဲ့ ကားနံပါတ်က အာရ်အေ။ နောက်က ဂဏန်းကိုတော့ ကောင်းကောင်း မမှတ်မိတော့ဘူး။ ဒါပေမယ့် သိပ်မများပါဘူး၊ နံပါတ် လေး ငါးရာကျော်လောက်ပဲ ရှိမယ် ထင်တယ်။ ခုခေတ်စကားနဲ့ ပြောရမယ်ဆိုရင်တော့ ကကြီးနံပါတ်ပေါ့။

ကျွန်တော်က မြို့ကျောင်းမှာ နေတော့ ကျောင်းဖွင့်၊ ကျောင်းပိတ်ရက် ဆိုရင် ဦးအဲရဲ့ ကားနဲ့ပဲ ကျောင်းတက်ရတယ်။ ဟိုတုန်းကလည်း မနက် ၅-နာရီလောက်မှာ ထစီးရတာ၊ အမေက ကျွန်တော့်ကို ရွာအထွက် တမာတန်းကလေးအထိ လိုက်ပို့တတ်တယ်။ ကားဆိပ်က ရွာအထွက်က တမာတန်းမှာ ဆိုတော့ မြို့ကိုသွားတဲ့ လူတွေလာ လာပြီး စီးကြရတယ်။ မြို့ကပြန်လာရင်လည်း တမာတန်းမှာပဲ ကားဂိတ်ဆုံးတယ်။ ဒီတော့ အထုတ်အပိုးကလေးတွေ ကိုယ်စီထမ်းပြီး တမာတန်းက ရွာထဲကို ဝင်ကြရတယ်။

ခု ကျွန်တော် အသက် ငါးဆယ်ကျော် ခြောက်ဆယ်နား ကပ်လာတော့လည်း ကျွန်တော့်ရွာကလေးက ကားဆိပ်ဟာ တမာတန်းမှာပဲ ရှိသေးတယ်။ နာမည်ကလည်း သိန္ဓဝ တဲ့၊ အရင် ကားဟောင်းကြီးတော့ ဟုတ်မယ် မထင်ပါဘူး။ နာမည်ပဲ တူတယ် ထင်ပါရဲ့။

တမာတန်းကို ကျွန်တော် ရောက်သွားတော့ မနက် ၄-နာရီခွဲပဲ ရှိသေးတယ်။ ဒါပေမယ့် ကားဆိပ်မှာ လူတော်တော်စုံနေပြီ။ ကျွန်တော်လည်း နောက်ခန်းက ထိုင်ခုံမှာ ကြပ်ကြပ်တည်းတည်း ဝင်ထိုင်ရတယ်။ ကျွန်တော့်ရွာ ဆိုပေမယ့် ကျွန်တော် သိတဲ့လူတွေ သိပ်မရှိတော့ဘူးလေ၊ ကျွန်တော်နဲ့ ရွယ်တူတွေထဲက ကွယ်လွန်တဲ့သူ ကွယ်လွန်၊ တစ်ရပ်တစ်ကျေးကို ပြောင်းတဲ့လူက ပြောင်းဆိုတော့ မျက်နှာသိရယ်လို့ သိပ်မရှိသလောက်ပါပဲ။ နည်းနည်းပိုကြီးတဲ့ လူကြီးသုံး လေးယောက်ရယ်၊ ဒီလောက်ပဲ ကျန်တော့တယ်။ ကျန်တဲ့ ရွာသူ၊ ရွာသားတွေကတော့ နောက်လူငယ်တွေ။

ခု ကျွန်တော်တို့ ရွာက ကားနာမည်ကတော့ အလျင်လိုပဲ သိန္ဓဝ တဲ့၊ ဒီကားနာမည်ကို ပြောလိုက်ရင် ကျွန်တော်တို့ရွာကကားမှန်း အဲဒီလမ်း တစ်လျှောက်က လူတိုင်း သိတယ်။

ဘတ်(စ်)ကားက အချိန်မှန်တယ်။ ငါးနာရီ ဒေါင်ခနဲလို့ ပြောရတာကတော့ လွယ်လွယ် ပြောလိုက်တာပါ။ အမှန်ကတော့ တောမှာ ဘယ်မှာ ဒေါင်ကနဲ ထိုးတဲ့နာရီ ရှိမှာလဲ။ ရွာဦးကျောင်းက အုန်းမောင်းခေါက်ပြီး ခေါင်းလောင်းထိုးပြီ ဆိုရင် ငါးနာရီပဲလို့ သတ်မှတ်ထားတာပေါ့။ ကျွန်တော့် လက်က လက်ပတ်နာရီကို ကြည့်လိုက်တော့ ငါးနာရီတိတိပဲ။

ဘတ်(စ်)ကားပေါ်မှာ လူတွေ ပြည့်သိပ်နေကြတယ်။ ရန်ကုန်မှာ ဘတ်(စ်)ကား လူကြပ်တယ် ဆိုတာ ဘာဟုတ်သေးသလဲ။ ကျွန်တော်တို့ရွာက ကားက အထဲမှာတင် လူကြပ်တာ မဟုတ်ဘူး၊ မော်တော်ကား ခေါင်မိုးပေါ်မှာလည်း လူတွေ အပြည့်၊ တချို့က မော်တော်ကားရှေ့ စက်ခေါင်းပေါ်၊ ဘီးဖုံးပေါ်မှာ ထိုင်လိုက်လာကြတယ်။ တချို့က မော်တော်ကားရှေ့ခန်း ဒရိုင်ဘာရဲ့ဘေးက နင်းခုန်ပေါ်မှာ ထိုင်မတ်တပ် ရပ်လိုက်လာကြတယ်။ မော်တော်ကားကို ကောင်းကောင်း မမြင်ရဘူး။ အဝေးကနေကြည့်ရင် ဖုန်လုံးကြီးထဲမှာ လူပဒေသာပင်ကြီး တစ်အိအိ ရွေ့လာသလိုပဲ။

ကားဒရိုင်ဘာကလည်း မော်တော်ကားလိုပဲ အသက်ကြီးကြီးရယ်၊ ကျွန်တော့် အထင်တော့ အနည်းဆုံး အသက် ခြောက်ဆယ်လောက်တော့ ရှိပြီထင်တယ်။ ဝါရင့်နေတဲ့ စတစ်ကော်လာရှပ်အင်္ကျီလက်ရှည်နဲ့၊ ချည်ကြမ်းလုံချည်ကို ဝတ်လို့ ခေါင်းမှာ မျက်နှာသုတ်ပုဝါကို ဘိုသီဘတ်သီ ပေါင်းထားတယ်။ သူ့လက်မောင်း တစ်ဖက်တစ် ချက်မှာ အိမ်မြှောင်ရုပ် အတက်အဆင်း တစ်ကောင်စီ ထိုးထားတယ်။ အသားက အညာသားပြီပြီ နေလောင်လို့ ညိုမွဲနေပြီး ဒုတိယ ဒီဂရီလောက်အထိ မျက်ခမ်းစပ်လိုက်သေးတယ်။ သူ့ကို ခရီးသည်တွေ အားလုံးက ဆရာစံလို့ ခေါ်ကြတယ်။ သူ့နာမည်ရင်းက ဦးဘစံတဲ့။ ကျွန်တော်တို့နယ်သားပဲ၊ သူလည်း ဒရိုင်ဘာသက် မသေးတော့ဘူး။ အနည်းဆုံးရှိရင် အနှစ်သုံး လေးဆယ် ရှိရောပေါ့။ ကျွန်တော်တို့ရွာက တစ်စင်းတည်းသောကားရဲ့ တစ်ဦးတည်းသော ဒရိုင်ဘာလေ။ ရွာမှာ ကားမောင်းတတ်တဲ့သူဆိုလို့ သူတစ်ယောက်ပဲ ရှိတယ်။

ကျွန်တော်တို့ရွာကလေးက ဧရာဝတီမြစ်ရဲ့ အနောက်ဘက် တော်တော်ချောင်ကျတဲ့ နေရာမှာဆိုတော့ ခုထိ မော်တော်ကားကို မမြင်ဘူးတဲ့ လူတွေရှိသေးတယ်။ မော်တော်ကား ရွာနားက ဖြတ်မောင်းရင် ကလေးတွေက ဝိုင်းလိုက်ကြတယ်။ တချို့က ကားပေါ်ကို အတင်းတွယ်တက်တယ်။ တချို့ အသက်ခပ်ကြီးကြီးတွေကတော့ ထွက်ကြည့်ရုံလောက်ပါပဲ။ အဆိုးဆုံးကတော့ ကလေးတွေပဲ။ တစ်လောကတင် ကလေးတစ်ယောက် မော်တော်ကား နောက်မြီးကို ခိုစီးတာ လိမ့်ကျလို့ ဆေးရုံကို ပို့လိုက်ရသေးသတဲ့။

ကားပေါ်မှာ ပြောလာတဲ့ အကြောင်းတွေကတော့ အစုံပါပဲ။ ဆန်ဈေး၊ ဆီဈေး၊ ဆားဈေး၊ နွားဈေး၊ စပါးဈေး အကြောင်းလည်း ပါတယ်။ ဘုန်းကြီးပျံအကြောင်းလည်း ပါတယ်။ ဇာတ်ပွဲအကြောင်းလည်း ပါတယ်။

ဆရာစံ ခေါ် ဦးဘစံ မောင်းတဲ့ သိန္ဓဝ မော်တော်ကားကြီးဟာ လှည်းလမ်းစောက်ရာတွေ ထင်နေတဲ့ လမ်းတစ်လျှောက်မှာ တအိအိမောင်းလာတယ်။ မြန်မြန်မောင်းလို့မရဘူးလေ၊ လမ်းက လှည်းလမ်း၊ အဲဒီလှည်းလမ်းမှာ လှည်းဘီးရာတွေက တစ်ချို့နေရာတွေမှာ တစ်တောင်လောက်နက်တဲ့ စောက်ကြီးတွေ ဖြစ်နေတယ်။ ဒီတော့ ဆရာစံဟာ အဲဒီလှည်းစောက်နှစ်ခုကြားမှာ ခွပြီး မောင်းရတယ်။ စောက်ထဲကို ဘီးချော်ကျသွားရင် ဒီ မော်တော်ကားကြီးဟာ ဘေးတိုက်လဲကျမှာ သေချာတယ်။ ဒါကြောင့် ဖြေးဖြေးမောင်းရတာ။ ဒီအထဲမှာ လမ်းကြောင်းကလည်း ကျဉ်းသေးတယ်။ လမ်းဘေး တစ်ဖက်တစ်ချက်မှာ နဘူးခြုံတွေ ရှိတယ်။ တစ်ခါတစ်လေမှာ ယာခရိုးမှာ ပေါက်နေတဲ့ တန်ဆောင်းပြသာဒ်ပင်တွေ ရှိတယ်။ နဘူးကိုင်းနဲ့ရိုက်မိရင် မသက်သာဘူး။ အဲ... တန်ဆောင်းပြသာဒ်ပင်တွေနဲ့ တိုးရင်တော့ ဆူးတွေနဲ့ငြိပြီး မျက်နှာစုတ်ပြီလို့သာ မှတ်ပေတော့။

ကျွန်တော်တို့ မော်တော်ကားကြီးဟာ အဲဒီတောလမ်းကလေးပေါ်မှာ တအိအိ မောင်းလာတယ်။ ဘယ်ဆိုးလို့တုန်း သူ့ဒေသနဲ့၊ သူ့မော်တော်ကားနဲ့၊ သူ့ဒရိုင်ဘာနဲ့တော့ ချောလို့။

နာရီကို ကြည့်လိုက်တော့ ခြောက်နာရီထိုးနေပြီ။ နေလုံးက အရှေ့ဖက်တောတန်းတွေပေါ်က ထွက်လာတယ်။ ယာခင်းထဲမှာ ပျံလွှားတွေက အုပ်ဖွဲ့ပြီးပျံနေကြတယ်။ ထန်းတောညိုညိုတွေထဲမှာ မြူတွေရစ်ဝဲနေတယ်။

ကျွန်တော်ဟာ ကားပေါ်မှာ အတွင်းဖက် လှည့်ထိုင်နေရာက ဒီရှုခင်းတွေကို လည်ပြန် လှည့်ကြည့်လိုက်လာတယ်။ ဒီလောက် ကျပ်သိပ်နေတဲ့ခရီး၊ ဒီလောက်ဆိုးတဲ့လမ်းမှာ ဒီလိုလှပတဲ့ ရှုခင်းကလေးတွေ ကြည့်စရာရှိလို့ တော်သေးတာပေါ့။

ဒီလိုရှုခင်းကို ကြည့်ပြီး အရသာခံလာတုန်းမှာ မြည်ဟည်းတဲ့ အသံကြီးတစ်သံ ထွက်လာပြီး မော်တော်ကားဟာ ထိုးရပ်သွားတယ်။ ကားပေါ်က အလန့်တကြားအော်သံတွေ၊ ယောင်သံယမ်းသံတွေ၊ ရယ်သံတွေ ပေါ်လာတယ်။ ဘာမှတော့ မဖြစ်ပါဘူး မော်တော်ကား ထိုးရပ်သွားတာပဲ ရှိပါတယ်။ စုံစမ်းကြည့်တော့ ဘီးပေါက်တာ တဲ့။

ကားပေါ်က လူတွေဆင်းပြီး ကားကို ဂျိုက်ထောက်ကြတယ်။ ပြီးတော့ ဘီးလဲကြတယ်။ ဘီးပိုပါလို့ တော်သေးတာပေါ့။ သူတို့ဖြုတ်လာတဲ့ ကျွန်တော်လှမ်းကြည့်လိုက်တယ်။ ဟုတ်တာပေါ့ အမဲရိုးကြီး တန်းလန်းကြီးစူးလို့ ဒူးရိုးကြီး ထင်ပါရဲ့။ ကားက အပေါ်က ဝိတ်များတော့ အမဲရိုးကို တက်အနင်းလိုက်မှာ ဘီးပေါက်သွားတာ။ ဘီးကလည်း ပေါက်မယ်ဆိုရင် ပေါက်ချင်စရာပဲ၊ ဘီးမှာ ပန်းတွေ ဘာတွေ မရှိတော့ဘူး။ တာယာက ကော်ပတ်တိုက်ထားသလို ပြောင်ချောနေပြီ။
ဆရာစံရဲ့ တာယာကလေး ဘာလေး လဲပါဦး” လို့ အဖွားကြီးတစ်ဦးက လှမ်းပြောတယ်။
တာယာအသစ်လဲဖို့ပြောတာပဲ အောင်ရေ...ဒါပေမယ့် ကားအုံနာကို အကြောင်း သိတယ် မဟုတ်လား သူက ကားတာယာ တစ်လုံး တစ်လုံးကို ထောင်ချီပေးရတာတဲ့၊ မလဲနိုင်ဘူး” တဲ့။

ကားဆရာ ဦးဘစံနဲ့ စပယ်ယာဟာ ကားဘီးကို ချွတ်လဲနေကြတယ်။ စပယ်ယာကလည်း အသက် မငယ်တော့ဘူး။ ရှိရင် ငါးဆယ်ကျော် ခြောက်ဆယ်နီးပါး ရှိနေပြီ။ ဦးဘစံနဲ့ မတိမ်းမယိမ်းပဲ၊ ယောင်ကြီးထုံးလို့။

ကားဘီးကိုလဲတာ နာရီဝက်လောက်ကြာတယ်။ ခြောက်နာရီခွဲနေပြီ ပေတရာလမ်းဆုံကို မရောက်သေးဘူး။ ကျွန်တော်တို့ရွာနဲ့ ပေတရာလမ်းဆုံက ဆယ်မိုင်လောက်ရှိတယ်။ ခုမှ လမ်းဆုံကိုရောက်ဖို့ လမ်းတစ်ဝက်ပဲ ရှိသေးတယ်။ တစ်နာရီခွဲလောက်ရှိတာတောင် ငါးမိုင်ပဲ ရောက်ပါသေးကလား။ အေးလေ ပေတရာပေါ် မရောက်သေးလို့ ဖြစ်မှာပေါ့။ ပေတရာပေါ် ရောက်ရင် သည့်ထက်တော့ မြန်မယ်လို့ ထင်ရတာပဲ။

ဘီးလဲပြီး မော်တော်ကားထွက်လာတယ်။ ဘာမှ မကြာပါဘူး ကားထိုးရပ်သွားတယ်။ “ရေဆူနေပြီဟေ့” လို့ ရှေ့ခန်းက ဆရာစံက လှမ်းပြောလိုက်တယ်။ စပယ်ယာက ခုန်ကြားထဲက ပလပ်စတစ်ပုံး တစ်ပုံးးကို ဆွဲထုတ်လာပြီး စက်ခေါင်းဆီ ဆင်းသွားတယ်။ ဒီနားတစ်ဝိုက်မှာ ရေရှားတယ်လေ၊ တစ်ချို့ဟာတွေဆိုရင် ရေကန်မှာ ရေခန်းလို့ လေး ငါး ခြောက်မိုင်လောက်ထိသွားပြီး ရေစည်လှည်းနဲ့ ရေတိုက်ရတယ်။ ဒီနားတစ်ဝိုက်မှာ မော်တော်ကားရေဆူလို့ ရေထည့်ချင်ရင် ဘယ်မှာမှ ရေရှာလို့ ရမှာ မဟုတ်ဘူး။ ဒါကြောင့် ကိုယ့်ကားပေါ်မှာ ရေအလုံအလောက် ထည့်လာရတယ်။

နောက်တော့ ချောချောမောမောပါပဲ။ နောက်ထပ် တစ်စုံတစ်ရာ မဖြစ်ပဲ ကျွန်တော်တို့ရွာသွားတဲ့ လမ်းခွဲနဲ့ ပေတရာလမ်းဆုံမှာရှိတဲ့ တစ်ဝက်ဇရပ်ကလေးကိုရောက်တယ်။

တစ်ဝက်ဇရပ်ကလေးမှာ ရေအိုးစင်ကလေးရှိတော့ ရေဆာနေတဲ့သူက ရေသောက်ကြတယ်။ မော်တော်ကားကလည်း ကာဘရေတာပူလို့ ခဏရပ်ဦးမယ်ဆိုပြီး ရပ်ပေးတယ်။

နာရီကို ကြည့်လိုက်တော့ ၇-နာရီထိုးနေပြီ၊ အားပါးပါး ရွာကထွက်လာတာ နှစ်နာရီတင်းတင်းရှိပြီ၊ ခုမှ ဆယ်မိုင်ပဲ ရောက်ပါသေးကလား။ မြို့က မိုင်လေးဆယ် ဝေးတယ်။ နောက်ထပ် မိုင်သုံးဆယ် သွားရဦးမယ်။

တစ်ဝက်ဇရပ်ကလေးမှာ နားနေရင်း ကျွန်တော့်အသိအကျွမ်းဟောင်း တစ်ယောက်ကို သွားတွေ့တယ်။ စောစောက ကားဒရိုင်ဘာဆရာစံက အောင် လို့ ခေါ်တဲ့ အဖွားကြီးလေ။

သည်နာမည်ကို ကျွန်တော်ကြားဖူးပါတယ်လို့ အောက်မေ့နေတာ၊ ခုမှ ကျွန်တော် သတိရတယ်။ ကျွန်တော်တို့ ငယ်ငယ်တုန်းက တစ်ရွာလုံး သူ့ကို “အောင်” လို့ ခေါ်ခဲ့ကြတယ်။ သူ့နာမည်ရင်းက ဒေါ်ငွေအောင် တဲ့။

ဟုတ်တယ် ကျွန်တော်တို့ရွာမှာ ပထမဆုံးစပြီး မော်တော်ကားထောင်တဲ့ ကားအုံနာ ဦးသာဒွန်းရဲ့ဇနီး။ ကြည့်စမ်း သူနဲ့မတွေ့တာ နှစ်ပေါင်း လေးဆယ်ရှိသွားပြီ။ ကားပေါ်မှာ လူတွေကလည်းကြပ်၊ မနက် ဝေလီ ဝေလင်းလည်း ဖြစ်တော့ ကားပေါ်မှာ ပါလာတဲ့လူတွေကို တစ်ယောက်နဲ့ တစ်ယောက် သေသေချာချာ မကြည့်မိကြဘူး။ ခုတစ်ဝက်ဇရပ်ကလေးမှာ နားမှပဲ လူစုံမြင်ရတော့တယ်။

အောင်က ကျွန်တော့်ထက် အနှစ် နှစ်ဆယ်၊ အစိတ်လောက်ကြီးမှာပေါ့။ ခုဆို အသက် ၇၅-နှစ်လောက် ရှိပြီထင်တယ်။ သူလည်း မြို့ကို ပြောင်းနေပြီတဲ့ ရွာကိုခဏပြန်လာတာတဲ့၊ မနေ့ကလည်း တစ်ခြားရွာကို ကူးနေတော့ ကျွန်တော်ရောက်နေမှန်း မသိဘူးတဲ့။

သူ့ယောင်္ကျား ဦးသာဒွန်းကတော့ ဆုံးသွားပြီတဲ့၊ ရေဖျဉ်းစွဲတဲ့ ရောဂါနဲ့တဲ့။

ဟုတ်မှာပဲ။ ကျွန်တော်ငယ်ငယ်ကတည်းက ဦးသာဒွန်းကို မြင်ဘူးတယ်၊ ဦးသာဒွန်းက အဲဒီတုန်းက ကျွန်တော်တို့ရွာမှာ ပထမဆုံး ကားအုံနာ၊ သူကိုယ်တိုင် ကားမောင်းတယ်။ သူကိုယ်တိုင် ကားပြင်တယ်။ ဒါပေမယ့် ဦးသာဒွန်းကားကို ကျွန်တော်ကောင်းကောင်းမမီလိုက်ဘူး။ ကျွန်တော်လူမှန်းသိတဲ့ အရွယ်ရောက်တော့ ဦးသာဒွန်းက ကားအုံနာ မလုပ်တော့ဘူး။ ဦးအဲက ကားအုံနာ ဖြစ်နေပြီ၊ ကျွန်တော်တို့ အခု စီးလာတဲ့ မော်တော်ကားကြီးရဲ့ နာမည်ပဲ။ သိန္ဓဝ တဲ့၊ ငယ်ငယ်တုန်းက ညနေ မော်တော်ကားကြီး မြို့က ပြန်လာချိန်ဆိုရင် ကျွန်တော်တို့တစ်တွေလည်း ရွာထိပ်က တမာတန်းကို ထွက်ပြီး သွားကြိုလေ့ ရှိတယ်။ ကားကြီးနောက်မြီးကို ခိုစီးကြတာ တစ်ပျော်တစ်ပါး၊ လိမ့်ကျမှာတို့ ဘာတို့ကို ကြောက်ရမှန်း မသိဘူး။

နောက်တော့ ကျွန်တော်တို့ရွာမှာ ဦးသာဒွန်းက မြို့ကို ပြောင်းသွားပြီး ပွဲစားလုပ်တော့ အဲဒီကားဟာ ဦးအဲရဲ့လက်ထဲမှာ၊ ကျွန်တော်မှီလိုက်တာက ဦးအဲရဲ့ကား စစ်ဖြစ်ခါနီးကျတော့ အဲဒီကားဟာ ဦးဖိုးထိုက်ရဲ့လက်ထဲဆီ ရောက်သွားတယ်။

ဒီလောက်ပဲ ကျွန်တော်မှတ်မိတယ်။ ဂျပန်ခေတ်ကျတော့ ကျွန်တော်တို့ရွာကလေး စစ်လမ်းကျလို့ ကျွန်တော်တို့လည်း တစ်ခြားရွာကို ထွက်ပြေးခဲ့ကြတယ်။

အဲဒီတုန်းက ဓာတ်ဆီလည်း မရှိဘူး မဟုတ်လားကွဲ့၊ ဒီတော့ တို့ရွာတောင်ဘက်နားက လက်ဆွဲရေနံတွင်းကို ရေပုန်းနဲ့ငင်ပြီး ဓာတ်ဆီချက်ကြတယ်လေ၊ ဓာတ်ဆီက အဝါရေတွေကွဲ့၊ ဖြူမနေဘူး။ ကိုဖိုးထိုက်တို့က အဲဒီ ဓာတ်ဆီနဲ့ မော်တော်ကား ဆွဲတယ်။ နောက်တော့ ဂျပန်က သူ့မော်တော်ကားကို ခဏခဏချောဆွဲတာနဲ့ တစ်စစီ ဖြုတ်ပစ်လိုက်တယ်။ ဂျပန်လာပြီး ချောဆွဲတော့ ကိုဖိုးထိုက်က ဖျက်ထားတဲ့ သူ့ကားကို လက်ညိုးထိုးပြလိုက်တယ်လေ။ ဒီတွင် ဘယ်သူသွားပြီး တို့မီး ရှို့မီးလုပ်လို့လည်း မသိဘူး၊ ကိုဖိုးထိုက်လည်း ဂျပန် အရိုက်ခံရသေးတယ်။ ဂျပန်ခေတ်တစ်ခေတ်လုံး သူ့ကား သံတိုမယ်နပုံအဖြစ် ပစ်ထားလိုက်တာ နည်းတဲ့နှစ်လား၊ ဂျပန်အုပ်စိုးတဲ့ သုံးနှစ်လုံးလုံးပေါ့”

အောင်က ကျွန်တော့်ကို အဲဒီကားရဲ့ ရာဇဝင် ပြောပြတယ်။

စကားကောင်းနေတုန်းမှာ ကားထွက်မယ် ဆိုတာနဲ့ ကျွန်တော်တို့ ဘတ်(စ်)ကားကြီး တအိအိ နဲ့ ထွက်လာတယ်။

ပေတရာဆိုပေမယ့် ကတ္တရာခင်းထားတဲ့ ပေတရာ မဟုတ်ဘူး။ ဟိုတုန်းက ဒိစတြိကောင်စီ လက်ထက်က ကျောက်လမ်းခင်းထားတဲ့လမ်း၊ စောစောက ကျွန်တော်တို့သွားခဲ့တဲ့ လမ်းခွဲထက် နည်းနည်းကျယ်တာကလွဲလို့ ကျန်တာတော့ အတူတူပါပဲ။ လမ်းပေါ်မှာ လှည်းတွေဖြတ်မောင်းလို့ လှည်းဘီးရာ ဇောက်ကြီးတွေ ထင်နေတယ်။ ဒီအထဲမှာ လှည်းတွေကလည်းဖြတ်မောင်းနေလို့ သူတို့ကိုကျော်ရတယ်။ သူတို့ကိုက လမ်းဘေးဆင်းရှောင်ပေးပါရဲ့၊ ဒါပေမယ့် သိတဲ့အတိုင်း နွားတွေက မော်တော်ကားကို စိမ်းနေတဲ့ နွားတွေမဟုတ်လား။ ဒါကြောင့် လှည်းတစ်စီး လမ်းဘေးဆင်းရှောင်ပြီ ဆိုရင် အနည်းဆုံး ဆယ်မိနစ်လောက်ကြာတယ်။

ဒီကြားထဲမှာ ထန်းဘူးတောဆိုတဲ့ ရွာနားရောက်တော့ တံတားပျက်နေလို့တဲ့ တံတားအောက် လျှိုကြီးထဲ ဆင်းရတယ်။ အတက်ကျတော့ သိန္ဓဝ ဘယ်မှာ တက်နိုင်မှာလဲ။ ဒီတော့ အားလုံး ကားပေါ်က ဆင်းပေးကြရတယ်။ တစ်ဘက်ထိပ်ရောက်တော့မှ ပြန်တက်၊ ကားကိုဆက်မောင်း။

ဘာကြာလို့လဲ လေး ငါးမိုင်လောက်လည်း မောင်းမိရော စက်ထိုးရပ်သွားတယ်။ ဘာဖြစ်လို့လဲမေးတော့ ဆီပိတ်လို့တဲ့။ တော်သေးတာပေါ့၊ ဒီတွင် ရောင်ကြီးဘွေနဲ့စပယ်ယာက ဆင်းပြီး ပါးစပ်နဲ့မှုတ်တယ်။ မရဘူး။ ကားက ဆီမလိုက်ဘူး။ နောက်ဆုံးတော့ မော်တော်ကားလေထိုးတံကြီး ယူလာပြီး မှုတ်ရတယ်။ အဲဒီနားမှာ နာရီဝက်လောက်ကြာတယ်။ နောက် ကျောက်ဆောက်ဆိုတဲ့ ရွာနားရောက်တော့ ဖွတ်ချက် ဖွတ်ချက်နဲ့ လာနေတဲ့ ကားဟာ ထိုးရပ်သွားပြန်တယ်။ ကားပေါ်က ပါလာတဲ့ လူတွေကတော့ ခပ်ပျော်ပျော်ပဲ၊ အချိန်နောက်ကျမှာ၊ ထမင်းစားနောက်ကျမှာ ကားပျက်လို့ ကရိကထများတာတွေကို ဘာမှပူပန်ပုံ မရဘူး။ သူတို့အဖို့ ရိုးနေသလိုပဲ၊ ကျွန်တော်ဖြင့် သူတို့ကိုကြည့်ပြီး အံ့သြလို့မဆုံးဘူး။ တို့မြန်မာလူမျိုးများဟာ တော်တော် အပူပင်၊ အကြောင့်အကြ နည်းတဲ့လူမျိုးပါလား ဆိုပြီး အံ့သြရမလား ဂုဏ်ယူရမလား မသိဘူး။

ဆရာစံက ကားကို စက်နှိုးကြည့်တယ်။ မရဘူး။ ဒါနဲ့ ရောင်ကြီးဘွေစပယ်ယာ ဆင်းပြီး ဂေါက်လှည့်ခိုင်းတယ်။ ရောင်ကြီးဘွေစပယ်ယာလည်း ကားကို ဂေါက်လှည့်တာပဲ၊ သူ့ခမြာချွေးဒီးဒီးကျလို့၊ ဒါပေမယ့် ကားစက်က မနိုးဘူး။ အချိန်က မနက် ဆယ်နာရီလောက် ရှိနေပြီ။

ဒေါ်ငွေအောင်က “ဘစံ၊ နင်ကလည်း ကားသာမောင်းနေတယ်၊ စက်ခေါင်းလေးဘာလေး ဖွင့်ကြည့်ဦးမှပေါ့ဟဲ့။ ပလပ်ကို ဆီမရိုက်ဘူး ထင်တယ်” လို့ ပြောတယ်။

ဆရာစံက ကားအောက်ဆင်းပြီး စက်ခေါင်းဖုံးကို ဖွင့်ကြည့်တယ်။ ဟုတ်တယ် ဟုတ်တယ်၊ ပလပ်ကို မီးမလာဘူး။ ဒီတွင် ပလပ်တွေကို ဖြုတ်ပြီးဆေးရပြန်ရော။

အောင်က ကားအကြောင်းတော်တော် နားလည်သားပဲ လို့ ကျွန်တော်ပြောတယ်။ အုံနာကတော် လုပ်လာတာ အသက်နှစ်ဆယ်လောက် ကတည်းက အသက်ခြောက်ဆယ်လောက်လုပ်လာတာပဲကွယ် ဒီလောက်တော့ နားလည်တာပေါ့၊ ဒီကားက အစတုန်းက အောင်တို့ကားလေ၊ သိန္ဓဝ ဆိုတဲ့ နာမည်က ဘုန်းကြီးက မှည့်ပေးတဲ့ နာမည်၊ ကိုသာဒွန်းရှိတုန်းက အောင်တို့က ဒီကားနဲ့ပဲ လုပ်ကိုင်စားခဲ့ကြတာပဲ။

ဒီမှာတွင် ကျွန်တော် ဒီကားကို တော်တော်စိတ်ဝင်စားသွားတယ်။ ဟုတ်လား ဒါ အောင် တို့ကားကြီးပဲလား။ ဟုတ်ပါ့တော် ဒီကားကြီးက အစတုန်းက အာရ်အေ နံပါတ်နဲ့ ဟိုတုန်းက မော်တော်ကားနံပါတ်တွေက ခုခေတ်လို စလုံးတို့၊ ဆလိမ်တို့ ဓအောက်ချိုက်တို့ မသုံးသေးဘူးကွဲ့။ အာရ်အေ၊ အာရ်ဘီ၊ အာရ်စီ။ ကကြီးနံပါတ် ခခွေးနံပါတ်ပေါ့ကွယ်၊ အာရ်အေနံပါတ်ဆိုတာ ဘယ်လောက်ကြာပြီလဲ စဉ်းစားကြည့်တော့ပေါ့။ နောက်ကျမှ ကကြီးနံပါတ်၊ စလုံးနံပါတ်တို့ ဖြစ်လာတာ၊ ဒီကားရဲ့အသက်က နည်းလို့လား၊ မင်းအသက်ထက်တောင် ကြီးတာပေါ့။

ကျွန်တော်ပင် ငါးဆယ်ကျော် ခြောက်ဆယ်နား ကပ်နေပြီ။ သည်ကားက ကျွန်တော့်ထက် အသက်ကြီးတယ်ဆိုတော့ ခြောက်ဆယ်ကျော်ရောပေါ့။

အမယ်လေး အများကြီးကျော်တာပေါ့၊ ဒီကားကို အောင် တို့ဝယ်တုန်းက ၁၉၃ဝ ခုကွဲ့။ ၁၉၃ဝ ဆရာစံအရေးတော်ပုံကြီးပေါ်တုန်းက ဝယ်တာ။ အောင်တို့လက်ထဲမှာ ဆယ့်ငါးနှစ်လောက် ဆွဲလိုက်တယ်။ နောက်တော့ ဦးအဲ ကို ရောင်းလိုက်တယ်။ ဦးအဲကနေ စစ်ဖြစ်ခါနီးတော့ ကိုဖိုးထိုက် လက်ကိုရောက်သွားတယ်။ စစ်ဖြစ်တော့ ကိုဖိုးထိုက်အိမ်မှာ ဒီအတိုင်းပစ်ထားတယ်။ စစ်ပြီးတော့ အမေရိကန်စစ်တပ်က ကားတွေလေလံပစ်လို့ ကိုဖိုးထိုက် အဲဒီကားတွေကို လေလံဆွဲတယ်။ ပြီးတော့ ဂျပန်ခေတ် တစ်ခေတ်လုံး ပစ်ထားတဲ့ သိန္ဓဝ ကိုလည်း ပြန်ပြင်တယ်။ ကိုဖိုးထိုက်ဟာ ခေါင်းတိုတွေ၊ ခေါင်းရှည်တွေကို ပြင်လိုက်၊ ရောင်းလိုက်သာလုပ်တာ သိန္ဓဝ ကိုတော့ မရောင်းဘူး။ သူကိုယ်တိုင်ဆွဲတယ်။ ပြည်တွင်းဆူပူမှုတွေဖြစ်တော့ ကိုဖိုးထိုက် ကားကြီးကို သူပုန်က သိမ်းသွားတယ်။ သူပုန်တွေ ပြန်ဆုတ်သွားတော့ ကိုဖိုးထိုက် ကိုသူပုန်ကို ကားပေးရမလားဆိုပြီး ရုံးတင် တရားစွဲခဲ့ကြတယ်။ အမှုကတော့ နိုင်ပါရဲ့။ ဒါပေမယ့် ကိုဖိုးထိုက် က ဒီကားကို စိတ်ညစ်လာတာနဲ့ တစ်ယောက်လက်ထဲကို ရောင်းလိုက်တယ်။ သူ့လက်ကနေ ဒီကားကို ငသရောက်ဖက်က အုံနာတစ်ယောက်ဝယ်သွားတယ်။ အဲဒီမှာ ညောင်းဦး-ငသရောက် ကို လေးငါး ဆယ်နှစ်လောက် ဆွဲမယ်ထင်တယ်။ အဲဒီနောက် တောင်သာက ဦးဆိုးပုံ ဝယ်သွားပြီး တောင်သာနဲ့ ဇဂျမ်း ကန်မြဲကို ဆွဲတယ်။ နောက် ဒီကားဟာ ပခုက္ကူဘက်ကို ပြန်ရောက်လာပြီး ရေစကြို နဲ့ လင်းကတော့ ဆွဲတယ်။ အဲဒီလမ်းမှာလည်း ဆယ်နှစ်လောက်ကြာတယ်။ အဲဒီနေ့က မြစ်ခြေကိုရောက်လာပြီး မြစ်ခြေနဲ့ကမ္မ ဆွဲတယ်။ နောက်ဆုံး ဦးသံမှိုက ဝယ်လိုက်တော့ အောင် တို့ရွာ ပြန်ရောက်လာတယ်။ ဒီကားကြီးဟာ နည်းတဲ့ ဆားဗစ်လားကွဲ့။

ကျောက်ဆောက်ကထွက်တော့ ဝက်ကျဆိုတဲ့ ရွာကိုရောက်တယ်။ မနေ့ညက မိုးရွာထားလို့ ဝက်ကျချောင်းနားမှာ ကားက ရွံဗွက်ထဲနစ်သွားတယ်။ ဒီနေရာက တော်တော်ဆိုးတဲ့နေရာ ကျွန်တော် မကြာခဏ သွားဖူးတာပေါ့၊ ရွံကကျစ်မြေစေးတွေ သိပ်ချောတာ၊ မော်တော်ကားဟာ ဝက်ကျရွာနားက ဗွက်ထဲမှာ အမြဲတန်းလိုလိုနစ်တာပဲ။ ဒီလမ်းသွားဖူးတဲ့ ကားတွေထဲမှာ ဝက်ကျဗွက်ကို မနစ်ဖူးတဲ့ ကားရယ်လို့မရှိသလောက်ပဲ။

အဲဒီမှာ သစ်ကိုင်းတွေခုတ်၊ မြေပဲရိုးတွေခင်း တုံးတွေခုပြီး ကားကို မနည်း ဆွဲထုတ်ခဲ့ရတယ်။ တစ်နာရီလောက်ကြာမယ် ထင်တယ်။

နေ့လည် ၁၂-နာရီ မြို့ကို ရောက်မယ်လို့ မှန်းထားတာ ခုတော့ သည် မျှော်လင့်ချက်ကို ကျွန်တော် စွန့်လိုက်ပြီလေ။

ဘတ်(စ်)ကား ဝက်ကျချောင်း ကမ်းထိပ် ဗွက်ထဲက ရုန်းထွက်ပြီး တအိအိနဲ့ မောင်းလာတယ်။ ရှေ့နားကျတော့ ချောင်းကျယ်ကြီး တစ်ခုတွေ့ရတယ်။ ကိုင်းချောင်းပ၊ ချောင်းကြီးက နည်းတဲ့ချောင်းကြီး မဟုတ်ဘူး။ နှစ်မိုင်လောက် ကျယ်လိမ့်မယ်ထင်တယ်။ အညာချောင်းဆိုတော့ ရေမရှိဘူး။ ချောင်းချောက်ကြီး။

ကိုင်းချောင်းကျတော့ ကားကြီးတစ်ခါနစ်ပြန်တယ်။ ဒီတစ်ခါနစ်တာက ဗွက်ထဲမှာ နစ်တာမဟုတ်ဘူး။ သဲထဲမှာ နစ်တာ။ ဒီတော့ ကားပေါ်က လူကုန်ဆင်းပြီး ဝိုင်းတွန်းကြရတယ်။ ကမ်းပါးထိပ်ရောက်တော့ ရေဆူလို့ ရေတစ်ခါထည့်ရပြန်တယ်။ နောက် အင်ပင်ချောင်း အဆင်းကျတော့ ဘရိတ်ပေါက်သွားတယ်။ ကံကောင်းလို့ မမှောက်တာပေါ့။ ကားပေါ်က ခရီးသည်တွေကတော့ မကြောက်ဘူး။ ရယ်တောင်နေလိုက်ကြသေးတယ်။ သူတို့ ကြည့်ရတာ ပျော်နေကြပုံပဲ။

ဘရိတ်ပေါက်တော့ ဘာတတ်နိုင်မှာတုန်း မြန်နှုန်းကို ပိုလျော့ပြီး ဖြည်းဖြည်း မောင်းရုံပဲပေါ့။ ဂီယာနဲ့ ထိန်းမောင်းရုံပဲပေါ့။ နဂိုကမှ နှေးရတဲ့အထဲ ပိုပြီးနှေးသွားတော့တာပေါ့။ အဲဒီတော့ ညနေ သုံးနာရီလောက်ရှိနေပြီ။ ဘယ်သူမှ ထမင်းမစားကြရသေးဘူး။ တစ်ခါပျက်တုန်းကလည်း လမ်းဘေးက အကြော်တဲကလေးထဲမှာ ဝယ်စားတော့လည်း ကားပေါ်မှာပါတဲ့ လူကုန် မရောင်းနိုင်ဘူး။ အရင်ဦးတဲ့ လူတွေသာ စားလိုက်ကြရတယ်။

သည့်နောက်မှာလည်း မော်တော်ကားဟာ ခဏခဏ ထိုးရပ်တယ်။ ကျွန်တော့် အထင်တော့ ဒီခရီးမှာ မော်တော်ကားဟာ ဆယ့်လေး ငါးခါထက်မနည်း ပျက်တယ်ထင်တာပဲ။

နောက်ဆုံး မြို့နားက ချောက်ကန်ကိုရောက်တော့ ကားပျက်သွားပြန်တယ်။ မြို့ကို မြင်နေရပြီ။

ကျွန်တော်တို့ရွာနဲ့မြို့ဟာ မိုင်လေးဆယ်ပဲ ဝေးတယ်၊ ဒီအတွင်းမှာ မော်တော်ကားပျက်လို့ ရပ်ရတာရော၊ သဲချောင်းနစ်တာရော၊ ဗွက်နစ်တာရော၊ လမ်းပေါ်မှာ လှည်းတွေနဲ့ နွားအုပ်တွေ ရှောင်ရတာရောဆိုရင် အခါ သုံး လေးဆယ်လောက် ရပ်ရတယ်။ ဘီးပေါက်တာချည်း အခါ နှစ်ဆယ်လောက်ရှိမယ်။ ဒါပေမယ့် ကားပေါ်မှာ ပါလာတဲ့ လူတွေကတော့ ပျော်ပျော်ပဲ။ တစ်ယောက်မှ မညည်းဘူး။ အဲ ညည်းတဲ့လူဆိုလို့ ကျွန်တော် တစ်ယောက်ပဲရှိတယ်။ ညည်းလို့လည်း မထူးတော့ပါဘူးလေ မြို့နားရောက်တော့ ညနေ ၆-နာရီ ထိုးနေပြီ။ မြို့ထဲက လျှပ်စစ်မီးတွေကို မြင်နေရပြီ။ ဘယ်လိုလုပ်လို့မှ ရထား မမီနိုင်တော့ပါဘူး။

နောက်ဆုံး မြို့နားရောက်လို့ ပျက်တော့ ကျွန်တော် စိတ်မရှည်နိုင်တာနဲ့ ခြေလျင်ပဲ လျှောက်တော့မယ် ဆိုပြီး လက်ဆွဲအိတ်ကလေး ပခုံးမှာ လွယ်ပြီး ကားပေါ်က ဆင်းတယ်။ ဒီတော့ ဒေါ်ငွေအောင် ကလည်း သူလည်း လိုက်မယ်တဲ့။

ဒါနဲ့ ကျွန်တော်တို့နှစ်ယောက် နှစ်မိုင် နီးပါးလောက် ဝေးတဲ့ မြို့ဆီကို ခြေလျင် လျှောက်လာကြတယ်။

ဒေါ်ငွေအောင် အိမ်ထောင်မကျမီ အပျိုပေါက်အရွယ်ကတည်းက မော်တော်ကား၊ ခု သူ အသက် ၇၅-နှစ်ထဲ ရောက်နေပြီ။ ကျွန်တော် မမွေးခင်ကကား၊ ခု ကျွန်တော် အသက် ၆ဝ နားကပ်နေပြီ။

ဒေါ်ငွေအောင် အဆိုအရဆိုရင် ဒီကားဟာ ၁၉၃ဝ ခုနှစ် ကတည်းက သူတို့လက်ထဲရောက်တာ၊ ရှေ့မှာဘယ်လောက်ပြောင်းခဲ့မယ် မသိသေးဘူး။ ဘာဘဲဖြစ်ဖြစ် ဒေါ်ငွေအောင်တို့ လက်ထဲကို ရောက်တဲ့နှစ်နဲ့ တွက်လိုက်ရင်ကို ဒီကားရဲ့သက်တမ်းဟာ ၆ဝ ရှိနေပြီ။ မူလတုန်းက အာရ်အေနံပါတ်ကြီးနဲ့ကား နောက်တော့ ဟိုပစ္စည်းထည့်၊ ဒီပစ္စည်းထည့်နဲ့ ပြင် ပြင်ပြီးမောင်းနေလိုက်တာ ခုထိပဲ ဆိုပါတော့။

ကျွန်တော့်အထင် ပြောရမယ် ဆိုရင်တော့ ဒီကားဟာ မြန်မာပြည်မှာ အသက်အကြီးဆုံးကား ဖြစ်မယ် ထင်တာပဲ။ သည်ကားရဲ့ ရာဇဝင်က နည်းသလား၊ ခေတ်အဆက်ဆက်ကို ဖြတ်သန်းလာခဲ့တဲ့ကား။

ကားတွင် အိုတာမဟုတ်ပါဘူးလေ၊ ကားမောင်းတဲ့ ဆရာစံလည်း အိုပြီပဲ။ အသက် ၆ဝ ဆိုတော့ ဘယ်မှာ ကားမောင်းလို့ ကောင်းပါတော့မလဲ။ ကား ဒရိုင်ဘာတွင် မကသေးဘူး၊ စပယ်ယာ ရောင်ကြီးဘွေဟာလည်း စပယ်ယာလုပ်ဖို့ မကောင်းတော့ပါဘူး။ ဒီကားကို ပြတိုက်မှာပဲ ထားဖို့ ကောင်းပါတော့တယ်။

ဒေါ်ငွေအောင် ဆီကို ဒီကားရာဇဝင် မေးမြန်းပြီး စကားပြောရင်း လျှောက်လာတုန်းမှာ သိန္ဓဝ ဟာ စက်ပျက်တာကို ပြင်ပြီးလို့ နောက်က ဖွတ်ချက်ဖွတ်ချက်နဲ့ မောင်းလာပြီး လေသားရေ ဟွန်းကြီး တစ်ဘော်ဘော် နှိပ်လိုက်လာတယ်။

ကျွန်တော်တို့နားရောက်တော့ ဆရာစံ ကားကို စက်မသတ်ဘဲ၊ အောင် ရေ လာ ကားပေါ်တက်လေ လို့ လှမ်းအော်တယ်။

ဒီတော့ မြို့ထဲကို ရောက်နေပြီ၊ ဒေါ်ငွေအောင် အိမ်နဲ့ဆိုရင် စိတ်ချ မဝေးတော့ဘူး။

ဘစံရေ အိမ်ရောက်ပြီဟဲ့၊ နင့်ကားကို မစီးတော့ဘူး။ ခြေကျင်သွားတာက သေချာသေးတယ် လို့ ရယ်ရယ် မောမောနဲ့ လှမ်းပြောတယ်။

ကားပေါ်က ကိုဘစံနဲ့ ခရီးသည်တွေက ရယ်မောပြီး ကားကို ဆက်မောင်းသွားတယ်။ သိန္ဓဝ ဟာ၊ လမ်းမီးရောင်တွေနဲ့ ဖုန်လုံးတွေကြား တအိအိနဲ့ ဆက်မောင်းသွားတယ်။ ။


KNU ထုတ်ပြန်ကြေညာချက်

KNU Press Release-July 2010

Tuesday, July 27, 2010

ဝေးဝေးကြည့် နက်နက်တွေး

လူထုစိန်ဝင်း   

        သတင်းစာအလုပ်ကို စွဲလမ်းမြတ်နိုးလွန်းတာကြောင့် တစ်သက်လုံး ဒီအလုပ်တစ်ခုတည်းကိုပဲ လုပ်ခဲ့ပါတယ်။ သတင်းစာမျိုးဆက် ကန်းသွားမှာစိုးတဲ့အတွက် သတင်းစာပညာနဲ့ပတ်သက်တဲ့ စာတွေလည်း အများကြီး ရေးခဲ့ပါတယ်။ ရေးတဲ့အခါမှာ လည်း ကျင့်ဝတ်သိက္ခာပိုင်းဆိုင်ရာကို အထူး အလေးထား ရေးခဲ့ပါတယ်။

အနာပေါ်တုတ်ကျဖြစ်ရှာကြ
       
ဈေးကွက်စီးပွားရေးနဲ့အတူ ပုဂ္ဂလိကဂျာနယ်တွေ ပေါ်ထွန်းလာတဲ့ အခါ၊ ကံစမ်းမဲကိစ္စ၊ လက်ဆောင်ကိစ္စ ဆိုတာမျိုးတွေကြောင့် ဂျာနယ်သမားတွေ နာမည်ပျက်စရာတွေ အများကြီးဖြစ်လာခဲ့ကြတယ်။ ကြော်ငြာကို သတင်းယောင်ဆောင် ရေးသား ထည့်သွင်းတာမျိုးတွေလည်း တွေ့လာရတယ်။ လက်ဆောင်ကြောင့် ဂျာနယ်သမားချင်း ရန်ဖြစ်ရတာတို့၊ ဖိတ်စာဖျောက်တာတို့ဆိုတဲ့ မဖွယ်မရာတွေလည်း မပြတ်ကြားလာရတယ်။ အဲဒါကြောင့် လက်ဆောင်ကို လက် ရှောင်ဖို့ စာတွေအများကြီး ရေးခဲ့တယ်။ စာအုပ်လက်ဆောင်ယူပြီး ကောင်းတယ်ညွှန်းတာမလုပ်ဖို့၊ သံရုံးကလွှတ်လို့ သူတို့နိုင်ငံ အလည်သွားရပြီး၊ ပြန်လာတော့ အားလုံးကောင်း၊ လွှတ်ကောင်း၊ ဆွေမျိုးသာမက နိုင်ငံပါမေ့သွားအောင်ကောင်းဆိုတဲ့ ကျေးဇူးဆပ်စာမျိုးတွေ မရေးဖို့ဆိုတာမျိုးတွေလည်း ထပ်ခါတလဲလဲ ရေးခဲ့တယ်။ ရေးလွန်းအားကြီးလို့ တချို့ခေတ်ပေါ်ဂျာနယ်တွေက ကွယ်ရာကနေ အောက်ကလိအာပြောကြတာတွေ တောင်ခံရတယ်။ အနာပေါ်တုတ်ကျ ဖြစ်ရှာကြတာကိုး။

လူငယ်တစ်ယောက်ကဆုံးမ
       
သူများကိုဆုံးမလွန်းလို့ ၀ဋ်လည်တာထင်ပါရဲ့။ အသက် ၇၀ ကျမှ လူငယ်တစ်ယောက်က ဆုံးမတာ ခံလိုက်ရတယ်။ အင်တာနက်ထဲက ဆုံးမတာဖြစ်လို့ လူငယ်လို့ ပြောလိုက်တာပါ။ ဘယ်သူဘယ်ဝါ မသိပါဘူး။ အင်တာနက်ထဲမှာ ရေးမဆုံး နိုင်ဖြစ်နေကြတဲ့ 'လက်ရောက်ကျူးလွန်မှု' တစ်ခုနဲ့ပတ်သက်ပြီး ဂျာနယ်သမားတွေက ထင်မြင်ချက်လာတောင်းတဲ့အတွက် ထင်မြင်ချက်ကို ပြောလိုက်ပါတယ်။ ဘာအကြောင်းဘာကိစ္စမျိုးနဲ့မှ လူတစ်ဦးတစ်ယောက်ကို ကိုယ် ထိလက်ရောက် ရိုက်နှက်ထိုးကြိတ်တာမျိုး လုပ်ခွင့်မရှိတဲ့အကြောင်း၊ လုပ်ခဲ့ရင် ဥပဒေအရ အပြစ်ရှိတဲ့အကြောင်း ပြောလိုက်တာပါ။ အဲဒီလို ပြောလိုက်ပြီးတဲ့နောက် အင်တာနက်ကနေပြီး 'လူကြီးဖြစ်ပြီး ကိုယ်ဟာကိုယ်မနေဘဲ ဒီလိုကိစ္စမျိုးတွေထဲ ဘာလို့ဝင်ပါနေရတာလဲ' ဆိုတဲ့ စာတက်လာတာကို ဖတ်လိုက်ရပါတယ်။

ဂါရ၀တရားတို့၊ မင်္ဂလာတရားတို့ သိပ်အလေးထားတဲ့ မြန်မာ့လူ့အဖွဲ့အစည်းအတွင်းမှာ ရှေးကမကြုံဖူး၊ မကြားဖူးတဲ့ ရုန့်ရင်းကြမ်းတမ်းမှုတွေ၊ ဟီရိသြတပ္ပ ကင်းမဲ့မှုတွေ၊ ရိုင်းပျစော်ကားမှုတွေ ဒီနေ့ နေရာစုံ၊ နယ်ပယ်စုံမှာ မတွေ့ချင်၊ မမြင်ချင်အဆုံး မြင်တွေ့နေရတယ်။ ဒါမျိုးတွေကို လျစ်လျူရှုထား လိုက်မယ်ဆိုရင်  . . .

မျက်နှာလွှဲရမယ့် ကိစ္စမဟုတ်
       
ပေါ့ပ်နယ်ပယ်ကကိစ္စမို့ ဘာမှမဆိုင်ဘူး။ ၀င်ပါစရာမလိုဘူးလို့ ထင်မယ်ဆို ထင်နိုင်ပါတယ်။ ဒါပေမဲ့ ကိုယ်တိုင်ကဒီကိစ္စကို ငါးစိမ်းတန်းက မိန်းမနှစ်ယောက်နပန်းလုံးတဲ့ ကိစ္စလို မျက်နှာလွှဲထားလိုက်ရမယ့် ကိစ္စမျိုးလို့ မယူဆပါဘူး။ စိတ်ဓာတ် ရေးရာ ဖောက်ပြန်ပျက်စီးမှုတွေ ဘယ်လောက်အထိ ကျယ်ကျယ်ပြန့်ပြန့် နက်နက်ရှိုင်းရှိုင်း ဖြစ်ပွားနေပြီလဲဆိုတာကို ထင်ဟပ်ဖော်ပြနေတဲ့ လက္ခဏာတစ်ရပ်လို့ ယူဆပါတယ်။

ဇာတ်မင်းသားငယ်ကိစ္စ
       
တစ်နေ့က သဘင်အစည်းအရုံးက တစ်ရှိန်ထိုးနာမည်ကြီးလာတဲ့ ဇာတ်မင်းသားငယ်တစ်ယောက်ကို နှစ်နှစ်ဇာတ်မကရလို့ ပြစ်ဒဏ်ချမှတ်ထားတာက သက်ညှာတဲ့အနေနဲ့ တစ်နှစ်လို့ လျော့ချပေးလိုက်တဲ့သတင်း ဂျာနယ်တွေမှာ ဖတ်လိုက်ရတယ်။ ဇာတ်မင်းသားငယ်က ၀န်ချတောင်းပန်တာကိုလည်း တွေ့ရတယ်။ ဖျော်ဖြေရေးလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြုနေတဲ့ သဘင်သည်တစ်ယောက်ကို နှစ်နှစ်ကြီးတောင် ဇာတ်မကရလို့ ပြစ်ဒဏ်ချမှတ်တာဟာ အတော်ပြင်းထန်ပါတယ်။ သာမန်အား ဖြင့် မလုပ်သင့်ပါဘူး။ ဘာကြောင့်များ ဒီလိုပြစ်ဒဏ်ခတ်ရတာလည်း ဆိုတာကို ပြန်လေ့လာလိုက်တော့ အောင်မြင်မှုမာန် သိပ်တက်နေတဲ့ မင်းသားငယ်က ဇာတ်စင်ပေါ်ကနေပြီး စင်အောက်က လှောင်ပြောင်တဲ့ ပရိသတ် ကို ရုန့်ရင်းကြမ်းတမ်းတဲ့ စကားလုံးတွေ စော်ကားတဲ့ အပြုအမူတွေနဲ့ တုံ့ပြန်ပြုမူခဲ့တာကြောင့် ပွဲခင်းထဲမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့ရတယ်။

သွေးနားထင်ရောက်လို့
       
သဘင်အစည်းအရုံးက ငယ်ရွယ်သူမင်းသားလေး သင်ခန်းစာယူနိုင်အောင် တစ်နှစ်ဇာတ်မကဖို့ ပိတ်လိုက်တယ်။ ဒါကို မင်းသားက မထီမဲ့မြင်ပြုပြီး နယ်ပွဲတွေမှာ ၀င်ရောက်ဖျော်ဖြေတာတွေ လုပ်တယ်။ သဘင်အ စည်းအရုံးကသိတော့ စည်းကမ်းဖောက်ဖျက်မှုကြောင့် မူလပြစ်ဒဏ် တစ်နှစ်အစားနှစ်နှစ်ဆိုပြီး အပြစ်တိုးလိုက်တယ်။ ဒီတင်မင်းသားငယ်က လာရောက်ဝန်ချတောင်းပန်လို့ လူကြီးတွေက ဆုံးမပြောဆိုပြီး ပြစ်ဒဏ်လျော့ပေါ့ပေးလိုက်တာပါ။ ဒါအင်မတန် သင့်လျော်တဲ့ လုပ်ရပ်ဖြစ်ပါတယ်။ မင်းသားငယ်အနေနဲ့ အောင်မြင်မှုကြောင့် သွေးနားထင်ရောက်ပြီး ဘယ်သူ့မှ ဂရုစိုက်စရာမလိုဘူးဆိုတဲ့ စိတ်ဓာတ်နဲ့ ပထမသူ့ထမင်းရှင် ပရိသတ်ကို မထီမဲ့မြင်လိုက်တယ်။ နောက်တော့ သဘင်လောကရဲ့ လူကြီးသူမတွေကိုပါ ဂရုစိုက်ဖို့ မလိုဘူးလို့ ယူဆပြီး ထင်ရာစိုင်းလုပ်ခဲ့တယ်။

ထမင်းရှင်ကို မပြစ်မှားနဲ့
       
အခုတော့ ကလေးကနောင်တရပြီး လူကြီးတွေကို ၀န်ချတောင်းပန်တယ်။ နောက်နောင်မဖြစ်စေဖို့ အာမ၀န္တံခံတယ်။ ဒီအဖြစ်တွေအားလုံး အစကနေအဆုံးထိ ဂျာနယ်တွေမှာပါလာတော့ တခြားအနုပညာနယ်က လူငယ်လေးတွေပါ သင်ခန်းစာယူ နိုင်ကြတယ်။ သဘင်အစည်းအရုံးက အပြစ်ပေးတယ်ဆိုတာ လူငယ်တစ်ယောက် အညွန့်ကျိုးသွားအောင်၊ ဘ၀ပျက်သွားအောင်လုပ်တာမှ မဟုတ်တာ။ ဆင်ခြင်နိုင်စေဖို့နဲ့ ပရိသတ်ဆိုတာ ထမင်းရှင်၊ ကျေးဇူးရှင်ဖြစ်တဲ့အတွက် မပြစ်မှားရဘူးဆိုတဲ့ သဘင်သည်တို့ ကျင့်ဝတ်ကို သဘောပေါက်နားလည်စေဖို့ ဖြစ်တယ်။ အခုတော့ လူငယ်မင်းသားလေးလည်း နောင်ကြဉ်သွားလောက်ပြီဆိုတော့ ပြစ်ဒဏ်လျော့ပေါ့ပေးတာ လျော်ကန်သင့်မြတ်တဲ့ လုပ်ရပ်ဖြစ်ပါတယ်။

ဥပဒေဆိုခေါက်ထား
       
အခုခေတ် အနုပညာနယ်ပယ်မှာက လူငယ်လေးတွေများတယ်။ တော်တော်များများဆို ကြီးကောင်ဝင်သံတောင် မပျောက်သေးတဲ့ အရွယ်လေးတွေ ဖြစ်ကြတယ်။ ရှေးခေတ်ကလို ဆရာနဲ့သမားနဲ့ လူကြီးသူမများရဲ့ စောင့်ရှောက်မှုနဲ့ ရောက်လာကြတာ မျိုး မဟုတ်ဘဲ အရှင်မွေးနေ့ချင်းကြီး ဆိုသလို ၀ုန်းကနဲ၊ ၀ုန်းကနဲ ထင်ပေါ်ကျော်ကြားသူတွေ ဖြစ်သွားကြတယ်။ သူတို့အရွယ်တွေနဲ့ မလိုက်အောင် ပိုက်ဆံတွေရှာနိုင်ကြတယ်။ အဲဒီတော့ ထုံးစံအတိုင်း ခြေဖျားထောက်လာတယ်။ သွေးနားထင် ရောက်လာတယ်။ ငွေရှိရင်၊ ဂုဏ်ရှိရင်၊ မျက်နှာကြီးရင် ဘယ်သူ့မှ ဂရုစိုက်စရာမလိုဘူး။ မော်တော်ပီကယ်ဆို ဟောက်ထားလိုက်၊ ဥပဒေဆို ခေါက်ထားလိုက်ဆိုတဲ့ မောက်မာထောင်လွှားမှုတွေ လွန်ကဲလာကြတယ်။

လျစ်လျူရှုထားမယ်ဆိုရင်
       
ထင်ပေါ်ကျော်ကြားသူတွေရဲ့ လုပ်ရပ်မှန်သမျှ တစ်ခဏချင်း လူ့အဖွဲ့အစည်းအတွင်း ကူးစက်ရောက်ရှိသွားတာ သဘာဝဖြစ်တယ်။ ဂါရ၀တရားတို့၊ မင်္ဂလာတရားတို့ သိပ်အလေးထားတဲ့ မြန်မာ့လူ့အဖွဲ့အစည်းအတွင်းမှာ ရှေးကမကြုံဖူး၊ မကြား ဖူးတဲ့ ရုန့်ရင်းကြမ်းတမ်းမှုတွေ၊ ဟီရိသြတပ္ပ ကင်းမဲ့မှုတွေ၊ ရိုင်းပျစော်ကားမှုတွေ ဒီနေ့နေရာစုံ၊ နယ်ပယ်စုံမှာ မတွေ့ချင်၊ မမြင်ချင်အဆုံး မြင်တွေ့နေရတယ်။ ဒါမျိုးတွေကို လျစ်လျူရှုထားလိုက်မယ်ဆိုရင် မြန်မာ့ယဉ်ကျေးမှုသိချင်ရင် ပုဂံဘုရားနံရံတွေ က ဆေးရေးပန်းချီတွေ သွားကြည့်မှဖြစ်မယ့်ကိန်း ဆိုက်ရောက်သွားနိုင်တယ်။

ပေါ့ပ်ဆိုပြီး မပေါ့နဲ့
       
ပေါ့ပ်ကိစ္စပဲ၊ ပေါ့ပ်စာစောင်တွေပဲဆိုပြီး ခပ်ပေါ့ပေါ့သဘောထားလို့ မဖြစ်ပါဘူး။ ပေါ့ပ်တွေက လူငယ်တွေကြား အများဆုံးရောက်နေတာ ဖြစ်တယ်။ ဖျော်ဖြေရေး၊ ဖျော်ဖြေရေးနဲ့ လျစ်လျူရှုထားလိုက်ရင် ဖျော်ဖြေရေး ကတစ်ဆင့် လျှပ်ပေါ်လော်လီတဲ့အဆင့်ကို ကူးပြောင်းသွားဖို့ ဘာမှခက်လှတာ မဟုတ်ပါဘူး။ အဲဒါကြောင့် ပြောသင့်ပြောထိုက်တာတွေ ပြောဖို့ လိုပါတယ်။ ပြောတဲ့နေရာမှာလည်း နှစ်ကိုယ်တည်းကြိတ်ပြီး ပြောလို့မရပါ ဘူး။လူသိရှင်ကြားဖြစ်အောင် မီဒီယာတွေကတစ်ဆင့် ပွင့်ပွင့်လင်းလင်းပြောဖို့ လိုပါတယ်။ဒီလို ပြောတာ၊ရေးတာကို နားလည်ပေးကြဖို့လည်း လိုပါတယ်။

မီဒီယာတွေလုပ်ပိုင်ခွင့်ချဲ့ဖို့လို
       
နိုင်ငံတော်လုံခြုံရေး ထိပါးစေမယ့် ကိစ္စမျိုး၊ အစိုးရကို အကြည်ညိုပျက်စေတဲ့ ကိစ္စမျိုး၊ ဆူပူအုံကြွအောင် လှုံ့ဆော်သလို ဖြစ်စေတဲ့ ကိစ္စမျိုး စတဲ့စတဲ့အရေးကြီးကိစ္စမျိုးတွေ မဟုတ်ခဲ့ရင်၊ သတင်းမီဒီယာတွေအတွက် လုပ်ပိုင်ခွင့်နယ်ပယ် (Space)ကျယ်ရင် ကျယ်သလောက် နိုင်ငံနဲ့လူမျိုးအတွက် အကျိုးရှိစေနိုင်ပါတယ်။ ၁၉၅၀ ခုနှစ်များအတွင်းက တရုတ်ဖြူတိုက်ထုတ်ရေး စစ်ဆင်မှုတွေမှာ မီဒီယာတွေရဲ့ တက်တက်ကြွကြွ ပါဝင်လှုံ့ဆော်မှုတွေကြောင့်၊ တစ်နိုင်ငံလုံး နိုးကြားလာခဲ့ကြပြီး ၀ိုင်းဝန်းကူညီခဲ့ကြတဲ့ သာဓကရှိပါတယ်။ နာဂစ်ဘေးဒုက္ခကြီး ကျရောက်စဉ်ကလည်း သတင်းမီဒီယာတွေ တက်ကြွစွာ ပါဝင်လှုံ့ဆော်ခဲ့မှုကြောင့် အထောက်အကူအများကြီး ဖြစ်ခဲ့တာကို လက်တွေ့မြင်ခဲ့ကြရပါတယ်။

ဝေးဝေးကြည့်၊ နက်နက်တွေး
       
အင်တာနက်ထဲမှာ အပြန်အလှန် ငြင်းခုန်နေကြတဲ့ လက်ရောက်ကျူးလွန်မှု ကိစ္စဟာ သာမန်ပေါ့ပ်ကိစ္စ မဟုတ်ပါဘူး။ ငွေရှိ၊ ဂုဏ်ရှိ၊ မျက်နှာရှိရင် ဘယ်သူ့မှ ဂရုစိုက်စရာ မလိုဘူး။ မော်တော်ပီကယ်လောက်တော့ ဟောက်ထား၊ ဥပဒေဆိုတာ ခေါက် ထားဆိုတဲ့ ငါ့မြင်းငါစိုင်း စိုင်းချင်ရာစိုင်းဆိုတဲ့ စိတ်ဓာတ်တွေ ပျံ့နှံ့နေတာကို တားဆီးကာကွယ်ဖို့ ကိစ္စဖြစ်ပါတယ်။ မီဒီယာတွေက နိုင်ငံနဲ့လူမျိုးရဲ့အရေးကိစ္စမှန်သမျှမှာ တက်တက်ကြွကြွ တာဝန်သိသိ ပါဝင်ဆောင်ရွက်ရေး ကိစ္စလည်း ဖြစ်ပါတယ်။ ပြဿနာတစ်ရပ်ကို ကြည့်တဲ့အခါမှာ ဝေးဝေးမျော်ကြည့်တတ်ဖို့ လိုပါတယ်။ နက်နက်ရှိုင်းရှိုင်းတွေးတတ်ဖို့လည်း လိုပါတယ်လို့ပြောရင်း နိဂုံးချုပ်လိုက်ပါတော့မယ်။

source:weekly eleven

Friday, July 23, 2010

စစ်သားကို ဘုန်းကြီးတွေက အသနားခံနေရပြီလား

Doc 1

သံဃာ့တပ်ပေါင်းစု ထုတ်ပြန်ချက်

23-7-2010

သခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း (၄၆) နှစ်ပြည့်

တကယ့်တကယ်
တွန်းလှန်ဖို့အရေးကလဲ
မဝေးတော့ပြီမို့
အရေးကြီးလျှင်ဖြင့်
သွေးစည်းပြီး သွေးနီးရာဆိုသည့်အတိုင်း
ကိုင်း...ထထကြွကြွနှင့်
ဝိုင်းကြပေရော့...



သခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း ၄၆ နှစ်ပြည့် အခမ်းအနားကို စမ်းချောင်းမြို့နယ်ရှိ ကျွန်းတော ဘုန်းကြီးကျောင်းတွင် ကျင်းပခဲ့သည်။


အဆိုပါ အခမ်းအနားသို့ NLD ပါတီဒုဥက္ကဌ ဦးတင်ဦးနှင့် ဗဟိုအလုပ်အမှုဆောင် ဦးဝင်းတင်တို့လည်း တက်ရောက်ခဲ့ကြကာ ၀ါရင့်နိုင်ငံရေးသမားကြီးများ ၊ သတင်းနှင့်စာနယ်ဇင်းသမားများလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။


စရဖ နှင့် သတင်းတပ်ဖွဲ့ဝင်များက အခမ်းအနားတက်ရောက်လာသူများအား ဓါတ်ပုံရိုက်ကူးခြင်း ၊ စောင့်ကြည့်ခြင်းများ ပြုလုပ်ခဲ့ကြောင်း အခမ်းအနားသို့ တက်ရောက်ခဲ့သူတဦးက ပြောသည်။






သခင် ကိုယ်တော်မှိုင်း (၁၈၇၆ - ၁၉၆၄)

1. အမည်ရင်း - မောင်လွမ်းမောင်

2. မိဘအမည် - ဦးစံဒွန်း + ဒေါ်အုန်း

3. မွေးသက္ဗရာဇ် - ၁၈၇၆ ခု၊ မတ်လ ၂၃ ရက်၊ မြန်မာ သက္ကရာဇ် ၁၂၃၇ တပေါင်းလပြည့်ကျော် ၁၄ ရက် ကြာသပတေးနေ့

4. မွေးဖွားရာဒေသ - ရွှေတောင်မြို့နယ်၊ ဝါးလယ်ရွာ

5. ကလောင် အမည်ခွဲများ - ရွှေတောင် မောင်လွန်း၊ မစ္စတာ မောင်မှိုင်း၊ ပဏ္ဍိလေး၊ မောင်သမာဓိ၊ မစောညွန့်

6. မွေးချင်း - မွေးချင်း ၅ ယောက်အနက် ဒုတိယမြောက်



ကိုယ်ရေး ဖြစ်စဉ်

၁၈၈၃၊ ခုနှစ်သား အရွယ်တွင် ဦးလေး တော်စပ်သူ ဦးပဉ္စင်း ဦးသီရိနှင့် အတူ မန္တလေးမြို့သို့ လိုက်ပါ လာပြီး မြတောင် ကျောင်းတိုက် မြတောင် ဆရာတော် ဘုရားကြီး၊ ကျီးသဲ လေးထပ် ပထမ ဆရာတော်ကြီး (ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီး ဌာန - ရုံးချုပ်၊ စာတည်း အဖွဲ့က စုဆောင်း ပြုစုတဲ့ နှစ်ဆယ် ရာစု မြန်မာ စာရေး ဆရာ များနှင့် စာစု စာရင်း၊ ပအကြိမ်ထုတ် ၂ဝဝ၃၊ ဧပြီ) ထံတွင် ကိုရင်ဝတ်ဖြင့် ပညာ သင်ယူ ခဲ့သည်။ ရှင်အမည် ပဏ္ဍိတ။

၁၈၈၅ နိုဝင်ဘာ ၂၉ (၁၂၄၇ တန်ဆောင်မုး လဆုတ် ၈ ရက်) တွင် သီပေါ ဘုရင်နှင့် မိဖုရား ပါတော်မူသည့် အနဋ္ဌာရုံ မြင်ကွင်းကို 'စာတော်ဝန် ဦးခဲ' ကျောင်း လက်ရန်း ပေါ်မှ မြင်တွေခဲ့၊ ကြေကွဲ မျက်ရည် ကျခဲ့သည်။ ထိုနေ့မှာပင် စိတ်ပျက်ပြီး သပိတ် တစ်လုံး သင်္ကန်း တစ်ထည်နှင့် စစ်ကိုင်းဘက် တောထွက်ခဲ့သည်။ စစ်ကိုင်း၊ မုံရွာ၊ အလုံ၊ ကြေးမုံ၊ ချောင်းဦး၊ မောင်းထောင်၊ ဘုတလင်၊ ကနီ ဒေသ များသို့ ခြောက်နှစ်ခန့် လှည့်လည် စာသင်ခဲ့သည်။ အဂ္ဂိရတ် ဖိုထိုးခြင်း ဝါသနာ ပါသည်။

၁၈၉၄ မှာ ဖခင် ဦးစံဒွန်း ကွယ်လွန် ခဲ့ပြီး၊ အသက် (၁၉) နှစ် အရွယ်တွင် ရဟန်း ဘဝမှ လူဝတ် လဲခဲ့သည်။ ၁၈၉၇ အသက် ၂၂ အရွယ်မှာ အစိုးရစစ် ၇ တန်း စာမေးပွဲကို မုံရွာမြို့ အလွတ် ပညာ သင်ကျောင်းမှ ရဟန်း အမည် ပဏ္ဍိတဖြင့် ဝင်ရောက် ဖြေဆို အောင်မြင် ခဲ့သည်။

၁၈၉၈ မှာ မော်လမြိုင်သို့ ရောက်ပြီး၊ 'မြန်မာတိုင်း' သတင်းစာတွင် ပဏ္ဍိလေး ကလောင် အမည်ဖြင့် ကဗျာများ၊ စာများ ရေးခဲ့သည်။ ၁၉ဝဝ မှာ ရန်ကုန်သို့ ရောက်လာပြီး ဆူးလေ ဘုရားလမ်းရှိ 'ဇမ္ဗူ ကျက်သရေ စာပုံနှိပ်တိုက်' တွင် စာစီ အဖြစ် ဝင်လုပ်သည်။ ၁၉ဝ၃ ခုမှာ ရန်ကုန် ကြည့်မြင်တိုင် ငါးကြော်ဖိုရပ်နေ ဆန် စပါး ပွဲစား ဦးနု၊ ဒေါ်နှင်း တို့၏ သမီး ဒေါ်ရှင်နှင့် လက်ထပ်သည်။ ဇမ္ဗူ ကျက်သရေ စာပုံနှိပ်တိုက်မှ တဆင့် 'ရန်ကုန်တိုင်း သတင်းစာတိုက်' သို့ ပြောင်းရွှေ့ လုပ်ကိုင်ကာ ဇတ်စာများ ရေးသား ခဲ့သည်။ ၎င်း သတင်းစာ တိုက်မှ တဆင့် မော်လမြိုင်မြို့ 'မြန်မာတိုင်း' သတင်းစာတွင် အယ်ဒီတာ အဖြစ် ဝင်ရောက် လုပ်ကိုင် ပြန်ပြီး၊ ပဏ္ဍိလေး၊ မောင်သမာဓိ ကလောင် အမည်များဖြင့် ဆောင်းပါးများ ရေးသား ခဲ့သည်။ မော်လမြိုင် ရာဇဝင် ဝတ္ထုကို ရွှေတောင် မောင်လွန်း အမည်ဖြင့် ၁၉ဝ၅ ခုနှစ်တွင် စတင် ရေးသား ခဲ့သည်။ ၁၉ဝ၇ တွင် 'မော်လမြိုင် နတ်လမ်းညွှန်' ကို မစောညွန့် ဟူသော ကလောင် အမည်ဖြင့် ရေးသား ခဲ့သည်။

၁၉ဝ၇ ခုမှာ မြန်မာတိုင်း သတင်းစာ ရပ်နား ခဲ့သဖြင့်၊ ဟင်္သာတမြို့ 'အမရဝတီ ပုံနှိပ်တိုက်' သို့ စာပြု၊ စာပြင် အယ်ဒီတာ အဖြစ် ခေတ္တ ဝင်လုပ်ခဲ့ သေးသည်။ ၁၉၁၁ ခု သူရိယ သတင်းစာ စတင် ထုတ်ဝေ သည်နှင့် အယ်ဒီတာ အဖြစ် တာဝန် ယူပြီး၊ ခေါင်းကြီးနှင့် ဘုန်းကြီးပျံ ဒီပနီကို ရေးသား ခဲ့သည်။

နယ်ချဲ့ ဆန့်ကျင်ရေး စိတ်ဓာတ်၊ အမျိုးသား ရေးစိတ်ဓာတ် ပြင်းထန်သော ဆရာကြီးသည် အမည် ရှေ့တွင် မစ္စတာ ထည့်ခေါ်သည်ကို မနှစ်မြို့ ရှုတ်ချ လိုသည်။ ထို့ကြောင့် ၁၉၁၂ တွင် 'သူရိယ သတင်းစာ' တွင် ရက်ခြား ရေးသားသော ကြာဋီကာ ဆောင်းပါးများ မှစ၍၊ မစ္စတာ အမည်တပ် မြန်မာ များကို သိက္ခာ ချသော အားဖြင့် ရာဇဝင်လာ အမည်ဆိုး တခု ဖြစ်သော ဦးကြီး၏ ချဉ်ပေါင် ရွက်သည် မောင်မှိုင်း ဝတ္ထုတွင် လူရှုပ် လူပွေ လူယုတ်မာ အဖြစ် ပါဝင်သော မောင်မှိုင်း၏ အမည် ရှေ့တွင် မစ္စတာ တပ်၍ မိမိ ကလောင် အမည်ကို မစ္စတာ မှိုင်းဟု စတင် သုံးစွဲ ခဲ့သည်။

၁၉၁၄ မှာ ဇနီး ဒေါ်ရှင် ကွယ်လွန်ခဲ့၊ သား သမီး လေးဦး ကျန်ရစ်ခဲ့သည်။



၁၉၁၉ ခု၊ ဇူလိုင်လ ဝိုင်အမ်ဘီအေ အသင်းချုပ်ကြီးက ကြီးမှူး၍ ဦးပု၊ ဦးဘဘေနှင့် ဦးထွန်းရှိန် တို့ကို ဘိလပ်သို့ ကိုယ်စားလှယ် အဖြစ် လွှတ်၍ ဟုမ္မရူး အတွက် အရေး ဆိုခိုင်းသော အခါ 'သြဒိဿ မတ္ထနာ လေးချိုးကြီး' ရေးသားပြီး ကောင်းချီး သြဘာ ပေးခဲ့သည်။

၁၉၂၁ ခုနှစ်တွင် အမျိုးသား ကောလိပ် ပေါ်ပေါက် လာသော အခါ သူရိယ သတင်းစာ အယ်ဒီတာ အဖြစ်မှ နုတ်ထွက်ပြီး၊ အမျိုသား ကောလိပ်၌ မြန်မာစာနှင့် ရာဇဝင် ပါမောက္ခ္ခ အဖြစ် တာဝန် ထမ်းဆောင် ခဲ့သည်။ ထိုနှစ်တွင် ဂျော့ဘုရင် သားကြီး ဝေလ မင်းသားအား ချီးကျူး ဂုဏ်ပြု ရတု ရေးပေးရန် ဦးမေအောက်က ပန်ကြားရာ 'မြန်မာ နိုင်ငံကို ကျွန်ပြုသည့် အင်္ဂလိပ် ဘုရင်မ၏ မြေးကို ချီးကျူးသော စာ မရေးလို' ဟု ပြောကာ ငြင်းပယ် ခဲ့သည်။

၁၉၂၃ 'မြန်မာ့ရီဗျူး' ဂျာနယ်တွင် ဘိုးဘိုးအောင် ကလောင် အမည်ဖြင့် ဆောင်းပါးများ ရေးခဲ့သည်။ ဗဟန်း နေရှင်နယ် ကောလိပ် ပျက်သောအခါ ဒဂုန် မဂ္ဂဇင်းတွင် အယ်ဒီတာ အဖြစ် ဝင်ရောက် လုပ်ကိုင် ခဲ့သည်။ ၁၉၂၇ မှာ 'ဗြိတိသျှ ဘာမား မဂ္ဂဇင်း' နောင် 'ဓူဝံ မဂ္ဂဇင်း' တွင် ကြီးမှူး အုပ်ချုပ်သူ အဖြစ် တာဝန်ယူ ခဲ့သည်။

၁၉၂၈ - ၂၉၊ တောပုန်းကြီး စံဖဲ ကြိုးမိန့် ကျသည့် အမှုတွင် အယူခံ ကိစ္စ ဦးဆောင်၍ ဆောင်ရွက် ပေးခဲ့သည်။ မြင်းခြံထောင်တွင် စံဖဲကို သွားရောက် တွေ့ဆုံ အားပေး ခဲ့သည်။ ၁၉၃ဝ ဆရာစံ ဦးဆောင်သည့် တောင်သူ လယ်သမား အရေးတော်ပုံကြီးတွင် သူရိယ သတင်းစာ၌ 'ဂဠုန်ပျံ ဒီပနီ ဋီကာ' ဆောင်းပါးများ ရေးသား အားပေး ခဲ့သည်။ ၁၉၃၃ မှာ 'နေရှင်နယ်' မဂ္ဂဇင်းတွင် ဝင်ရောက် ကူညီ ဆောင်ရွက် ပေးခဲ့သည်။

၁၉၃၄၊ နိုဝင်ဘာလ ၃ဝ ရက်၊ ၁၂၉၆ ခု တန်ဆာင်မုန်း လဆုတ် ၁ဝ ရက်၊ တက္ကသိုလ် အမျိုးသားနေ့ ကျင်းပသည့် အခမ်းအနားတွင် သဘာပတိ အဖြစ် ဆောင်ရွက် ခဲ့သည်။ 'ဝဍ္ဎကုဇိန သာသနနံ' အမည်ပါ သဘာပတိ မိန့်ခွန်းကို ပြောကြား ခဲ့သည်။

၁၉၃၄ ခုနှစ်၊ တို့ ဗမာ အစည်းအရုံး၏ ပထမ အကြိမ် သခင် ကွန်ဖရင့်ကြီးကို ရေနံချောင်းတွင် ကျင်းပသော အခါ အစည်းအရုံး၏ နာယက အဖြစ် တင်မြှောက်ခြင်းကို လက်ခံ ခဲ့ပြီး၊ ထိုမှစ၍ မစ္စတာ မောင်မှိုင်း အမည်မှ သခင် ကိုယ်တော်မှိုင်း အမည်သို့ ခေါ်တွင် စေရန် ကြေညာ ခဲ့သည်။

၁၉၃၅၊ ဒီဇင်ဘာလထုတ် 'ဟံသာ မဂ္ဂဇင်း' တွင် ပါသော ဆောင်းပါးများကို သခင် ကိုယ်တော်မှိုင်း၏ ဆရာလွန်း ဟူ၍ လည်းကောင်း၊ ဆရာလွန်း၏ သခင် ကိုယ်တော်မှိုင်း ဟူ၍ လည်းကောင်း လက်မှတ် ရေးထိုး ခဲ့သည်။

၁၉၃၆၊ ဇွန်လ (၁၂၉၈ နယုန် - ဝါဆို) မြင်းခြံ၊ ကိုးဆောင် ကျောင်းတိုက်ကြီး အတွင်း၌ ကျင်းပသော တို့ ဗမာ အစည်းအရုံး၏ ဒုတိယ အကြိမ် ညီလာခံသို့ တက်ရောက် ခဲ့သည်။

၁၉၃၈၊ ဧပြီလ ၂၂ ရက်တွင် ပုသိမ်တွင် တရား ဟောရာ၌ 'လွတ်လပ်ရေးကို လက်ဝါးဖြင့် တောင်းနေရုံနှင့် မရနိုင်၊ သူပုန် ထရမည်' ဟု ဟောပြော ခဲ့သည်။

၁၉၃၉၊ ဇန်နဝါရီလ ၁၄ ရက်၌ ကျင်းပသော လူထု အစည်းအဝေးကြီးတွင် အရှင်းရှင် စနစ်ကို ရူံ့ချ ခဲ့သည်။ ဧပြီ ၆ - ၉ ရက်တွင် သခင် သိန်းမောင် အဖွဲ့မှ ဦးစီး ကျင်းပသည့် တို့ဗမာ အစည်းအရုံး၏ စတုတ္ထ အကြိမ် ညီလာခံ ကျင်းပရာ မော်လမြိုင်သို့ တက်ရောက် ခဲ့သည်။ ဇွန်လ ၂၂ ရက်၊ ပုသိမ်တွင် ကျင်းပသော အစည်းအဝေး တစ်ခုတွင် 'ဗြိတိသျှ အစိုးရ ဒဏ်ချက်ကြောင့် မြန်မာတို့ ဆင်းရဲနွမ်းပါး ငတ်မွတ် ခေါင်းပါး ဖြစ်ရသည်' ဟု တရား ဟောခဲ့သည်။ ဇွန်လ ၂၇ ရက်၊ ငါးသိုင်းချောင်းသို့ အသွား ပုသိမ် ဘူတာ၌ ဆရာကြီးအား ဆိုက်ကား သမား မောင်သန်းစိန် ဆိုသူက တုတ်ဖြင့် ရိုက်ခဲ့သည်။ ဇွန်လ ၂၈ ရက် ပုသိမ် ခရိုင် ရာဇဝတ် တရားသူကြီးက ဆရာကြီးအား နှစ်လ တရား ဟောခြင်း မပြုရန် တားမြစ် ခဲ့သည်။ ဒီဇင်ဘာလ ၄ ရက်၊ ကြည့်မြင်တိုင်၌ ကျင်းပသော လူထု အစည်းအဝေးကြီးတွင် 'ဆိုရှယ်လစ် ဝါဒသည် ဗုဒ္ဓ တရားတော်နှင့် ညီညွတ်သည်' ဟု ဟောပြော ခဲ့သည်။

၁၉၄ဝ၊ ဇန်နဝါရီ ၁၃ - ၁၄ တွင် ကျင်းပသော မြန်မာ နိုင်ငံလုံး ဆိုင်ရာ တောင်သူ လယ်သမား အစည်းအရုံး ဒုတိယ နှစ်လည် ညီလာခံတွင် 'ဗြိတိသျှ နယ်ချဲ့ စနစ်ကို တွန်းလှန်၍ ဆိုရှယ်လစ် စနစ်' တည်ဆောက်ရန် တိုက်တွန်း ခဲ့သည်။

၁၉၄၁၊ ဇန်နဝါရီ ၁ ရက်နေ့မှာ နိုင်ငံရေး လှုပ်ရှားမှု၊ နယ်ချဲ့ ဆန့်ကျင်ရေး လုပ်ဆောင်မှု ကျယ်ပြန့် လာသောကြောင့် ဗြိတိသျှ အစိုးရ၏ ရန်သူတော် နံပါတ် () အဖြစ် ကြေညာခြင်း ခံခဲ့ ရသည်။ မန္တလေးနှင့် ပဲခူး ညီလာခံသို့ တက်ရောက် ခဲ့သည်။

၁၉၄၁ - ၄၂၊ ခုနှစ်တွင် ဗြိတိသျှ အစိုးရကို တော်လှန်သည့် မြေအောက် တော်လှန်ရေး လုပ်ခဲ့သည်။ ၁၉၄၃၊ ဂျပန်ခေတ်တွင် ရွှေတောင်ကြား လမ်း၌ တပည့်များနှင့် အတူနေပြီး၊ ဂိုဏ်းပေါင်းစုံ သံဃာတော်များ ညီညွတ်ရေး အတွက် သာသနာ့ အစည်းအရုံးကြီး ဖွဲ့စည်းပြီး နှစ်နှစ်ကြာမျှ ကြိုးပမ်း ဆောင်ရွက် ခဲ့သည်။

၁၉၄၄ - ၄၅၊ ခုနှစ်တွင် ဂျပန် ဆန့်ကျင်ရေး သမား အဖြစ် ဂျပန်တို့ လိုက်လံ ဖမ်းဆီး သဖြင့် ထိန်ကုန်းရွာသို့ တိမ်းရှောင် ခဲ့ရသည်။ ဒုတိယ ကမ္ဘာစစ် ကြီးပြီးသော အခါ ရန်ကုန်မြို့သို့ ပြန်လာပြီး၊ တို့ ဗမာ အစည်းအရုံး ဌာနချုပ် ပြန်လည် ဖွင့်လှစ်သည့် အခါ ဥက္ကဌ အဖြစ် တင်မြှောက်ခြင်း ခံရသည်။

၁၉၄၈ ခု၊ စက်တင်ဘာလ ၁၉ ရက်၊ ရွှေတိဂုံ စေတီတော် တောင်ဘက်စောင်းတန်း၌ ပြုလုပ်သော (၁၉) ကြိမ်မြောက် ဦးဝိစာရနေ့တွင် နိုင်ငံတော် အေးချမ်း သာယာရေး အဖွဲ့ကို ဖွဲ့စည်းပြီး၊ ပြည်တွင်း ငြိမ်းချမ်းရေးကို စတင် ဆောင်ရွက် ခဲ့သည်။

၁၉၅ဝ ဇန်နဝါရီ၊ လွတ်လပ်ရေးနေ့ နှစ်ပတ်လည်တွင် 'အလင်္ကာ ကျော်စွာဘွဲ့' ကို အစိုးရမှ ချီးမြှင့် ခဲ့သည်။

၁၉၅၂ ခုနှစ်တွင် ကမႝာ့ ငြိမ်းချမ်းရေးကို စတင် ဆောင်ရွက်သည်။ ပီကင်း၌ ကျင်းပသော အာရှနှင့် ပစိဖိတ် ဒေသ နိုင်ငံများ၏ ငြိမ်းချမ်းရေး ကွန်ဖရင့်သို့ တက်ရောက်သည်။ မေလ ၁ဝ - ၁၄ ရက်နေ့ထိ ဂျူဗလီဟောတွင် ကျင်းပသော ကမ္ဘာ့ ငြိမ်းချမ်းရေး ကွန်ဂရက် (ဗမာနိုင်ငံ) က ဆရာကြီးအား ဥက္ကဋ္ဌ အဖြစ် တင်မြှောက် ခဲ့သည်။

၁၉၅၃ တွင် တရုတ်ပြည် မွန်ဂိုလီးယား၊ ဟန်ဂေရီ၊ ဆိုဗီယက် ယူနီယံသို့ ခရီး လှည့်သည်။

၁၉၅၄၊ ဒီဇင်ဘာ ၂ဝ ရက် မော်စကိုတွင် ကျင်းပသည့် ကမ္ဘာ့ စတာလင်ဆု ရွေးချယ် ပေးအပ်ရေး အဖွဲ့ကြီးက ဆရာကြီးအား ၁၉၄၅ ခုနှစ် အတွက် 'ငြိမ်းချမ်းရေး စတာလင်ဆု' အပ်နှင်းရန် ဆုံးဖြတ် ခဲ့သည်။ ၁၉၅၅ မတ်လ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့ ညနေ ၅ နာရီခွဲ အချိန်တွင် မြို့တော် ခန်းမ ရှေ့၌ ငြိမ်းချမ်းရေး စတာလင်ဆု ပေးအပ်ပွဲ ကျင်းပပြီး၊ အပြည်ပြည် ဆိုင်ရာ စတာလင် ငြိမ်းချမ်းရေး ဆုပေးရေး ကော်မတီ ဥက္ကဌ မစ္စတာ နီကိုလေ တီခိုနော့ (ဗ်) က ဆရာကြီးအား ငြိမ်းချမ်းရေး ဆုလက်မှတ်နှင့် ဆုရွှေတံဆိပ် အပ်နှင်း ခဲ့သည်။ ငြိမ်းချမ်းရေး ဆုတံဆိပ်နှင့် အတူ ငွေသား ရူဘဲလ်ငွေ တသိန်း (အဲဒီအချိန်က ပေါက်ဈေး အရ မြန်မာငွေ တသိန်း နှစ်သောင်း ငါးထောင်ခန့်) ရရှိသည်။ မတ်လ ၂၄ ရက်နေ့မှာ နိုင်ငံတော် သမ္မတကြီးက တီခိုနော့ (ဗ်)နှင့် ဆရာကြီး တို့ကို ဂုဏ်ပြု ဧည့်ခံပွဲ တရပ် ကျင်းပ ပေးခဲ့သည်။

၁၉၅၅ ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ရန်ကုန် ထောင်ကြီး အတွင်း ကျင်းပသည့် စာဆိုတော်နေ့ အခမ်းအနားသို့ တက်ရောက် အကန်တော့ ခံသည်။ ဒီဇင်ဘာ ၁၆ ရက်နေ့တွင် နိုင်ငံတော် သမ္မတ အိမ်တော်တွင် ကျင်းပသည့် ထမင်းစားပွဲတွင် ဗမာနိုင်ငံ ငြိမ်းချမ်းရေး ကွန်ဂရက် ဥက္ကဌ အနေဖြင့် ဆိုဗီယက် ဝန်ကြီးချုပ် ဘူဂနင်နှင့် ကွန်မြူနစ် ပါတီ ပထမ အတွင်းရေးမှူး ကရုရှက် တို့ကို ငြိမ်းချမ်းရေး လက်ဆောင်များ ပေးအပ် ခဲ့သည်။

၁၉၅၆ ခုနှစ်တွင် မြန်မာနိုင်ငံ အရပ်ရပ်သို့ လှည့်လည်ပြီး ပြည်တွင်း ငြိမ်းချမ်းရေးနှင့် ကမ္ဘာ့ ငြိမ်းချမ်းရေး များကို ဟောပြော ခဲ့သည်။ ဖေဖော်ဝါရီ ၂၈ ရက်နေ့မှ စ၍ ၃ ရက်တိုင် ကျင်းပသည့် မိုးညှင်းမြို့တွင် ကမ္ဘာ့ ငြိမ်းချမ်းရေး ကွန်ဂရက် (ဗမာနိုင်ငံ) ၏ ကချင်ပြည်နယ် ညီလာခံ တက်ရောက် ခဲ့သည်။ မတ် ၃ဝ ရက် အိမ်တော်ရာ (၁၄) စခန်း စရပ်ကြီး၌ မန္ဈလေး လေးပြင်လေးရပ် ဆရာတော် ၁၄၃ ပါးကို ပြည်တွင်း ငြိမ်းချမ်းရေး ပန်ကြားလွှာ တစောင် တင်ဆက် လျှောက်ထားပြီး သြဝါဒ ခံယူ ခဲ့သည်။

၁၉၅၇ တွင် သီဟိုဠ်နှင့် အိန္ဒိယသို့ ကမ္ဘာ့ ငြိမ်းချမ်းရေး ကွန်ဖရင့် အတွက် သွားရောက် ခဲ့သည်။

၁၉၆ဝ သြဂုတ်လ ၁ဝ ရက်တွင် အရှေ့ဂျာမနီ ဟမ်းဘတ် တက္ကသိုလ်က ဆရာကြီးအား ဂုဏ်ထူးဆောင် ပညာ ပါရဂူ (ဒေါက်တာဘွဲ့) အပ်နှင်း ဂုဏ်ပြု ခဲ့သည်။ ဂျာမနီသို့ ဆေးကု သွားခဲ့သည်။

၁၉၆၂ ခုနှစ်မှ စ၍ ပြည်ထောင်စု မြန်မာနိုင်ငံ စာရေးဆရာ သမဂ္ဂ၏ နာယကကြီး အဖြစ် ဆောင်ရွက် ခဲ့သည်။

၁၉၆၃ သြဂုတ်လ ၆ ရက်၊ ညနေ ၄ နာရီမှာ မြို့တော် ခန်းမတွင် ကျင်းခသည့် ဟီရိုရှီးမားနေ့ အခမ်းအနားသို့ ငြိမ်းချမ်းရေး ကွန်ဂရက် ဥက္ကဌ အနေဖြင့် သဝဏ်လွှာ ပေးပို့ ခဲ့သည်။

ပြည်သူ့ သမိုင်း အလျဉ်တွင် ပါဝင် ခဲ့သော နယ်ချဲ့ ဆန့်ကျင်ရေး ခေါင်းဆောင်ကြီး၊ စာပေ ဖခင်ကြီး သခင် ကိုယ်တော်မှိုင်းသည် ပြည်တွင်း ငြိမ်းချမ်းရေး အတွက် ကြိုးပမ်း ဆောင်ရွက် ရင်းဖြင့် ၁၉၆၄ ခုနှစ် ဇူလိုင်လ ၂၃ ရက်၊ ကြာသပတေးနေ့ နံနက် ၁ နာရီခွဲတွင် လူကြီး ရောဂါဖြင့် ကွယ်လွန် ခဲ့သည်။ ဆရာကြီး၏ ဈာပနအတွက် အာဏာသိမ်း နေဝင်း စစ်အုပ်စုက ပထမ ကျပ်ငွေ တစ်သောင်း၊ နောက်ထပ် ကျပ်ငွေ ၅ ထောင်၊ စုစုပေါင်း ကျပ်ငွေ တသောင်းခွဲ ကူညီခဲ့သည်။ သတင်းစာ တိုက်များက နေ၍ ဆရာကြီး သခင် ကိုယ်တော်မှိုင်း ဈာပန ရံပုံငွေ ဖွင့်ခဲ့သည်။ ဇူလိုင်လ ၂၉ ရက်၊ ညနေ ၅ နာရီတွင် ဆရာကြီး၏ ရုပ်ကလာပ်ကို စမ်းချောင်း ချမ်းသာလမ်း နေအိမ်မှ နေ၍ စမ်းချောင်း ပဒုမ္မာ ကွင်းရှိ အာဏာသိမ်း စစ်အုပ်စု ဆောက်ပေးသည့် မဏ္ဍပ်သို့ ရွှေ့ပြောင်း ခဲ့သည်။ သြဂုတ်လ ၈ ရက်၊ နေ့လည် ၂ နာရီ အချိန်မှာ ဆရာကြီး ရုပ်ကလာပ်ကို စမ်းချောင်း မဏ္ဍပ်မှ ရွှေတိဂုံ ဘုရားလမ်းရှိ ကန်တော်မင် ပန်းခြံသို့ ပို့ဆောင် ဂူသွင်း ခဲ့သည်။

ဆရာကြီး ကွယ်လွန်ချိန်တွင် သားသမီး နှစ်ယောက်၊ မြေး ၁၅ ယောက်၊ မြစ် ၆၁ ယောက် ကျန်ရစ်ခဲ့သည်။