ခုချိန်မှာ လူတိုင်းဟာ ကိုယ့်ကိုယ်ကို ဦးဆောင်ကြရမှာပဲ...ဒီရွေးကောက်ပွဲဟာ မိမိတို့ကို စစ်ကျွန်ဇာတ် ဆက်သွင်းမယ့် ကန့်လန့်ကာအဖွင့်တခုဆိုတာကို ယုံကြည်ရင် မဲရုံကို မသွားကြဖို့ဘဲ။ ဒီလိုမှမဟုတ်ဘဲ အကြောက်လွန်ပြီး မဲရုံကိုသွားပြီဆိုတာနဲ့ ခင်များတို့ဟာ ကျုပ်တို့ စစ်ကျွန်အဖြစ်ဆက်လက်ခံယူပါမယ်လို့ ကတိပေးလိုက်တာနဲ့ အတူတူပဲ။ တနိုင်ငံလုံးကို အကျဉ်းချထားနိုင်တဲ့ ထောင်မရှိဆိုတာကို လူတိုင်း သဘောပေါက်ထားဖို့ လိုတယ်။
Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Thursday, September 30, 2010

“ မှာပါရစေ … ပြောပါရစေ ”

(၁)
ကိုယ်သေရင် မငိုနဲ့၊ ပါးစိုရုံ ရှိမှာပေါ့။
သပိတ်မသွတ်နဲ့ လွတ်ပြီးသား၊ ကျွတ်ပြီးသား။
ထမင်းမထုတ်နဲ့၊ သိုးစာ၊ ပုပ်စာ၊ ဖြုန်းတီးစာ။
အိုးမခွဲနဲ့၊ အိုးမလို ဘာကိုမှ ကိုယ်မစွဲဘူး။
အပွင့်အခက်ယူမသွားနဲ့၊ ပြန်လိုက်ရမယ့်အစား မဟုတ်ဘူး။
ရက်လည်၊ လလည်၊ နှစ်လည်
ဘာကိုမှ မလည်နဲ့၊ သံသရာကြီးမှာလည်ခဲ့သူ။

(၂)
ကိုယ်သေရင် မငိုနဲ့ ကြိုကြိုပြီးသေထားသူ။
“ဘုရားရှင်ရဲ့ဂုဏ်တော်”ကို မြတ်နိုးပူဇော်ရင်း
အကြိမ်ကြိမ် အသေရင်းထားသမို့ မရဏမင်းဆီ ပျော်ပျော်သွားမှာ။
ပြီးတော့ ပြောပါရစေ -
သာသနာ၊ စာပေ၊ ပရဟိတ
လုပ်လက်စတွေကို ဆက်လုပ်ဖို့၊
ဟောဒီချစ်ရတဲ့ မိခင်မြေကို
ပြန်လာခဲ့မယ်မုချ။
ဒီတော့ ကိုယ်သေရင် မငိုနဲ့၊ ဖြေသာစမ်းပါ၊ ပြုံးစမ်းပါ
လူသာဆုံးတာ ကျန်တာမရှုံးဘူး။
မှာခဲ့ပြီ၊ ပြောခဲ့ပြီနော်၊ ဒါပါပဲ။ ။

မိုးဟိန်း (သားဂျာနယ်ကျော်)

ဆရာဦးမိုးဟိန်းရေးသွားခဲ့တဲ့ ကဗျာလေးပါ။ ပို့ပေးတဲ့သူက ၂၆-၉-၂၀၁၀ နေ့ကတည်းကပါ။ ကျနော် မေးလ်တခုကို ခုမှ ဖွင့်ဖြစ်လို့ တွေ့မိပြီး အမှတ်တရ ပြန်တင်ပေးလိုက်တာပါ။ ဆရာ ကောင်းရာသုဂတိလားပါစေ။

Thursday, September 23, 2010

ငါတို့လက်များ၊ ငါတို့သွေးများနှင့် ခွပ်ဒေါင်းအားမာန်

ရွှေမင်းအေး

(၁)
စက်တင်ဘာအရေးအခင်း.... တဲ့
စစ်တွေမြို့နယ်ကစ
တစ်နိုင်ငံလုံးအုံကြွခဲ့။
န.အ.ဖ ရဲ့
တစ်အိမ်တစ်ယောက် အတင်းအကျပ်လိုက်စု
လူထုဆန္ဒဖော်ထုတ်ပွဲအတု..... မဟုတ်ဘူး
မြန်မာပြည်သူတွေရဲ့
အမျိုးသားရေးစိတ်ဓါတ်ကိုယ်စီနဲ့
တာဝန်သိသိပြသခဲ့ကြတဲ့
ဒီမိုကရေစီတောင်းဆိုပွဲကြီးဖြစ်တယ်။

(၂)
သံဃာတွေ
သီလရှင်တွေဟာ
ငါတို့အတွက်
မြန်မာပြည်ကြီးအတွက်
အသက်ကိုစတေး
ကျင့်ဝတ်ကိုချိုးဖောက်
ရဲရဲတောက်လမ်းလျှောက်ခဲ့ကြ
ခြေဖ၀ါးကွဲအက်တဲ့အထိ။
ဘယ်သူတွေကြည့်နေရက်မလဲ
သံဃာနဲ့ပြည်သူအတူဆင်နွှဲ
ရာဇ၀င်ရဲ့ပွဲတော်အသစ်
အချစ်ကိုခဏဖယ်
မိသားစုကိုဘေးချိတ်
ပညာရေးကိုခေါက်သိမ်း
အလုပ်ကိုထားရစ်
မဆုတ်မနစ်တဲ့ဇွဲသတ္တိနဲ့
ငါတို့တွေ ချီတက်လာပါပြီ။

(၃)
ငါတို့အထဲမှာ
မုတ်ဆိတ်ဖားဖားနဲ့ဗလီဆရာတွေ
လက်ဝါးကပ်တိုင်နဲ့ဖာသာကြီးတွေ
မဟာယနနဲ့ ထေရ၀ါဒ
အစ္စလာမ်နဲ့ ခရစ်ယာန်
အပြန်အလှန်ဖေးမကူတွဲ
ဗမာ့ဒီမိုကရေစီတိုက်ပွဲကို
မခွဲအတူတောင်းဆိုနေကြရဲ့။
အင်္ကျီဗလာနဲ့သူဖုန်းစား
ဟန်းဖုန်းအသစ်နဲ့သူဌေးသား
ရော့ခ်ကာနဲ့ရက်ပ်ပါ
လူကြီးနဲ့လူငယ်
ကျောင်းသားနဲ့လက်လုပ်လက်စား
မိန်းမနဲ့ယောက်ျား
ရင်ဘောင်တန်းလို့ တသားတည်းဖြစ်တယ်။
တိုင်းရင်းသားလူမျိုးပေါင်းစုံရဲ့
ညီညွတ်မှုပြယုဂ်အမှန်
အာဏာရှင်ကိုတွန်းလှန်ကြဖို့
ငါတို့တွေချီလာပါပြီ။

(၄)
၈၈ မျိုးဆက်ကျောင်းသားနဲ့
၂၀၀၇ မျိုးဆက်ကျောင်းသားတို့
စုပေါင်းအားနဲ့လွှင့်ထူ
ခွပ်ဒေါင်းအလံတလူလူ
တို့ပြည်သူတွေလွတ်လပ်ဖို့
တို့နိုင်ငံတော်လွတ်လပ်ဖို့
အသက်ကိုပဓါနမထား
ရှေ့ဆုံးကလျှောက်သွားကြပြီ။
ရန်ကုန်မြို့ရဲ့
အိမ်အသွယ်သွယ်၊ လမ်းအသွယ်သွယ်
တိုက်ခန်း၊ ဆိုင်ခန်းအသွယ်သွယ်က
မျိုးချစ်ပြည်သူအသီးသီးရဲ့
လက်ခုပ်တီးသံ တဖြောင်းဖြောင်း
ဗြောင်းဆန်အောင်ဟစ်ကြွေးအားပေး
ငါ့တို့သွေးတွေ စည်းခဲ့ပြီ
ငါတို့သွေးတွေ စည်းခဲ့ပါပြီ။

(၅)
အစိမ်းရောင်ယူနီဖောင်းနဲ့ အရိုင်းကောင်တွေ
ရွံရှာစက်ဆုပ်ဖွယ်လုံထိန်းရဲတွေရဲ့
နံပါတ်တုတ်နဲ့ဒိုင်းချပ်
သေနတ်နဲ့ လက်ပစ်ဗုံးတွေက
ပြည်သူရဲ့အမုန်းကို
မျက်လုံးချင်းမဆိုင်ရဲကြဘူး။
ငြိမ်းချမ်းစွာ
ငါတို့ဆန္ဒပြတယ်
သံဃာတို့ရဲ့အေးမြသာယာသော
မေတ္တာပို့သံ တညံညံ
ဘ၀ဂ်အထိလျှံတက်
မိုးအုံ့တဲ့ နေ့ရက်တွေမှာ...
ရန်ကုန်မြို့ရဲ့ ပေတစ်ရာလမ်းမတွေဟာ
" အရှေ့အရပ်၌ရှိသော......." အစချီကာ
ခြေသံတွေနဲ့ သိမ့်သိမ့်တုန်ခါပေါ့။
မာန်ဟုန်ပြင်းစွာ
ငါတို့တွေ ချီလာခဲ့ကြ။

(၆)
ရိုင်ဖယ်ကြီးတကားကား
ယူနီဖောင်းတလွှားလွှားနဲ့
ဝီစကီပုလင်း ခါးကြားထိုး
ခွေးမျိုးခွေးနွယ် ခွေးစစ်သားတွေ
လည်ပတ် အနီ၊ အ၀ါ၊ အပြာများပတ်
ဘုရားပေါ်မှာ မားမားရပ်လို့
သတ်ဖို့ ဖြတ်ဖို့ စောင့်နေကြရဲ့။
ငါတို့ ဆက်လျှောက်တယ်
ငါတို့ ဆက်ကြွေးကြော်တယ်
ဒီမိုကရေစီအရေးအတွက်
အသက်ကို အလေးမထား
ငါတို့၏ လက်ခုပ်သံများ
ကမ္ဘာအနှံကကြားစေသား။

(၇)
"လက်ညိုးညွှန်ရာ
သွေးချောင်းစီးစေသတည်း"
ဘုရင်ရူးကြီး 'သန်းရွှေ'
တချက်လွှတ် စေခိုင်းချက်မှာ
ငါတို့တွေ လဲပြိုခဲ့ကြ။
လမ်းမပေါ်......
ရဟန်းတော်တို့
စစ်သားများအား ရှိခိုးကြပြီ...
ဆူးလေကောင်းကင်မှာ လျှပ်ပန်းတွေလက်
မေတ္တာပို့သံတစ်ဝက်မဆုံးမီ
သံဃာတို့ခေါင်း ဟက်တက်ကွဲရ
ရဟန်းတို့သွေး မြေသို့ခ ။
သေနတ်သံ တဒိန်းဒိန်း
မိုးကြိုးပစ်သံ တဂျိန်းဂျိန်းနဲ့အတူ
မငြှိမ်းနိုင်တဲ့ လက်ခုပ်သံတွေ
ဝေါခနဲ ပျံတက်ကြ

"လူအချင်းချင်းသတ်ဖြတ်ခြင်း ကင်းရှင်းကြပါစေ...
တို့မေတ္တာစွမ်း ကမ္ဘာလွှမ်း ငြိမ်းချမ်းကြပါစေ...
သံဃာသတ်တဲ့မိစ္ဆာတွေ မိုးကြိုးပစ်လို့သေပါစေ..."
.......... စသဖြင့်

"ကမ္ဘာမကြေ".....သီချင်းကို ပြိုင်တူသီဆို
ဒဏ်ရာကို လက်နဲ့အုပ်ကွယ်
သွေးအိုင်အလယ်အားတင်းရပ်
နိုင်ငံအတွက် အသက်ပေးမယ်
ဆယ်ပြန်မကသေရဲတယ်
မျိုးဆက်သစ်ငါတို့လူငယ်။


(၈)
မြင့်မြတ်စွာ
ကျဆုံးသွားကြပါတဲ့
ငါတို့ရဲ့သူရဲကောင်းတွေဟာ
မြန်မာပြည်သူအားလုံးရဲ့ရင်ထဲ
အမြဲရှိနေမှာပါ။
သူတို့ဟာ
သေနတ်ပြောင်းဝရှေ.မှာ
ရင်ကော့ကာအံကိုကြိတ်
အမျိုးသားရေးစိတ်ဓါတ်ပြည့်ဝစွာ
အသေခံတိုက်ပွဲဝင်ခဲ့ကြရှာပေါ့။
သင်တို့အား
ကျန်ရစ်သူငါတို့သည်
ရင်ထဲမှအမျှ ဝေပါ၏။
လူသေသော်လည်း
သမိုင်းမသေသောသင်တို့အား
မဆုံးနိုင်သောလက်များဖြင့်
အလေးအမြတ်ပြုပါ၏။


(၉)
သွေးတွေ
သွေးတွေ......
ဘယ်တော့မှမခြောက်ဘူး
ငါတို့မျက်ရည်တွေလည်း
ဘယ်တော့မှမခမ်းဘူး
ငါတို့လက်ခုပ်သံတွေဟာလည်း
မမောနိုင် မပမ်းနိုင်ဆက်တီးနေဦးမှာပါပဲ။
ရှူံးနိမ့်ခြင်းကို
အလိုမတူဘဲရရှိခဲ့တဲ့
ငါတို့ဟာ....
မုသာဝါဒ နအဖမိစ္ဆာတွေအပေါ်
နာကျည်းအံကြိတ်ကြ...ရွံရှာမုန်းတီးကြ
လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်
စစ်အစိုးရပြုတ်ကျဖို့ အရေးပဲ
ငါတို့အတွေးထဲ
တ၀ဲလည်လည် ရှိတော့တယ်။
မြန်မာပြည်သူတွေရဲ့ ရင်ထဲမှာ
သင်းတို့အတွက် နေရာမရှိတာ
ကမ္ဘာသိအောင် ငါတို့ပြသခဲ့ကြပြီ
ငါတို့ရဲ့ တွဲလက်တွေ
မြဲသထက် ပိုမြဲခဲ့ကြပြီ
...................................
.....................................
.........................................။


(၁၀)
ကမ္ဘာကြေသော်လည်း
ဥဒါန်းကား မကြေခဲ့ချေပြီ....။      ။


ရွှေမင်းအေး

Friday, September 17, 2010

မောင်ဥက္ကာဟာ လူနာလိုလို

အဲယားကွန်းအအေးဓာတ် ၂၇ ဒီဂရီ စင်တီဂရိတ်
ခေါင်းပေါ်ကပန်ကာ အလုပ်မလုပ်ဘူး
ဘယ်ဖက် ညာဖက် ဘယ် ညာ ဘယ် ညာ
နာရင်နာတယ်မှတ်ပြီး အောင့်ရင် အောင့်တယ်မှတ်
ငါးနှစ်ပတ်လည် မိုက်သွေးကောင်းမှု တန်ပြန်သဘောတရား
အသည်းအဆီဖုံး၍ အနည်းငယ်ခြောက်ကာ ဘေလုံး(spleen) မှာပြည်တည်နာ
အဆုတ်ရောဂါဟာ ဆေးလိပ်နဲ့မတည့်ရှာဘူး
မောင်ချိုတေးလာနဲ့ ဦးစူနာကြီးတို့က ဘာသာခြားတွေ
သဘောကောင်းတဲ့ နပ်စ်သူနာပြုက အညာလေသံနဲ့
မျက်နှာကြက်က အိမ်မြှောင်နှစ်ကောင် ဒုက္ခပေးတယ်
ကဗျာဆရာအောင်ရင်ငြိမ်း အိပ်ရေးမ၀ဘူး
ဆေးရုံအုပ်ကြီး အရပ်ပုတယ်
အလုပ်သင်ဆရာဝန်မလေးနှစ်ယောက် သွေးကြောမရှာတတ်ဘူး
အား….. နာတယ်….. !!!!
အဲယားကွန်းအအေးဓာတ် ၂၇ ဒီဂရီစင်တီဂရိတ်
ကုတင် ၂၇ ကအဖိုးအို အစာမစားနိုင်ဘူး
ဘေးကုတင်ကကျောင်းသား သွေးတွေလိုနေတယ်
ညဆယ်နာရီက ဆေးသောက်ချိန်ပဲ
လူနာစောင့်တွေ လက်ဖက်ရည်ဆိုင်မှာ နီယိုကဗျာတွေနဲ့
နီယိုကဗျာတွေနဲ့ လက်ဖက်ရည်ဆိုင်ဟာ လူနာစောင့်တွေနဲ့
ပုလင်းကြီးချိတ်ရတယ် ၀ီစကီပုလင်းဆိုကောင်းမှာပဲ
သိပ်မိုက်တဲ့ကောင်ရဲ့အတွေးရိုင်းတွေ ခြောက်ယောက်လူနာခန်းထဲ တိုးဝှေ့ကျပ်သိပ်
ကဗျာဆရာအောင်ရင်ငြိမ်း အိပ်ရေးမ၀ဘူး
ဒါက ဂျပန်ဆေးရုံကြီးလား အထွေထွေရောဂါကုဆေးရုံသစ်ကြီးလား
ညကအိပ်မက်ထဲမှာ ဆေးလိပ်သောက်ရတယ်ဆိုပဲ
ခေါင်းပေါ်ကပန်ကာ အလုပ်မလုပ်ရတဲ့အထဲ
အသည်းနဲ့ ဘေလုံး(spleen)က ဘယ်ညာဘယ်ညာညှပ်အောင့်တယ်
ရင်ခွဲရုံတံခါးကို ပိတ်ထားပါ
အဲယားကွန်းအအေးဓာတ် ၂၇ ဒီဂရီစင်တီဂရိတ်
ကဗျာဆရာ အောင်ရင်ငြိမ်း အိပ်ရေးမ၀ဘူး
ကုတင်အမှတ် ၃၂ မှာ မောင်ဥက္ကာဟာ လူနာယောင်ဆောင်ခဲ့
စက်တင်ဘာ။    ။


ဥက္ကာကိုကို(သံတွဲ)
10,September, 2010
(ဆေးရုံဆင်းတဲ့နေ့)

Thursday, August 19, 2010

ကမ္ဘာဦးအစက ခုမှရောက်လာတဲ့သီချင်း

ကျနော်က သူမကို ကလေးလေးလို့ခေါ်ရင်

သူမက အပျော်မြစ်ထဲ လက်ပစ်ကူးတယ်

ဖန်ကြိုးမျှင်ဆက်သွယ်မှုဧရိယာထဲမှာ

ကို...ဆိုတဲ့နာမ်စားကို အဆက်မပြတ်ပို့လွှတ်ပြီး

ကျနော့်စိတ်ထုထည်ကို အရည်ဖျော်ပစ်တယ်။

သူမနဲ့ကျနော်က ရုပ်သေးတွေမဟုတ်ဘူး

ဘယ်သူ့ကို ဘယ်သူမှ ကြိုးဆွဲမခံကြဘူး

ဒါပေမယ့် သူမနဲ့ကျနော့်ကြားမှာ ကြိုးတစ်ချောင်းရှိရဲ့

ပြတ်လိုက် ပြန်ဆက်လိုက်နဲ့ ဆက်ထုံးများတဲ့ကြိုးလေးပေါ့။

အိုဘားမားနဲ့ကျနော် ဘီယာချိန်းသောက်တာကို သူမ မကြိုက်ဘူး

ရိန်းနဲ့သူမ တွဲကမှာကို ကျနော်မလိုလားဘူး

အဲဒီလို အကြောင်းတရားလေးတွေက အကျိုးတရားတွေဖြစ်လာတဲ့အခါ

သူမ ငိုတယ်

ကျနော် တက်ခေါက်တယ်......

သူမက ကျနော့်ရဲ့ နိုင်ငံရေးသတ္တ၀ါ

ကျနော်က သူမရဲ့ မော်ဒန်အချစ်ဟာသ၀တ္တု

ဘယ်သူမပြုမိမိမှုတွေကြားမှာ ဘယ်သူမှမပြု အလိုလိုပြုလာတဲ့

ပြု ဖြစ် ပျက် တွေအကြောင်း

သူမကို နားမချခဲ့လို့ သူမက ကျနော့်ကို နားမ၀င်ခဲ့ဘူး

ချစ်တယ်...မုန်းတယ်...လွမ်းတယ်... ပြီးတော့မှ...ချစ်တယ်(၉၉ကြိမ်)

နောက်တစ်ကြိမ်က ကျနော့်ရင်ဘတ်ထဲက ၀ှက်ဖဲ

ရင်လွဲငှက်လေး နေကောင်းပါစေ။

အဲသလိုနဲ့

သူမ မျက်မှန် ပါဝါများတယ်

ကျနော့်အာရုံကြောတွေ အားမကောင်းတော့ဘူး

သူမ လမ်းတွေရှည်လျားလွန်းတယ်

ကျနော်ခြေထောက်နာနေလို့ မလျှောက်နိုင်ဘူး

ကျနော့်အကြောင်းတွေ သူမ အရမ်းသိချင်တယ်

သူမ ဂျီတော့ခ်အကောင့်တွေကျနော့်ကိုမပေးဘူး

သူမ အကျီ င်္တချို့ လည်ပင်းဟိုက်နေတယ်

ကျနော် မကြိုက်ဘူး။

ကျနော်လိုက်လေလေ သူမက ပြေးလေလေ

နောက်တော့လည်း စိန်ပြေးလိုက်တမ်းကစားနည်းကို ရွံ့လာတယ်

တကယ်တော့ သူမက ကျနော့်ရဲ့ပြက္ခဒိန်

အချိန်မသိဘူး နေ့စွဲမရှိဘူး ဘာလမှန်းမေ့နေတယ်ဆိုပေမယ့်

သူမ ကိုမြင်တိုင်း ရင်ဘတ်ထဲမှာနှိုးစက်သံတွေ

ကမ္ဘာပျက်ညလို စီစီညံတယ်။

လိမ္မာစမ်းပါ ကလေးလေးရေ......

ကံကြမ္မာက မကျွမ်းကျင်တဲ့ မျက်လှည့်ဆရာကွယ့်

အမှားမှားအယွင်းယွင်းတွေလည်း ခဏခဏ မကြာမကြာ

သာယာတဲ့နေ့ကို ရှည်လျားချင်တယ်

သူမ ချစ်တဲ့ခွေးရုပ်လေးတွေ နေကောင်းပါရဲ့လား

အင်းလျားလမ်းအတိုင်း သူမကိုလိုက်ပို့ရင်း

ကြယ်စက်ပြောက်တွေ တ၀င်းဝင်းကြွေတယ်

ကျနော့် အိပ်မက်တွေ တဖြုတ်ဖြုတ်သေတယ်

ကျနော်စိုက်ပျိုးတဲ့ ဂျုံခင်းလှလှကြားမှာ

သူမ ပျော်ရွှင်လင်းပစွာ ဆော့ကစားပါစေ။

မဖြစ်ထွန်းမအောင်မြင်သေးတဲ့ ကဗျာရိုင်းတွေကြားက

မည်းညို့သော တိမ်စိုင်တိမ်ထုများ

နားဝင်ခါးသီးသော စန္ဒရားကြွက်လျှောက်ဂီတများ

တနင်္ဂနွေသားဖြင့် ထုဆစ်ထားသော သချို င်္င်းမှတ်တိုင်များ

တစ်နေ့မှာ ကျနော်သွားရမယ် ကလေးလေးရေ.....

ခုတော့ .... ၀င့်ကြွားမှုတလူလူနဲ့

ကျနော့်လက်မောင်းကို သူမ ဖျစ်ညှစ်တတ်လာတယ်

ခုတော့ .... အသစ်အသစ်သော စိန်ခေါ်မှုတွေနဲ့

မြူခိုးဝေတဲ့လမ်းကြမ်းတွေကို သူမ နမ်းရှိုက်တတ်လာတယ်

နာပျော်ဖွယ်ခေါင်းလောင်းသံနဲ့ ကျနော့်ရဲ့ဝတ်ပြုသံတွေအောက်မှာ

သူမ... ဘေးကင်းပါစေသား။ ။


ဥက္ကာကိုကို(သံတွဲ)
18.8.2010

Sunday, May 30, 2010

ပစ္စက္ခ

မြောင်းရေကလျှံ..ဗွက်ရေကတိုး
.ကြိုလာပါနဲ့ရွှေရောင်ရစ်ရယ် ရန်ကုန်ရေနစ်မှာစိုး..

ဆုမွန်

Wednesday, May 19, 2010

ချက်တင်

me: နင်မှ ငါ့ခံစားချက်ကို နားမလည်ဘဲ
  ငါ့မှာ ပုံလေးကြည့်လိုက်
  တွေးလိုက်
  အခန်းထဲမှာလည်း ငါတယောက်တည်း
  ကွေ့တီယို ပန်းကန်တွေပြန့်ကျဲ
3:07 PM ဘီယာဘူးခွံတွေ အခန်းထောင့်မှာလဲ
 ya.....: stop
  ok?
  try to be good to yourself
 me: စိတ်ကူးတွေနဲ့ ရူးသွပ်နေဆဲ
 ya......: don't think about me
 me: ဘ၀ဆိုတာဘာပါလဲ
 ya.....: I know it's hard
  but
  you are a man
  be bold
  never feel dull for a girl
3:08 PM me: မိန်းမတယောက်ရဲ့ နူးညံ့ပျော့ပျောင်းမှုကို ငါဘယ်အချိန်မှ ပြည့်ပြည့်၀၀ ထိတွေ့ခွင့်ရမှာလဲ
  သိုဝှက်ထားတဲ့ မီးတောင်တွေ ပေါက်ကွဲလုလု
3:09 PM အချစ်တခုဟာ ဖြစ်တည်ဖို့ အဲလောက်ထိ ခဲယှဉ်းပါသလား
  မေးခွန်းတွေကြားမှာ ဗျာများမှုတွေ မတွေ့ချင်ဘူး
3:10 PM အရှင်းဆုံးကတော့ အရှင်းဆုံးပဲ
  ဧကစာရီဆိုတာ ငါ့အတွက်လား
  အကျိုးပေးနည်းပါးမှုတွေ မြန်မြန်ကုန်ခမ်းပါစေ
3:15 PM ya.....: hewwwwwwwwwww
  I can't solve your problem
 me: မဖြေရှင်းတတ်တာကို မဖြေရှင်းတတ်ဘူးပြောရုံနဲ့ တာဝန်ကျေပြီလား
3:16 PM ya......: sp
  so
  what can I do for you?
 me: ဒီပြဿနာတွေကြားမှာ ကမ္ဘာဟာ ပြားပြားလာနေ
 ya......: ma si ma saing
 me: အချစ်က အချစ်ကို မသိ
 ya.......: ka bar ka pyar ya thay
  wait
 me: အရာအားလုံဟာ နတ္ထိဖြစ်ဖို့ကလည်းဝေးသေး
 ya......: you think that I love you and I don't know myself
3:17 PM it's not true
  I know myself very well
 me: မပြောနဲ့တော့
  တော်ပါတော့
 ya......: Love is sth we can't deny when it comes to you, me, or others
3:19 PM even if you don't want to hear,
  listen again
  I know myself very well
  and I know my feeling very well
3:20 PM I'm never interested in you
  as a bf
  my feeling never exceeds as a friend or a brother
3:21 PM check your chat lists with me
  and read carefully
 me: အချစ်ဖြင့်ရီဝေမှုကို 100 piper ဖြင့် လောင်မြှိုက်စေခိုက် သူမရဲ့ သိုးဆောင်းစကားတွေ ကြားဖြတ်ဝင်ဝင်လာ
3:22 PM ကျနော်မူးနေပြီလား
  မူးနေတာအချစ်လား အရက်လား သိုးဆောင်းစကားလား
  အရာရာဟာ မကွဲမပြား
  အသည်းကြားမှာတော့ ရတနာ
  မရတနာ မရတနာ
  ခင်များဟာ ကျုပ်ကို မသိဘူး
3:23 PM ကျုပ်က ခင်များကို သိတယ်
  ဒီလိုပါပဲကွယ်
3:24 PM ညည ကြယ်တွေ ကြွေသွားတယ်

Wednesday, April 7, 2010

***နန်းမထိုက်တဲ့ပန်းမကိုဋ်***

ဟိုတစ်ခိုင်ဒီတစ်ခိုင်နှင့်
လှမ်းတက်နေလိုက်တာ
ကြည့်စမ်း…………..
တစ်ပွင့်တစ်ခက်
နွမ်းပျက်ပေမယ့်
မစွန့်ရက်မပစ်ရက်
လွမ်းဖက်နေလိုက်ကြတာ…
ပန်သူပန်မွှေးသူမွှေး
ပိတောက်ပန်းလေးတဲ့…
အရောင်တူ
ရာသီတူ
အလှသွေးခြင်းတူပါရဲ့
ဆန်းပြားနေတာက….
လွမ်းသူမရှိ
ပန်သူမရှိ
မွှေးသူမရှိနဲ့
အားငယ်ရှာတဲ့
ငုဝါ…..
သြော်………မင်းဘဝဟာ
နန်းမထိုက်တဲ့ပန်းမကိုဋ်ပါလား………….။

ထက်ဝေနော်

ပိတောက်မြို့ရိုးအလွန်

Thingyan Padauk eBook

Thursday, March 18, 2010

အကွဲအပြဲ

ဖဆပလအကွဲ.....တိုင်းပြည်လဲ
အန်အယ်လ်ဒီအကွဲ......ပြည်သူဆဲ
ပြည်ပအကွဲ..ယုံကြည်မှုနည်း
အတိုက်ခံအားလုံးကွဲ.....စစ်ကျွန်ပဲ။
             
                             (လူဆန်း)ဲ

Tuesday, February 23, 2010

အမှန်လမ်း

တင်မိုး


မှန်ကန်တဲ့လမ်းဆိုတာ
ကြမ်းတော့ ခရီးကြမ်းပဲ
လျှောက်လှမ်းတဲ့သူ နည်းတယ်။
ညာသံပေးရုံ ပေးပြီး
ဒလိမ့်ခေါက်ကွေး လိမ့်ကျ
မထနိုင်လို့ နောက်ဆုတ်
ပုဆစ်ဒူးတုပ် အရှုံးပေး
ပြေးသူလဲ ပြေးသပေါ့။

ရေတစက် ရေတခွက်မျှ
လက်ကမ်းသူမရှိ။
ထိုင်ခုံကလေး တနေရာမျှ
နားစရာမရှိ
ပန်းကလေး တပွင့်မျှ
ကမ်းလင့်သူ မရှိ။

ဘယ်လောက်ပဲ တောခေါင်ခေါင်
အောင်စိတ်ကို ရှေ့ဆောင်ပြီး
တောင်ကိုကျော် မှော်ရုံဖြတ်
တောစပ်ကိုနင်း
အဖော်ကင်းပေမယ့်
အားတင်းလို့ ချီတက်ရမှာပဲ။
ခက်ခဲတဲ့လမ်းမှာမှ
သစ္စာပန်းက ပွင့်တတ်တယ်။
လွယ်လွယ်ကူကူ၊ ဆွတ်ချူလို့မရ
ဒုက္ခကို အရင်းအနှီးပြု ပြီးမှ
သုခချမ်းသာနဲ့ ပြည့်လျှမ်းတဲ့
ပန်းပွင့်ကို ရနိုင်မယ်။
အခက်အခဲကို မကြောက်
ဒူးမထောက် လက်မမြှောက်နဲ့
မရောက်အရောက် လှမ်းတက်
စိတ်ပျက်တာတွေ ဖယ်ရှား
သွားဖန်များ ခရီးရောက်မှာမို့
နောက်သို့ မဆုတ်တမ်း
ရှေ့သို့ အဟုတ်လမ်း
တို့စခန်း မြင်ရပြီ
မဟုတ်လားကွယ် ။ တင်မိုး

Saturday, February 20, 2010

အမေရဲ့ဒုက္ခအိုးလေး

ရွှေ့ပြောင်းလုပ်သားတွေရဲ့အကြား
ဖုန်းဟာ ကက်ဆက်ဖြစ်နေလေတော့
ကိုငှက်ကြီးကို ပြန်ကြားယောင်ရ

အမေ့ရဲ့ဒုက္ခအိုးလေး…..
အမေ့ရဲ့ဒုက္ခအိုးလေး…..


သားဟာ အရာရှိဆိုပြီး ဂုဏ်ယူချင်လွန်းလို့
ဆွေမျိုးအရာရှိကြီးတွေဆီ ၀င်ထွက်
သားအတွက် ရတက်ပွေခဲ့တဲ့အမေ……။

စစ်အာဏာရှင်ယန္တရားထဲမှာ
ဝက်အူတခု ၊ မူလီတချောင်းအဖြစ်တောင်အသုံးချမခံနိုင်တဲ့ ကျနော်
ကရုဏာဒေါသောနဲ့ လူမိုက်လို့ အမေအော်နေမလား……

နိုင်ငံရေးယောင်ယောင် ၊ စာပေယောင်ယောင်
ဘ၀ကို အမှောင်ကျမယ့်အလုပ်တွေ မင်းလုပ်နေမှာလား
ပြန်လာမှာလားဆိုတဲ့ အမေ့ရဲ့အမေးစကား……….
နားကြားမှာ ခုထိကြားယောင်။

ခုချိန်မှာ ကျနော်ဖျားနေတယ် အမေ…….
သတင်းတွေငတ်နေတယ် အမေ…….
အွန်လိုင်းပြတ်နေတယ် အမေ……..

ဒါပေမဲ့လေ
အမေ့ရဲ့ဒုက္ခအိုးလေးက ဒုက္ခအိုးလေးပါပဲ
ဘယ်သူမှ မပေးတဲ့ ၀န်တွေကို ထမ်းထားဆဲ
ရိုးသားမှု တွင်းနက်ထဲမှာ ကျဆင်းမြဲ
လွတ်လပ်မှုကို အများနဲ့အတူ ဆောင်ကြဉ်းယူခဲ့ဖို့ အားခဲ
အလဲလဲအကွဲကွဲထဲမှာ အသဲအမဲ ရုန်းကန်နေဆဲပါ အမေ…။

အရာရှိကြီးမဖြစ်ခဲ့သလို
သူခိုးကြီးလည်း မဖြစ်ခဲ့တဲ့ကျနော်
ယောင်ခြောက်ဆယ်လုပ်နေတာမဟုတ်ပါဘူးအမေရဲ့
ကျနော်ဟာအမှန်တရားရဲ့ ဘက်တော်သားပါ……..
အများမိုးခါးရေ သောက်တိုင်းလိုက်မသောက်ချင်တာ
ခွင့်လွှတ်ပါအမေ……။

အမေ့ရဲ့ဒုက္ခအိုးလေး…..
အမေ့ရဲ့ဒုက္ခအိုးလေး…..

ကိုငှက်ကြီးသီချင်းသံအကြားမှာ
အမေ့ရဲ့ ဖုန်းပြောသံကို ကြားလိုက်တယ်။ ။


မင်းနိုင်သူ (၂၀-ဖေဖော်ဝါရီ-၂၀၁၀)