ခုချိန်မှာ လူတိုင်းဟာ ကိုယ့်ကိုယ်ကို ဦးဆောင်ကြရမှာပဲ...ဒီရွေးကောက်ပွဲဟာ မိမိတို့ကို စစ်ကျွန်ဇာတ် ဆက်သွင်းမယ့် ကန့်လန့်ကာအဖွင့်တခုဆိုတာကို ယုံကြည်ရင် မဲရုံကို မသွားကြဖို့ဘဲ။ ဒီလိုမှမဟုတ်ဘဲ အကြောက်လွန်ပြီး မဲရုံကိုသွားပြီဆိုတာနဲ့ ခင်များတို့ဟာ ကျုပ်တို့ စစ်ကျွန်အဖြစ်ဆက်လက်ခံယူပါမယ်လို့ ကတိပေးလိုက်တာနဲ့ အတူတူပဲ။ တနိုင်ငံလုံးကို အကျဉ်းချထားနိုင်တဲ့ ထောင်မရှိဆိုတာကို လူတိုင်း သဘောပေါက်ထားဖို့ လိုတယ်။
Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

Saturday, February 19, 2011

သိထားသမျှ နှစ်လောက

မင်းနိုင်သူ


ဒီဘက်က သတင်းလောကအကြောင်း လှမ်းပြီး မေးကြမြန်းကြတာတွေ အခုတလော တော်တော်ကို များလှပါတယ်။

ရွေးကောက်ပွဲပြီးရင်တော့ စာနယ်ဇင်းလွတ်လပ်ခွင့်အထိုက်အလျောက် ရလာနိုင်တယ်လို့် မျှော်လင့်ထားသူတချို့ သူတို့မျှော်လင့်ချက်တွေ ကုန်ခမ်းသွားတာက တကြောင်း တချို့လည်း စာနယ်ဇင်းတိုက်အတွင်းက အချင်းချင်းနေရာလုပွဲ အာဏာလုပွဲတွေကို စိတ်ပျက်လာကြတာက တကြောင်းကြောင့် ဒီဘက်က သတင်းလောကအကြောင်းကို ပိုပြီး သိချင်လာကြပုံပါပဲ။

ပြည်တွင်းမှာလည်း သတင်းထောက်လုပ်ခဲ့ဖူးတဲ့ ကျနော့်ကို မေးကြမြန်းကြပါတော့တယ်။

ကိုင်း….ကျနော်သိသမျှ သတင်းနှစ်လောကကို ပြောပါမယ်ဗျား။

သတင်းနှစ်လောကဆိုတာကတော့ ပြည်တွင်းနဲ့ပြည်ပ နှစ်လောကကို ဆိုလိုတာပါ။

နှစ်လောကစလုံးမှာ တူညီတာတွေ ရှိသလို မတူကွဲပြားတာတွေလည်း အများကြီးခင်ဗျား။

ဒီအထဲကမှ အဓိကတူညီတဲ့အချက်က ပြည်တွင်း ပြည်ပမှ သတင်းသမားတိုင်းဟာ သတင်းလိုက်ကြရတာဖြစ်ပြီး အဓိက ကွဲပြားတဲ့အချက်ကတော့ လိုက်ထားတဲ့သတင်းကို ပြည်တွင်းသတင်းသမားတွေက လွတ်လပ်စွာတင်ပြခွင့်မရှိတာပါပဲ။

သတင်းလိုက်တာခြင်းတူပေမယ့် လိုက်ပုံလိုက်နည်းခြင်းကတော့ ကွဲပြားသွားပါပြီ။ ပြည်တွင်းသမားတွေက လူတွေ့မေးမြန်းသတင်းယူကြရတာဖြစ်ပေမယ့် ဒီဘက်က သတင်းသမားတွေရဲ့ အဓိက သတင်းရယူရတဲ့နည်းကတော့ တယ်လီဖုန်းနဲ့ အင်တာနက်ကတဆင့်ပါ။

ဒါ့ကြောင့် ဒီဘက်မှာ သတင်းသမားအဖြစ် ကျင်လည်မယ့်လူဟာ တယ်လီဖုန်းနံပါတ်တွေကို ရယူထားနိုင်ဖို့လိုအပ်ပြီး အွန်လိုင်းမှာလည်း မိတ်ဆွေအပေါင်းအသင်းများများ ရှိထားဖို့ လိုပါတယ်။

ပြည်တွင်းသတင်းလောကမှာတော့ စီးပွားရေးသမားနဲ့ ဌာနဆိုင်ရာတာဝန်ရှိသူတွေကို သိနေရင် သတင်းသမားလုပ်လို့ ရနိုင်ပြီဖြစ်ပေမယ့် ဒီဘက်အတွက်ကတော့ နိုင်ငံရေးသမားတွေကိုပါ သိထားမှသာ ဒေါင်ဒေါင်မြည် သတင်းသမားဖြစ်ပါလိမ့်မယ်ဗျား။

ပြည်ပသတင်းသမားဟာ နိုင်ငံရေးသမားတွေအပြင် နအဖဘက်တော်သားတွေနဲ့ပါ ဒွေးရောယှက်တင် နေကြရတာကြောင့် အနေတတ်ဖို့နဲ့ သတ္တိရှိဖို့လည်း လိုပါတယ်။

အနေတတ်ဖို့ဆိုတာက ပြောသမျှခေါင်းညိတ် အလိုကျလိုက်ရေးပေးဖို့ ဆိုလိုတာမဟုတ်ပါဘူး။ သတင်းသမားကျင့်ဝတ်ကို မြဲမြဲမြံမြံဆုပ်ကိုင်ထားနိုင်ဖို့ပါ။ သတင်းသမားဟာ လူပေါင်းစုံနဲ့ ဆက်သွယ်နေရသူတွေပါ။ လိုအပ်လာရင် အများက နအဖဘက်တော်သားလို့ ယူဆထားကြသူတွေကိုလည်း တွေ့ဆုံမေးမြန်းရပါတယ်။

ဒီလိုအခါမျိုးမှာဒီကောင်ကတော့ နအဖလူနဲ့ ဆက်သွယ်နေတယ်ဆိုတဲ့ စွပ်စွဲတဲ့ အသံတွေ ထွက်လာပါလိမ့်မယ်။ ဒါတွေကို ဂရုစိုက်နေရင်တော့ ကိုယ်သိချင်တဲ့အကြောင်းအရာကို သိခွင့်ရတော့မှာမဟုတ်ပါဘူး။ ဒါ့ကြောင့် သတ္တိရှိဖို့ လိုတယ်လို့ ပြောတာပါ။

တကယ်တော့ သတင်းသမားဟာ ဘယ်သူ့လူမှမဟုတ်ပါဘူး။ နှစ်ဘက်စလုံးက အခြေအနေတွေကို သိထားပြီး ပြန်လည်တင်ပြပေးနိုင်ဖို့သာ သတင်းသမားအလုပ်ပါ။

အဓိကက တဘက်သတ်ပြောသမျှကို ယုံကြည်ပြီးဖြစ်စေ ကြောက်ရွံ့လို့ဖြစ်စေ လဘ်လာဘကြောင့်ဖြစ်စေ စာမျက်နှာပေါ်မှာ မဟုတ်တမ်းတရားတွေ မရေးမိ မပြောမိဖို့ပါပဲ။

ဥပမာ….တပ်တွင်းရာထူးအပြောင်းအလဲသတင်းတွေနဲ့ပတ်သက်ရင် နအဖစစ်အစိုးရနဲ့ နီးစပ်သူတွေဆီကပဲ သတင်းရတတ်တာပါ။ ဒီမိုကရေစီအင်အားစုတွေဆီက ဒီလိုသတင်းမျိုး ထွက်မလာတတ်ပါဘူး။

ဒီလိုသတင်းမျိုးရလာရင် ကိုယ့်သတင်းပေးက တပ်တွင်းပုန်ကုန်မှုကြီးဖြစ်တော့မယောင် ပြောလာခဲ့ရင်တောင် မသေချာတဲ့အခြအနေတွေကို သတင်းမှာမထည့်ဘဲ ရာထူးအပြောင်းအရွေ့သတင်းလောက်သာ ရေးသင့်ပါတယ်။

သူတို့ ချဲ့ကားပြောတိုင်းရေးရင် တဘက်အဖွဲ့အစည်းရဲ့လှည့်ကွက်ထဲကို ရောက်သွားနိုင်ပြီး ကိုယ်ဟာ အသုံးချခံဖြစ်သွားနိုင်ပါကြောင်း ပြောရင်း ဒီတပတ် ဒီလောက်နဲ့ ရပ်ပြီး နောက်တပတ်မှ ဆက်ပြောပြပါရစေဗျား။

Monday, November 15, 2010

ပြန်လည်အသက်ဝင်လာသော ဒီချုပ်

၁၉၉၀ ရွေးကောက်ပွဲလွန် အချိန်ကာလများမှ စ၍ ဖုတ်လှိုက်ဖုတ်လှိုက်ဖြင့် အသက်ငင်နေခဲ့ရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ယနေ့ ပြန်လည်အသက်ဝင်လာပါပြီ။

ထိုသို့ ပြောခြင်းမှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာ၍ ပြောခြင်းလောဟု မေးခွန်းထုတ်စရာရှိသည်။ အကယ်စင်စစ်မူ ဒေါ်အောင်ဆန်းစုကြည် မလွတ်မြောက်မီကပင် ဒီချုပ် အသက်ဝင်နေခဲ့ပြီဖြစ်ပါသည်။

ဒေါ်အောင်ဆန်းစုကြည်မလွတ်မြောက်မီ ၅ ရက်အလိုက ကျင်းပခဲ့သော နအဖစစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲကို မဲမပေးသပိတ်မှောက်ရန် လူထုကို စည်းရုံးဆွဲဆောင်နိုင်ခဲ့ခြင်းသည် ဒီချုပ်ပြန်လည်အသက်ဝင်ခြင်း၏ ပြယုဂ်ဖြစ်သည်။

၁၉၉၀ ရွေးကောက်ပွဲကာလက မဲပေးခွင့်ရှိသူအားလုံး၏ ၇၀ ရာခိုင်နှုန်းကျော်က မဲပေးခဲ့ကြသော်လည်း နအဖစစ်အစိုးရ အဓမ္မကျင်းပခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင်မူ မဲပေးပိုင်ခွင့်ရှိသူ ၃၀ ရာခိုင်နှုန်းခန့်ကသာ မဲပေးခဲ့ကြကြောင်း ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် ပါတီများ ၊ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများက ပြောဆိုကြသည်။

ယခုတကြိမ်တွင် အချိန်မီ ဒီချုပ်က ပြတ်သားသော လမ်းစဉ်ချပေးနိုင်ခဲ့မှုကြောင့်သာ မဲပေးသူဦးရေ လျော့ကျသွားခြင်းဖြစ်သည်။
ယခုတကြိမ်ဟု ဆိုခဲ့သည်မှာ ယခင်တကြိမ်ရှိနေသေး၍ ဖြစ်သည်။

ထိုယခင်တကြိမ်မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆန္ဒခံယူပွဲဖြစ်၏။ ၂၀၀၈ အခြေခံဥပဒေဆန္ဒခံယူပွဲပြုလုပ်စဉ်က ဒီချုပ်သည် လူထုကို ပြတ်သားသော လမ်းစဉ် ချမပေးနိုင်ခဲ့ပေ။ ကျနော်တို့ စစ်ဗိုလ်တမတ်သားပါနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို လက်မခံနိုင်ပါဘူးဟု ပြောဆိုနေခြင်း ၊ ကြေညာချက်ထုတ်ပြန်ခြင်းတို့မှ လွဲ၍ လူထုအနေဖြင့် မည်သို့ တုန့်ပြန်သင့်သည်ဟူသော လမ်းစဉ်ကို ချမှတ်မပေးနိုင်ခဲ့။

သို့ဖြင့် ပြည်သူလူထုသည် နအဖ၏ ၂၀၀၈ အခြေခံဥပဒေဆန္ဒခံယူပွဲမဲရုံအတွင်း အတော်များများ ၀င်ရောက်သွားကြသည်။ ရလဒ်ကား ဆန္ဒမဲပေးခွင့်ရှိသူ ၉၂ ရာခိုင်နှုန်းကျော်က ထောက်ခံအတည်ပြုခဲ့ကြသည်ဟု နအဖက ကမ္ဘာကို ကြေညာနိုင်ခဲ့ခြင်းဖြစ်သည်။

ထိုစဉ်ကသာ ဆန္ဒခံယူပွဲကို မသွားလည်း နေနိုင်တယ် ၊ နေခွင့်ရှိတယ်ဆိုသော ပြတ်သားသည့် လမ်းစဉ်ချပေးနိုင်ခဲ့လျှင် ဒီချုပ်သည် ယခုထက် ၂ နှစ်စော၍ အသက်ဝင်နေမည်ဖြစ်သကဲ့သို့ ၂၀၁၀ ရွေးကောက်ပွဲကိုပင် ဟန့်တားနိုင်သည့် အဆင့်ရောက်သွားနိုင်ကာ ပါတီထပ်မံမှတ်ပုံမတင်၍ ဒီချုပ်ပါတီမရှိတော့ဆိုသည့် နအဖ၏ ကြေညာချက်မျိုးကိုလည်း တွေ့ကြုံရတော့မည်မဟုတ်ပေ။

မည်သို့ပင်ဖြစ်စေကာမူ ယခုရွေးကောက်ပွဲတွင် မဲမပေးရေး သပိတ်မှောက်လမ်းစဉ်ကို အချိန်မီ ရှင်းလင်း ပြတ်သားစွာ ချမှတ်ပေးခဲ့သည့်အပြင် လူထုကိုလည်းစည်းရုံးဆွဲဆောင်နိုင်ခဲ့ခြင်းကြောင့် ဒီချုပ် ပြန်လည်အသက်ဝင်လာခဲ့သည်ကတော့ အသေအချာပင်။




ခေါင်းသုံးလုံးကို ကျော်ကြည့်ခြင်း

ယခုအချိန်တွင် ဒီချုပ်၌ ဦးတင်ဦး ၊ ဒေါ်အောင်ဆန်းစုကြည် ၊ ဦးဝင်းတင်ဟူသော ခေါင်းသုံးလုံး ပေါင်းစုံနေကြပြီဖြစ်၏။ ၁၉၈၉ ခုနှစ်မှစ၍ မဆုံတွေ့ကြရတော့သည့် ခေါင်းသုံးလုံး။

ထိုခေါင်းသုံးလုံးသည် အပြောင်းအလဲတရပ်ဆီကို ဆွဲခေါ်သွားနိုင်လောက်သည့် စွမ်းအားရှိမည်မှာ ယုံမှားသံသယဖြစ်စရာမရှိ။

သို့ရာတွင် ထိုခေါင်းသုံးလုံးပေါ်သို့ အချိန်မရွေး ကျရောက်လာနိုင်သည့် အန္တရာယ်များက ရှိသေးသည်။ ဒီပဲယင်းအရေးအခင်းကဲ့သို့ လုပ်ကြံသတ်ဖြတ်ခြင်း ၊ ထောင်သွင်းအကျဉ်းချခြင်းများကို ပြုလုပ်လာနိုင်သည့်အပြင် သဘာဝ မရဏတရား၏ ခေါ်ငင်ခြင်းနောက် အချိန်မရွေးပါသွားနိုင်သည်ကိုလည်း သတိချပ်သင့်၏။

ထို့ကြောင့် ဒီချုပ်သည် ခေါင်းသုံးလုံးဖြင့် ရပ်တည်ခြင်းမပြုဘဲ ခေါင်းများစွာ မွေးထုတ်ထားရန် လိုအပ်သကဲ့သို့ ယခုခေါင်းသုံးလုံးကိုလည်း အချိန်နှင့် တပြေးညီ ကမ္ဘာနှင့်ချိတ်ဆက်ပေးနိုင်ရန် အင်တာနက်နည်းပညာအထောက်အကူပြု အဖွဲ့ငယ်ကိုလည်း ပါတီတွင်း ဖွဲ့စည်းထားမှသာ ပါတီလုပ်ဆောင်ချက်များ ပိုမိုလျှင်မြန် ထိရောက်မှုရှိလာမည်ဖြစ်သည်။

Monday, October 25, 2010

ကျေးဇူးတင်ပါတယ် လေးလေးထွန်းလွင်

ဒီကနေ့ပဲ လေးလေးထွန်းလွင်ရဲ့ ဆောင်းပါးကို ဖတ်ရပါတယ်။
လေးလေးထွန်းလွင်ဆိုတာ မိုး/ဇလနဲ့ ပတ်သက်ပြီး ဒေါက်တာဘွဲ့ရခဲ့ပြီး ဖြစ်တဲ့ ဦးထွန်းလွင်ကို ကျနော်တို့ အညာအခေါ်နဲ့ ခေါ်လိုက်တာပါ။

လေးလေးထွန်းလွင်ကို ပင်စင်ယူပြီးချိန်မှာ အနားယူသွားခဲ့လိမ့်မယ်လို့ ထင်ထားခဲ့တာပါ။ သူ လုံးဝ အနားမယူရှာပဲ ကိုယ်ပိုင် ၀ဘ်ဆိုက်တခုကို ဖွင့်ပြီး လောကအကျိုး တတ်နိုင်သမျှ သယ်ပိုးနေသေးတယ်ဆိုတာ သိလိုက်ရတော့ အံ့သြ ၀မ်းသာမိရပါတယ်။

သူ့အရေးအသား ၊ ခန့်မှန်းချက်တွေဟာ ၀န်ထမ်းဘ၀မှာ ရှိစဉ်ကထက် ပိုမိုသွက်လက် နေတာကိုလည်း သတိပြုမိပါတယ်။ စာတလုံး ၊ တပိုဒ်ဟာ ခံစားတတ်သူတွေအတွက် သိမိ၊ ထိရှ စေတာကိုး။ ထားလိုက်ပါတော့ လေးလေးထွန်းလွင်ရဲ့ ဆောင်းပါးကိုပဲ ပြန်ကောက်ကြပါစို့။

ဆောင်းပါးကို ဖတ်လိုက်ရတော့ နာဂစ်ကစတဲ့ ရင်ထဲကရောဂါဆိုတဲ့ ခေါင်းစဉ်ကတည်းက စတင် စိတ်ဝင်စားမိသွားပါပြီ။

စကတည်းက ယဉ်ခဲ့တဲ့ tunlwin.com ဆိုတဲ့ ခေါင်းစီးခွဲပါ "အဓိပ္ပါယ်ရှိသောစကား၊ အကျိုးရှိသောစကား၊ မှန်ကန်သောစကား" များကိုသာ ပြောနိုင်သောကိုယ် ဖြစ်ရပါလို၏လို့။ ဆုတောင်းထားပုံလေးကလည်း သင်းလှပါတယ်လို့ ပြောရင်း လေးလေးထွန်းလွင်ရဲ့ ဆောင်းပါးကို မူရင်းအတိုင်း ပြန်လည် ဖော်ပြပေးလိုက်ရပါတယ်။

ကျွန်တော်နဲ့ tunlwin.com

မောင်ထွန်းလွင်(မိုးလေ၀သ)

နာဂစ်ကစခဲ့တဲ့ ရင်ထဲကရောဂါ

ရာသီဥတုပြောင်းလဲခြင်းနဲ့ ပတ်သက်တဲ့… မိုးလေ၀သအခြေအနေခန့်မှန်းခြင်းနဲ့ ပတ်သက်တဲ့… ကိုယ်ပိုင် Website တစ်ခုတော့ လုပ်ဖို့လိုနေပြီလို့ ဌာနကအငြိမ်းစားယူပြီး စကတည်းက သတိထားခဲ့မိပါတယ်။ အကြောင်းကတော့ ၂၀၀၈ မေလကကျရောက်ခဲ့တဲ့ ဆိုင်ကလုန်းနာဂစ်ကြောင့် ကျွန်တော်တို့ နိုင်ငံသူ နိုင်ငံသားတွေဟာ awareness တွေ ဘယ်တုံးကမှနဲ့ကို မတူအောင် တိုးမြင့် လာခဲ့ပါတယ်။ ခက်တာက "သိလိုသူကများ၊ ဖြေလိုသူကရှား" ဖြစ်နေတဲ့ ကျွန်တော်တို့ရဲ့ အခြေအနေတွေကြောင့် ပြည်သူများရဲ့ တက်ကြွမှုတွေ၊ နိုးကြားမှုတွေဟာ အရာမထင်သလိုဖြစ်နေခဲ့ရပါတယ်။ နာဂစ်နဲ့ကိုယ်တိုင် တွေ့ခဲ့ကြသူတွေအနေနဲ့ မိသားစုတစ်ခုလုံး ဆုံးရှုံးရသူတွေ၊ အဖေတစ်ကွဲ အမေတစ်ကွဲဖြစ်ရသူတွေ၊ သားသမီးဆုံးရှုံး ရသူတွေအနေနဲ့ ဆိုးဝါးခါးသီးလှတဲ့ အတွေ့အကြုံတွေကြောင့် ခမျာများ ကျီးလန့်စာစား ဖြစ်ရှာကြပေလိမ့်မယ်လို့ ကျွန်တော်အမြဲတွေးပြီး စိတ်မကောင်းကြီးစွာဖြစ်ရပါတယ်။ အထူးသဖြင့် နာဂစ်နဲ့ ပတ်သက်တဲ့ ကြိုတင်သတိပေးချက်တွေ ထုတ်ပြန်ရာမှာ အဓိကတာဝန်ရှိတဲ့သူတစ်ဦး ဖြစ်ခဲ့ရတာအနေနဲ့လည်း ပြည်သူတွေအပေါ်မှာ အလုပ်အကျွေးပြုချင်တဲ့ စိတ်တွေလည်း တဖွားဖွားပေါ်နေမိပါတယ်။ တကယ်တော့ "ဒါ ...ငါ့မိဘဆွေမျိုး သားချင်းတွေဘဲ။ ဒို့ပြည်သူပြည်သားတွေ ရာသီဥတုနဲ့ ပတ်သက်လို့ သိလိုတာတွေ၊ အကာအကွယ်ပြုလိုတာတွေ၊ ဗဟုသုတပွားလိုတာတွေ တစ်ထောင့်တစ်နေရာက တစ်တပ်တစ်အား ငါလုပ်ရပေလိမ့်မယ်" လို့ ဆင်ခြင်မိပါတယ်။

ကည့်တတ်တော့ ဘာဝနာ

ဒါကြောင့်လည်း အငြိမ်းစားယူခဲ့တဲ့ (၂၉-၅-၂၀၀၉)ကစပြီး၊ စာရေးတာတွေ၊ စာသင်တာတွေ၊ ဟောပြော တာတွေ၊ သုတေသနပြုတာတွေကို ဘ၀လှိုင်းတံပိုးတွေကိုကြံ့ကြံ့ခံရင်း မမောနိုင်မပန်းနိုင် လုပ်နေခဲ့မိပါတယ်။ အငြိမ်းစားယူဖြစ်ခဲ့တာကိုဘဲ။ ကျေးဇူးတင်နေမိပါတယ်။ အထူးသဖြင့် ပြည်သူတွေရဲ့လက်ရှိ့ သဘာဝဘေးကာကွယ် စောင့်ရှောက်ရေး နိုးကြားမှုတွေကို အခွင့်အရေးကောင်းတစ်ရပ်အနေနဲ့ အမိအရဖမ်းယူပြီး အသိတွေ၊ သတိတွေ ပွားစေဖို့ လုပ်လိုတဲ့ဆန္ဒဟာ ကျွန်တော့်မှာ တားမနိုင်ဆီးမရ ဖြစ်နေမိပါတယ်။

ဒါကြောင့်လည်း အငြိမ်းစားယူအပြီး ဒီတစ်နှစ်တာကျော်ကျော် ကာလအတွင်း အကျေနပ်ဆုံးလုပ်ငန်းလေးတွေ အချို့ကို အကောင်အထည် ဖေါ်နိုင်ခဲ့ပါတယ်။ စာမျက်နှာ (၁၆၀)ကျော်ရှိတဲ့ "မြန်မာနိုင်ငံရဲ့ရာသီဥတုပြောင်းလဲခြင်း ဆောင်ရွက်မှု ဆန်းစစ်ချက် အစီရင်ခံစာ"(Myanmar Climate Change Performance Assessment Report-MCCPAR)ကို ပြုစုဖြစ်ခဲ့ပါတယ်။ ရာသီဥတု၊ မိုးလေ၀သ၊ သဘာဝဘေး အန္တရာယ်စတာတွေနဲ့ ပတ်သက်တဲ့ဆောင်းပါး (၉၀)ကျော်ကို အငြိမ်းစားယူပြီးတစ်နှစ်အတွင်း ရေးဖြစ်ခဲ့တယ်။ နယ်အနှံ့ ရာသီဥတုပြောင်းလဲခြင်း ဟောပြောပွဲတွေ ဟောပြောဖြစ်ခဲ့ပါတယ်။ သင်တန်းတွေပို့ချဖြစ်ခဲ့တယ်။ ပြည်ပမှာလည်း မြန်မာနိုင်ငံရာသီဥတုပြောင်းလဲခြင်း၊ နာဂစ်အတွေ့အကြုံတွေ ဟောပြောဖြစ်ခဲ့တယ်။ အဲဒီအထဲကမှ အကျေနပ်ဆုံးကတော့ စေတနာရှင်များရဲ့အလှူငွေနဲ့ "မုန်တိုင်းအကြောင်း သိကောင်းစရာ" စာအုပ်ငယ်တစ်သိန်းကျော်ကို ပြည်သူများဆီကို အခမဲ့လှူဒါန်းနိုင်ခဲ့ခြင်းဘဲ ဖြစ်ပါတယ်။

ကျွန်တော်နဲ့ tunlwin.com

အခုတော့ ရာသီဥတုနဲ့ မိုးလေ၀သခန့်မှန်းခြင်းဆိုင်ရာ Websiteတစ်ခုကို လွှင်တင်နိုင်ခဲ့ပါပြန်ပါပြီ။ အထောက်အပံ့အကူအညီ ခိုင်ခိုင်မာမာမရှိခဲ့ပေမယ့် ပြင်းပြတဲ့စိတ်ဆန္ဒကြောင့်သာ ဆောင်ရွက် နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ Internet Based Weather and Climate Information Web ဖြစ်ပါတယ်။ အချက်လက်တိုင်းတာချက်တွေကို Internet က ယူပါတယ်။ Analysis, Diagnosis, Prognosis တွေအားလုံးကိုတော့ ကိုယ်တိုင်ဘဲလုပ်ပါတယ်။ အမြဲမပြတ်လာမေးနေကြတဲ့ ဂျာနယ်သတင်းထောက် ကလေးတွေကြောင့် လူတွေဘာတွေသိချင်နေကြတယ်၊ ဘာတွေစိုးရိမ်နေကြတယ်။ ဆိုတာလေးတွေ ကိုခန့်မှန်းမိရာက အခုလိုဆန္ဒတွေ ပေါ်လာတာဖြစ်ပါတယ်။

လူတွေမှာတာဝန်(၃)ရပ်ရှိကြတယ်။

ကျွန်တော်ငယ်ငယ်က မှတ်သားဘူးတဲ့ စကားအဆိုအမိန့်တစ်ခုရှိပါတယ်။ အဲဒါကတော့
“လူဆိုတာ တာဝန်(၃)ရပ်ရှိတယ်။ ပထမတာဝန်က အတတ်ပညာတစ်ခုခုကို တတ်အောင် သင်ရမယ်။ ဒုတိယတာဝန်က ပိုမိုတတ်ကျွမ်းအောင် သင်ရမယ်။ တတိယ တာဝန်ကတော့ မိမိတတ်ကျွမ်းသမျှကို မျိုးဆက်သစ်လူငယ်တွေကို ပြန်သင်ကြားပေးရမယ်။”

လို့ နိုင်ငံခေါင်းဆောင်ကြီးတစ်ဦးက ပြောဘူးပါတယ်။ ဟုတ်ကဲ့…။ ကျွန်တော် လောဘများ သိပ်ကြီး နေမလားဘဲ။ သိပ်လူဖြစ်ချင်တယ်ဗျာ။ အမှန်ပြောရရင် လောကမှာ ကျွန်တော် လောဘ အလွန်ကြီးတဲ့အရာနဲ့ လောဘမကြီးတဲ့အရာ ဆိုတာရှိပါတယ်။ ကျွန်တော် လောဘကြီးတဲ့ အရာကတော့ “ပညာရဖို့” ဖြစ်ပါတယ်။ လောဘမကြီး စိတ်မ၀င်စားတဲ့အရာကတော့ “ငွေရဖို့နဲ့ အခွင့်အာဏာရှိဖို့” ဖြစ်ပါတယ်။ တောမှာမွေးလာတဲ့လူမို့ တောနေအဆင့်သာ အတွေးရှိပေတယ်လို့ ဝေဖန်ရင်လည်း ကျွန်တော်စိတ်ဆိုးမှာ မဟုတ်ပါဘူးဗျာ။

စကတည်းကယဉ်ခဲ့တဲ့ tunlwin.com

ဖြစ်ချင်တော့ ကျွန်တော့် website စမ်းသပ်နေတုံးမှာဘဲ ဆိုင်ကလုန်းမုန်တိုင်း ဂီရိကဖြစ်ခဲ့တယ်။ (၂၃-၁၀-၂၀၁၀) သီတင်းကျွန်လပြည့်နေ့မှ ဖွင့်ပွဲလုပ်မယ့် ကျွန်တော် website ဟာ စကတည်းက ယဉ်သကိုး ဖြစ်နေပါတော့တယ်။ တစ်သက်လု့း မိုးလေ၀သအလုပ်တွေ.. ရာသီဥတုအလုပ်တွေ.. ရူးရူးသွပ်သွပ်လုပ်နေခဲ့တဲ့ကျွန်တော့ကို မိုးနတ်မင်းကြီးက ကြိုတင် welcome လုပ်လိုက်တယ် ထင်ပါရဲ့ဗျာ။

ဖွင့်ပွဲလုပ်တဲ့ (၂၃-၁၀-၂၀၁၀)ရက်နေ့မှာ စမ်းသပ်ကာလ တစ်လအတွင်း MCCW Web ကို Clip နှိပ်ကြည့်သူပေါင်း (၁)သန်းကျော်ခဲ့တယ်လို့ counter ပြနေတော့ ကျွန်တော် အံ့သြသွားရပါတယ်။ ၀င်ကြည့်တဲ့သူကဘဲ တစ်သောင်းခုနှစ်ထောင်ကျော်ရှိပါတယ်။ ကျွန်တ်ာတာဝန်တွေရှိလာပြီလို့ ခံယူလိုက်မိပါတယ်။ ဒီတော့ ကျွန်တော် အလုပ်ကို ဆုတောင်းပြီး လုပ်ရပါတော့တယ်။ "အဓိပ္ပါယ်ရှိသောစကား၊ အကျိုးရှိသောစကား၊ မှန်ကန်သောစကား" များကိုသာ ပြောနိုင်သောကိုယ် ဖြစ်ရပါလို၏လို့။

အခုတော့စဖြစ်ခဲ့ပြီ။

အခုတော့ ကျွန်တော်စဖြစ်ခဲ့ပြီ။ "တာဝန်မရှိတော့ပေမယ့် တာဝန်သိတဲ့အနေနဲ့လုပ်ဖြစ်ခြင်း” ဖြစ်ပါတယ်။ ခန့်မှန်းရေးတွေကို နေ့စဉ်တစ်ဦးတည်း လုပ်ရတော့မှာ ဖြစ်တဲ့အတွက် ၀မ်းလည်း သာတယ်၊ ၀မ်းလည်းနည်းမိပါတယ်။
ဝမ်းသာတာကတော့ လုပ်သင့်လုပ်ထိုက်တာကို လုပ်ဖြစ်လို့ပါဘဲ။ ၀မ်းနည်းတာကတော့ အကြီးစား နှလုံးခွဲစိတ်မှုခံထားရသူ တစ်ဦးအနေနဲ့ တစ်စထက်တစ်စ ယိုယွင်းလာနေတဲ့ ကျန်းမာရေးကြောင့် စိုးရိမ်မိခြင်းဘဲဖြစ်ပါတယ်။
မိုးလေ၀သသမားဆိုတော့ အာကာသလေးနဲ့မကင်းတဲ့ ဥပမာလေးတစ်ခုကို သတိရမိပါတယ်။ "ကြီးကျယ် မြင့်မြတ်တဲ့ အာဇာနည်တွေဆိုရင် ဥက္ကာပျံနဲ့တူပါသတဲ့။ ဥက္ကာပျံဆိုတာ ဘယ်သူ့ကိုမှအားမကိုးဘူး။ ကိုယ့်ကိုယ်ကို လောင်စာအဖြစ်သုံးပြီး ကမ္ဘာကိုအလင်းရောင်ပေးစမြဲ" ဘဲတဲ့။
သူတို့နဲ့စာတော့ ကျွန်တော့်အဖြစ်က ပြောနေရတာတောင်ရှက်စရာပါ...။

Wednesday, October 6, 2010

ဘာသာရေးခေါင်းဆောင်တို့နှင့် စစ်အာဏာရှင်ရွေးကောက်ပွဲ



အင်းစိန်ထောင်အတွင်း သီတဂူဆရာတော်ကြီး လျှပ်တပြက်ဂျာနယ် ဖတ်နေစဉ်

(၀ဲလူ..မြတ်ခိုင်...ညာလူ ...အကျဉ်းဦးစီးညွှန်ကြားရေးမှူး)


သီတဂူဆရာတော်ကြီးက အင်းစိန်ထောင်ကြီးကို Recreation Centre ကြီးပါဆိုပြီး အင်တာဗျူး တစ်ခုမှာ ပြောလိုက်တာကို  ကြားလိုက်ရတော့ ဦးဇင်းတို့ အင်မတန်တအံ့တသြဖြစ်ရပါသည်။ သီတဂူဆရာတော်ကြီးဟာ မသိနားမလည်သော ပြည်သူတွေရဲ့ မျက်စိနဲ့နားတွေကို ထိုးဖောက် ဖျက်ဆီးပြီတကား၊ ပြည်သူတွေကို အမှောင်တိုက်သွင်းပြီတကားဟု များစွာစိတ်မကောင်းဖြစ်မိပါသည်။
စစ်အစိုးရလက်ထက်မှာ ထောင်ဆိုတာ လူတွေရဲ့ ဘ၀တွေကို အညွန့်တုံးအောင်ဖျက်ဆီးတဲ့နေရာဆိုတာ ဦးဝင်းတင်ရေးတဲ့ ဘာလဲဟဲ့လူ့ငရဲ ဆိုတဲ့ စာအုပ်ကို ဖတ်ဖူးသူတိုင်း သိကြပေမည်။ ထိုမှတပါး ပြည်ပရောက် ထောင်ကျဘူးသော ဆရာတော်တွေ ရေးနေတဲ့ စာတွေကိုကြည့်လျှင်၎င်း၊ ရဲဘက်စခန်းမှာ ထွက်ပြေးလွတ်မြောက်သွားသော သံဃာတပါး၏ အင်တာဗျူးကို နားထောင်ခြင်းအားဖြင့်၎င်း စစ်အာဏာရှင်၏ စနစ်တကျ လူညွန့်တုံးအောင်လုပ်တဲ့ လုပ်ရပ်တွေကို အများပြည်သူတို့ ကြားကြ၊ သိကြပြီးဖြစ်ပါလိမ့်မည်။
 
တချိန်က သီတဂူဆရာတော်…

သီတဂူဆရာတော်ကြီးဟာ ၁၉၈၈ အရေးတော်ပုံကြီးမှာ စစ်ကိုင်းမြို့က ကျဆုံးသွားတဲ့ ကျောင်းသားရဲဘော်တွေရဲ့ သားသမီးတွေအတွက် ပညာရေးရန်ပုံငွေ တရားပွဲတွေ ဟောကြားပေးခဲ့တာတွေကြည့်ရင် အဟောအပြောနဲ့တင်မဟုတ်ပဲ လက်တွေ့ပါဝင်လုပ်ဆောင်ခဲ့တဲ့ ဆရာတော်ကြီးဖြစ်ပါသည်။ ရာဇောဝါဒသုတ္တန် တရားတော်ဟာ သီတဂူဆရာတော်ရဲ့ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့၊ ပြည်သူတွေကြိုက်နှစ်သက်ခဲ့တဲ့ကြတယ်ဆိုတာ ပြည်သူအားလုံး အသိပင်ဖြစ်သည်။
မန္တလေးမှာ မစိုးရိမ်တိုက်သစ်က ဦးဝိစိတ္တာဘိဝံသ(ဦးဝီရသူ)ရဲ့ ဟောပြောချက်တွေကြောင့် ကုလားမြန်မာ အဓိကရုဏ်းဖြစ်တော့ သီတဂူဆရာတော်ကြီးက မေတ္တာစွမ်းရည်တရားတော်ဖြင့် ရဟန်းရှင်လူ ပြည်သူတွေရဲ့ ဒေါသကို ငြိမ်းအေးစေခဲ့လို့ ဦးဇင်းတို့ သတင်းသုံးဖော်တွေ အချင်းချင်း ဆရာတော်ကြီးဂုဏ်တွေ ပြောကြ၊ ချီးမွမ်းကြဖြင့် ကြည်နူးခဲ့ကြရပါသည်။ ဆရာတော်သည်ကား ပြည်သူ၏ နှလုံးကို သိပေစွတကား။ ငြိမ်းအေးမှုကို ပြုတတ်ပေစွတကား။ ၁၉၈၈ နောက်ပိုင်း ပြည့်အရေးကို လက်ရှောင်သွားပြီဟု  မိမိတို့သတင်းသုံးဖော်တွေ ထင်မိတာတွေ၊ တွေးမိတာတွေ မှားပြီဟူ၍ စိတ်မကောင်းဖြစ်မိခဲ့ကြသည်။ ဆွမ်းခံအိမ်မှ ဒါယိကာတွေက ဆရာတော်ကြီးကို အားမရဟု ပြောတော့တောင်မှ မဟုတ်ပါဘူးဟူ၍ အထက်ပါခံစားချက်ကို သေသေချာချာသုံးသပ်ကာ နားချခဲ့ရသေးသည်။
၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးဖြစ်တော့ သီတဂူဆရာတော်ကြီးဟာ ၁၉၈၈ တုန်းကလို လက်တွေလုပ်ဆောင်ချက်တွေ မလုပ်ဆောင်တော့ပါ။ ဧကရာဇ်မင်းကြီး၏ဘ၀နိဂုံးနှင့် လူမိုက်တို့သွားရာလမ်း တရားတော်ကိုပဲဟောခဲ့ပါသည်။ သို့သော် ရွှေဝါရောင်တော်လှန်ရေးအတွင်းက ဆရာတော်ကြီး၏ ကျောင်းသို့ စစ်တပ်က၀ိုင်းလိုက်ခံရသဖြင့် ခေတ္တတည်းခိုရန် လာရောက်လျှောက်ထားကြသော သံဃာ ၂ပါးအား တည်းခိုခွင့်ကိုအလိမ္မာဖြင့် ငြင်းလိုက်သည်ဟုကြားသိရပါသည်။ ဆရာတော်ကြီးကား ၁၉၈၈ ထက် အများကြီး ရင့်ကျက်သွားပြီတကားဟုသာ တွေးလိုက်မိတော့သည်။

သီတဂူဆရာတော်နဲ့ ၂၀၁၀

တနည်းပြောရရင်တော့ သူ့ပရိတ်သတ်သူသိနေပြီ။ အခြေနေတွေကို ကောင်းစွာသိနေပြီဟု ပြောရမည်ဖြစ်သည်။ ပြည်သူတရပ်လုံး၏ စိတ်ခံစားချက်ကိုသော်မှ သိသေးသည် မိမိပရိတ်သတ်ကို မသိပဲရှိနိုင်ပါအံနည်း။ မြန်မာစစ်အာဏာရှင်ဗိုလ်သန်းရွှေအတွက် ၂၀၁၀ ရွေးကောက်ပွဲဟာ အပေါအကြောင်တွေနဲ့ စော့ကစားတဲ့ကစားပွဲတစ်ခုမျှသာဖြစ်ပေလိမ့်မည်။ ငပေါတွေဆိုတာက ကိုယ့်ဂိုးကို ပြန်သွင်းမိလည်း ပျော်နေမည်သာဖြစ်သည်။ ဒါကိုကောင်းကောင်းသိသော ဗိုလ်ချုပ်မှူးကြီးက နယ်စပ်လက်နှက်ကိုင်အဖွဲ့များနှင့် တင်းမာနေသည့်ကြားက တရုပ်ပေါက်ဖော်ကြီးဆီ ခရီးထွက်လိုက်သေးသည်။ ယခုလာအိုကနေပြန်ခဲ့ပြန်ပြီ။ အိန္ဒိယမှာလည်း အကြမ်းမဖက် ငြိမ်းချမ်းရေးဖခင် ဂန္ဒီကြီး၏ အုတ်ဂူကိုတောင် ဖနောင့်နှင့်သွားပေါက်လိုက်သေးသည်။ ဗိုလ်ချုပ်မှူးကြီးက ရွေးကောက်ပွဲနဲ့ပတ်သက်၍ ပြည်တွင်းကိုတော့ အိပ်ထဲကဖားလောက် သဘောထားပေမယ့် ပြည်ပနိုင်ငံတွေကိုတော့ အထူးဂရုထားသည်မှာ ထင်ရှားလှပေသည်။ ဗိုလ်ချုပ်ကြီး အိန္ဒိယကအပြန် များမကြာမှီ ၀ါတွင်းကာလကြီးမှာ သီတဂူဆရာတော်ကြီးလည်း အင်းစိန်ထောင်တွင်း လုပ်ဇာတ်ထုပ်ကြီးနဲ့ ကြွချီပေတော့သည်။ မစ်ရှင်လွတ်လိုက်ခြင်းဖြစ်သည်။ သာသနာပြု မစ်ရှင်လို့တော့ မထင်။ ရွေးကောက်ပွဲရလဒ် အတည်ပြုဖို့အတွက် အခင်းအကျင်း လုပ်ပေးရတဲ့ ရွေးကောက်ပွဲမစ်ရှင်ပဲဖြစ်မည်။

သီတဂူနှင့် ဦးဂိုအင်ကာ

ဦးဇင်းတို့ ကြားဖူးသည်မှာ ၈၈ ကျောင်းသားတွေ အိန္ဒိယဘက်ကိုပြေးကြတော့ မြန်မာပြည်မှ ဟိန္ဒီအသိုင်းဝိုင်းက အိန္ဒိယက သြဇာကြီးသော ပါတီကြီးတစ်ခုကို စာလှမ်းရေးလိုက်သည်။ မြန်မာအစိုးရနှင့် သူတို့ရင်းနှီးနေပြီဖြစ်သဖြင့် ၈၈ကျောင်းသားတွေကို အကူညီမပေးရန် ရေးထားသည်ဟူသတတ်။ ထိုပါတီကြီးသည် ဆရာကြီးဂိုအင်ကာနှင့်ရင်းနှီးသည် ဟူသတတ်။ ဦးဂိုအင်ကာကြီးသည်လည်း မြန်မာဒုက္ခသည်တို့ကို ယခုချိန်ထိ မည်သည့်အကူညီမှမပေး ဟူသတတ်။ မည်သို့ပင်ဆိုစေကာမူ သီတဂူဆရာတော်ကြီး၏ အင်းစိန်မှတ်တန်းဗီစီဒီခွေသည် ဦးဂိုအင်ကာကြီး အိန္ဒိယထောင်ထဲမှာ အလှူတန်းလုပ် မှတ်တမ်းခွေထက် အဆများစွာသာနေသည်ဟု သိရပေသည်။ အံသြဖွယ်စွတကား။

ရွေးကောက်ပွဲနဲ့ ဘာသာရေး

ရွေးကောက်ပွဲဆိုတာ အပေါ်ယံ အဆောက်ဦးသာဖြစ်သည်။ ထိုအဆောက်ဦး၏ အနှစ်ကား ပြည်သူဆန္ဒသာဖြစ်သည်။ ဒီနေ့ရွေးကောက်ပွဲဝင်ပြိုင်ကြကုန်သော ထိုထိုပါတီတို့သည် အဆောက်ဦးပိုင်းကိုသာ ပြောကြဆိုကြသည်ကို ကြားနေရသည်။ အဘယ်ကြောင့်ဆိုသော် အနှစ်ကား ပြည်သူ့ဆန္ဒမဟုတ်၊ စစ်အာဏာရှင် ဆန္ဒသာဖြစ်သည်။ ထိုကြောင့် ထိုထိုပါတီတို့သည် ပြည့်အတွက် ဘာမှ ပြောစရာမရှိကြပေ။ ယုန်တောင်ပြေး ခွေးမြောက်လိုက်သကဲ့သို့ ဖြစ်နေပေတော့သည်။
ထိုကဲ့သို့သော ရွေးကောက်ပွဲရလဒ်ကို အကူညီပေးနိုင်ရန်အတွက် အင်းစိန်ထောင်မှ အလှူအတန်းပွဲကြီးကား ၀ါးတွင်းကာလ၌ပင် ဈာန်ယာဉ်စီးကာ အိန္ဒိယသို့ကြွလေပြီ။ မြန်မာပြည်တွင်း၌လည်း အနယ်နယ် အရပ်ရပ်ဖြန့်ကြပေတော့မည်။ လူညွန့်သတ်ရာ အင်းစိန်ထောင်ကြီးကို Recreation Centre ကြီးဟု ဖောက်လွဲဖောက်ပြန် သက်သေထူတော့မည်။ စစ်အာဏာရှင်တို့အတွက် ဘာသာတရားကား ကိုးကွယ်ရာမဟုတ်၊ ခုတုံးလုပ်ဖို့တည်း။ မည်သည့်ဘာသာမဆို သူတို ခုတုံးလုပ်ကြမည်။
ကျုပ်တို့ မန္တလေးမြို့တော်ဝန် ဖုန်းဇော်ဟန်ကြီးကလည်း မွတ်စလင်တွေကို ဗလီဆောက်ပေးမည်ဟု စည်းရုံးလျှက်ရှိပေတော့သည်။ ဘာသာရေးပွဲစားနှင့် အာဏာရှင်တို့ ပလူးကြပေတော့မည်။ပြည်သူတို့ကား ရူးရပေအုန်းတော့မည်။ မကြာမှီမှာလည်း မန္တလေး အိုးဘိုထောင်အတွင်း သီတဂူဆရာတ်ာက တရားပွဲတွေနဲ့ အလှူအတန်းတွေလုပ်ဦးမည်ဟု သိရသည်။ အကယ်၍ ဆရာတော်သာ အကျဉ်းသားတွေလွှတ်ဖို့ အလှူခံပေးနိုင်မည်ဆိုလျှင် အပြစ်တစုံတရာမရှိပဲ ချုပ်နှောင်ထားသော ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် တိုင်းရင်းသားခေါင်းဆောင်များ နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ဖို့ အလှူခံပေးနိုင်လျှင်တော့ ….....

အရှင်ရာဟုလာ (မစိုးရိမ်)



လူဆိုတာ ပုထုဇဉ်ပါပဲ။ ပုထုဇဉ်ပီပီ ဒုစရိုက်တရားတွေကို သိစိတ်ဖြင့် ဖြစ်စေ ၊ မသိစိတ်ဖြင့် ဖြစ်စေ ပြုမိတတ်ကြစမြဲပါ။ အာသဝေါ မကုန်ခမ်းသရွေ့တော့ သံဃာဆိုတာလည်း ပုထုဇဉ်တွေပါပဲ။ ဒါပေမယ့် သံဃာတွေဟာ အနည်းဆုံးအားဖြင့် လူတွေထက်တော့ အများအကျိုးပြုလုပ်ငန်းတွေကို ဆောင်ရွက်နိုင်စွမ်းကြပါပေတယ်။

ဒီလို အများအကျိုးကို ဆောင်ရာမှာ တခါတရံတော့လည်း အများကို ကယ်နိုင်ရေးအတွက် အနည်းစုကို မငဲ့နိုင် ၊ မငဲ့သာတဲ့ အဖြစ်တွေ ရှိနေတတ်တာကိုလည်း မေ့ထားကြလို့တော့ မရကောင်းပါဘူး။

သို့သော်လည်း ပုထုဇဉ်ပီပီ အမှန်တရားအတွက် အားထုတ်နေကြရင်းနဲ့ အမှားလမ်းဘက်ကို ချဉ်းကပ်သွားတတ်ကြတာကိုလည်း ဥပက္ခာပြုလို့ မရကောင်းပြန်ပါ။ ဒီလို လမ်းချော်လုဆဲဆဲ အဖြစ်တွေ ရှိနေရင် ၊ ရှိခဲ့ရင် ဝေဖန်ထောက်ပြတဲ့ အလုပ်ကသာ အငြင်သာဆုံး ကုထုံးဖြစ်တာမို့ ပေးပို့လာတဲ့ ဒီဆောင်းပါးကို တင်ပေးလိုက်တာပါ။

(စာကြွင်း...မူရင်းစာအတိုင်း ဖော်ပြထားခြင်း ဖြစ်ပါတယ်၊)

Tuesday, September 28, 2010

ငါတို့ ကလေးတွေ ငါတို့ ပြန်ပေး

ဒီသတင်းကို ၂၀၁၀ နှစ်စပိုင်းကတည်းက ကြားသိနေတာပါ။ ဒါပေမယ့် သီရိလင်္ကာရောက် မြန်မာရဟန်းတော်တွေက သတင်းဌာနတွေကို ပေါက်ကြားသွားရင် အစိုးရဘက် ကလေးတွေ ပြည်တော်ပြန်နိုင်ရေး စီစဉ်မပေးမှာစိုးလို့ ဒီကိစ္စကို ခန မေ့ထားပေးပါဆိုတဲ့အတွက် အသာ စောင့်ကြည့်နေခဲ့ရတာပါ။

ဒီကိစ္စမှာက စစ်အစိုးရ၀န်ကြီးဌာနတွေကိုယ်တိုင် ပါဝင် ပတ်သက်မှုတွေ ရှိနေခဲ့တာမို့ သူတို့ကိုယ်တိုင် ပြန်လည်ဖြေရှင်းပေးဖို့ ၀န်လေး တတ်ရတဲ့အကြားထဲ သတင်းဌာနတွေကို ပေါက်ကြားသွားရင် မျက်တော်ရှတတ်တဲ့ စစ်အစိုးရရဲ့ ဓလေ့စရိုက်ကို သိထားတဲ့ သီရိလင်္ကာရောက် မြန်မာရဟန်းတော်တွေက ကလေးတွေရှေ့ရေး အတွက် ဒီကိစ္စကို တစုံတရာမဟပါနဲ့ဦးလို့ မိန့်ခဲ့ကြတာမို့ စောင့်ထိန်းခဲ့ပါတယ်။

အခုတော့ ဒီကိစ္စကို သီတဂူဆရာတော်ကြီးကိုယ်တိုင် အရေးတယူ ဖြေရှင်းပေးမယ်ဆိုတဲ့အကြောင်း စာရောက်လာပါပြီ။ ကိုယ့်တိုင်းပြည်က ကလေးတွေ သူတပါး တိုင်းပြည်မှာ ဒုက္ခရောက်မယ့် အရေးကို ကူညီဖြေရှင်းပေးခဲ့ကြသူအပေါင်းကို လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါကြောင်းပဲ ဆိုပါရစေတော့။

မင်းနိုင်သူ

(စာကြွင်း....စာကို မူရင်းအတိုင်း ပြန်လည်ဖော်ပြပေးလိုက်ပါတယ်)





လျပ်တပျက်
၂၇-၉-၂၀၁၀ ညနေပိုင်း သီတဂူဆရာတော်ကြီး အမှူးရှိသော သီတဂူကပ္ပိယ (အောက်မြန်မာပြည်) အဖွဲ့တို့ လျပ်တပျက် အစည်းဝေးတစ်ရပ် ကျင်းပသည်။ သီးတဂူဆရာတော်ကြီးသည် အင်ဒိုနီးရှား ဘုရားထီးတင်ပွဲနှင့် သံဃာတစ်ထောင်ကျော် သံဃာ့အစည်းအရုံးကြီးအတွက် ထိုင်း လာအို ကမ္ဗောဒီယားနှင့် သီရိလင်္ကာနိုင်ငံစသော ဗုဒ္ဓဘာသာနိုင်ငံများမှ အထင်ကရဆရာတော်ကြီးများအား ပင့်ဖိတ်ရန် ကြွရောက်ခဲ့ရာ အရေးပေါ်အကြောင်းတစ်ရပ် ပေါ်လာပါသည်၊ ထိုအရေးပေါ်နှင့်ပတ်သက်ပြီး အောက်မြန်မာရှိ ကပ္ပိယအဖွဲ့များအား ဆင့်ခေါ်ကာ မန္တလေးမြို့ အကျဉ်းထောင်ရှိ လူပေါင်း ၆၀၀၀ (ခြောင်ထောင်)ကျော်အား အင်းစိန်ထောင်မှာ အလှူအတန်းပြုသလို မေတ္တာကရုဏာတော်အလှူ လုပ်မည့်အကြောင်း၊ သီတဂူသာသနာပြုအဖွဲ့ကြီး သာသနာတော်အတွက် အလုပ်လုပ်ရာ အနှစ် ၃၀ ခရီးပင်ရောက်ရှိကြောင်းနှင့် ယခုဆက်လက်ပြီး တိုးချဲ့မည့် လုပ်စဉ်များနှင့် အရေးပေါ်ကယ်ဆယ်ရေးအကြောင်းများနှင့်ပတ်သက်ပြီး အစည်းဝေးတစ်ရပ် ကျင်းပသည်။

အရေးပေါ်
ယခု လောလောဆယ် အရေးပေါ် ကယ်ဆယ်ရေးဟူသည်မှာ သီရိလင်္ကာတွင် ဒုက္ခရောက်နေကြသော မြန်မာ သာမဏေများ၊ သီလရှင်ဆရာလေးများနှင့် ကျောင်းသားများကို မြန်မာနိုင်ငံ ပြန်လည်ပြီး မိဘ ဆွေမျိုးများနှင့် တွေ့နိုင်အောင် လေယာဉ်စရိတ်နှင့်စားစရိတ် လမ်းခရီး ချောချောမွေ့မွေ့နှင့် အမိမြေသို့ ပြန်လာနိုင်အောင် ကယ်ဆယ်ဘို့ပင် ဖြစ်ပါသည်။ ထိုမြန်မာကလေးများကို သီဟိုဠ်နိုင်ငံသား ဒေါက်တာ စန္ဒိမာက မြန်မာပြည်မှ ဧရာဝတီ နာဂစ်မုန်တိုင်းကြောင့် မိဘမဲ့များဟု အမည်တပ်ကာ ခေါ်ဆောင်သွားခြင်းဖြစ်သည်။ တကယ်တော ထိုကလေးများသည် ဧရာဝတီက နာဂစ်ဒေသက မဟုတ်သည့်အပြင် မိဘမဲ့ကလေးများလည်းမဟုတ်ကြပါ။ ထို သီဟိုဠ်သား ဒေါက်တာ စန္ဒိမာသည် ထိုင်ဝမ်းနိုင်ငံတွင်နေထိုင်ကာ မြန်မာနိုင်ငံ နာဂစ်ဒုက္ခသည်များအား ကယ်ဆယ်မည်ဟု ထိုင်ဝမ်နိုင်ငံရှိ တရုပ်တွေအား စည်းရုံးကာ အလှူခံသည်။ ကလေးတစ်ယောက်စာအတွက် တစ်လ အမေရိကန် ဒေါ်လာ ၃၅ နှုံးဖြင့် အလှူခံသည်ဟု သိရသည်။

မျောက်ပြ ဆန်တောင်း
ထိုဒေါက်တာကြီးသည် မြန်မာနိုင်ငံမှ ကိုရင် သီလရှင် ကျောင်းသား ၁၀၀ ကျော်တို့အား ကွန်ပြူတာ အင်္ဂလိပ်စာနှင့် ကျောင်းပညာရေးများ သင်ကြားမှု၌ ကူညီမည်ဆိုကာ သီရိလင်္ကာနိုင်ငံသို့ ခေါ်ဆောင်သွားသည်။ ထိုကလေးများအတွက်လည်း ထိုင်ဝမ်ရှိ တရုပ်လူမျိုးများအား အလှူခံသည်။ ထိုကလေးများသည် သီရိလင်္ကာသို့ ရောက်သွားသောအခါ သူတို့ထင်ထားသလို မဟုတ်ဘဲ သူတို့ကို စာသင်မပေး အ၀တ်အစားမပေး မြို့နဲ့ ဝေးရာ တောရွာလေးများဆီသို့ ခွဲထားကာ နေရာချထားပေးသည်။ မြန်မာပညာသင် ရဟန်းတော်များနှင့် ဝေးရာသို့ ပို့ထားသည်ဟို သိရသည်။ ထိုအထဲအတွင် အရွယ်ရောက် အမျိုးသမီးလေးများလဲ ပါနေသည်။ သူတို့လေးတွေရဲ့ သီဟိုဠ်ရှိ မြန်မာသံအမတ်ထံ ပေးစာနှင့် သူတို့မိဘများထံ ပေးစာများကို ဖတ်ပြီး စိတ်မကောင်းဖြစ်ကာ မျက်ရည်များတောင် ကျမိပါသည်။ သူတို့သည် ဘာကိုမှ မငဲ့ကွက်ဘဲ ပညာရေးတစ်ခုကိုသာ အလေးထားပြီး လိုက်သွားကြောင်း၊ ဟိုရောက်တော့ စာလည်း သင်မပေး၊ ၀တ်စရာ၊ ဆပ်ပြာ စသော အသုံးအဆောင်က အစ ကိုယ့်ဘာသာ ၀ယ်ယူရကြောင်း၊ အလုပ်ကြမ်းများ လုပ်ရကြောင်းနှင့် မိန်းကလေးများအတွက် လုံခြုံမှုမရှိကြောင်းတို့ကို ရေးထားသည်၊ ပြီးတော့ သူတို့ကို အမြန်ဆုံး မြန်မာပြည်ပြန်ရောက်အောင် ပို့ပေးရန် အသနားခံထားသည်။ သူတို့လေးတွေကို ကွန်ပျူတာရှေ့တွင် ထိုင်စေကာ ဓာတ်ပုံများရိုက်ပြီး ကွန်ပျူတာများ သင်ပေးနေသည်ဟု ဟန်ပြကာ ၀က်ဘ်ဆိုက်များပေါ်တွင် တင်ကာ အလှူခံသည်။ သူတို့ဘ၀အကြောင်းကို အင်တာနတ်စာမျက်နှာပေါ်တွင် လွန်ခဲ့သော လများစွာကထဲက တွေ့ဖူးပြီးသားဖြစ်ကြပါလိမ့်မည်။

ဝိုင်းဝန်းကူညီ
ထိုကဲသို့သော အခက်အခဲ ကြုံနေရသော မြန်မာကလေးများကို သီရိလင်္ကာတွင် ပညာသင်ကြားနေကြသော ရဟန်းတော်များ အဖွဲ့နှင့် မြန်မာသံအမတ်ကြီးတို့ ပူးပေါင်းကာ သူတို့လေးတွေရဲ့ စာရင်းများရယူကာ သူတို့၏ အခက်အခဲများကို စုံစမ်းပြီး ကယ်ဆယ်ဖို့ ကြိုးစားနေကြသည်မှာ လပင် အတော်ကြာပြီ။ နောက်လ ၁၀ လပိုင်းဆိုရင် ကလေးတွေရဲ့ သီဟိုဠ်ဘ၀သည် ၁ နှစ်ပြည့်ပြီဖြစ်ပါသည်။ သီဟိုဠ်ရှိ မြန်မာစာသင်သားများနှင့် သံအမတ်ကြီးတို့ကလည်း မြန်မာနိုင်ငံရှိ သာသနာရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ပြည်ထဲရေးဌာနတို့သို့ အကြောင်းကြားပါသော်လည်း အကြောင်းတစုံတရာ ပြန်လာခြင်းမရှိသေးဟု ဆိုပါသည်။ ထိုအခက်အခဲများကို သီတဂူဆရာတော်ကြီးအား လျှောက်ထားရာဝယ် ဆရာတော်ကြီးသည် ချက်ချင်းပင် သံအမတ်ကြီးနှင့် သီဟိုဠ်သံဃာ့ရာဇာတို့ တိုင်ပင်ကာ ကလေးတွေရဲ့ ပတ်စပို့များကို ရအောင်ယူနိုင်ခဲ့သည်။ သီတဂူဆရာတော်ကြီးသည် ဘယ်ဌာနကမှ မကယ်နိုင်လျှင် သူကယ်မယ်ဟု သံအမတ်ကြီးအား အားမခံခဲ့သည်။ ထိုအကြောင်းအရာနှင့် ပတ်သက်ပြီး သီတဂူ ကပ္ပိယများအား ဆင့်ခေါ်ကာ သူတို့လေးတွေကို ကယ်ဖို့ရန် ၂၇-၉-၂၀၁၀ နေ့က တိုင်ပင်ဆွေးနေသည်။ သီတဂူသာသပြုအဖွဲ့၏ ကရုဏာအလှူတစ်ခုဟု သက်မှတ်ကာ သီတဂူသာသနာပြုအဖွဲ့မှ ထိုကလေးငယ်များအတွက် လေယာဉ်လက်မှတ်ဝယ်ရန် အလှူငွေများ စုစည်းရသည်။ လောလောဆယ် ကိုရင် ၁၂ပါးနှင့် သီလရှင်ဆရာလေး ၂၄ ပါး စုစုပေါင်း ၃၆ပါးတို့ကို ဦးစွာကယ်တင်မည်။ ထိုကလေးများကို သီတဂူသာသနာပြုအဖွဲ့က လမ်းစရိတ်နှင့် ပြန်နိုင်ဖို့ စီစဉ်ပေးခြင်းဖြစ်သည်၊ ခေါ်ထုတ်သွားခြင်းမျိုးမဟုတ်ဘဲ သူတို့လေးတွေရဲ့ အသနားခံစာများကြောင့်သာ ကယ်တင်ရခြင်းဖြစ်သည်။ သူတို့လေးတွေ သံအမတ်ထံနှင့် မိဘများထံရေးသော စာများနှင့် သူတို့လေးပြောပြသော အသံဖိုင်များ၊ သီတဂူဆရာတော်ကြီးထံ ရေးသော စာများကိုလည်း ဖတ်ရသဖြင့် အတော် စိတ်မကောင်းဖြစ်မိသည်၊ ကိုယ့်လူမျိုးကို ကိုယ်လူမျိုးကမှ မကယ်နိုင်ရင် ဘယ်သူကယ်နိုင်မည်နည်း၊ မျိုးချစ်စိတ်ဓာတ်ဘက်ကပဲ ကြည့်ကြည့် ဘာသာ သာသနာဘက်ကပဲ ကြည့်ကြည့် လူမှုရေးရှု့ထောင့်ကပဲ ကြည့်ကြည့် မဖြစ်မနေ တာဝန်ယူကြရမည် ဖြစ်ပါသည်။ နောက်ထက် ကယ်တင်ဖို့ရန် ကျန်ရှိပါသေးသည်။

အစီအစဉ်
ထိုကဲ့သို့သော ပြည်ချစ်၊ ဘာသာရေး၊ လူမျိုးရေး ကရုဏာစိတ်ဓာတ်များ မွေးမြူကာ သူတို့လေးတွေကို ကယ်တင်ရန်အတွက် သီတဂူကပ္ပိယ ၂ ယောက် သီဟိုဠ်သို့သွားမည်၊ သံအမတ်ကြီးကလည်း အားတက်သရော ကူညီပေးနေသည်ဟု သိရသည်။ သူတို့လေးတွေ၏ မိဘများကို အကြောင်းကြားရန်နှင့် လေဆိပ်မှာ သွားကြိုရန်၊ သီတဂူမှာ နေ့လည်စာများဖြင့် ကျွေးမွေးပြီး မိဘများကို ခေါ်ကာ အပ်နှံပေးမည် ဖြစ်သည်။ ဤကား လောလောဆယ် အစည်းအဝေးမှ ဆုံးဖြတ်ထားသော အစီအစဉ်တည်း။
ဆရာတော်ကြီး၏ သြ၀ါဒအတိုင်း ယနေ့ ဒေါက်တာပညာသီဟာလင်္ကာရ နှင့် သီတဂူစတားတို့ ကလေးမိဘများထံ ပို့စာများကို အပူတပြင်းရေးကြရပါသည်။ အမြန်ဆုံး ပို့နိုင်အောင် ကြိုးစားနေပါသည်။

မှတ်ချက်။ ။ ကလေးမိဘများထံ နိုဝင်ဘာလာ ၁၅ ရက်နေ့ သီတဂူအပြည်ပြည်ဆိုင်ရာ သာသနာပြုဗိမာန်တော်သို့ ကိုယ်တိုင် လာရောက် စုံးစမ်းရန်နှင့် ၁၆ ရက်နေ့ အပ်နှင်းပွဲ ပြုလုပ်မည့်အကြောင်းများ သတင်းပေးပို့ထားသည်။

မေတ္တာကရုဏာ တရား ကိုယ်စီ စီးဖြန်းနိုင်ကြပါစေ

သီတဂူစတား
၂၈-၉၂၀၁၀

Monday, August 16, 2010

ကယ်တင်ရှင်မမျှော်စေချင်

လူထုစိန်ဝင်း



ပြောရိုးပြောစဉ်မို့ နှုတ်က အလွယ်တကူ ပြောလေ့ရှိတဲ့ မြန်မာစကားတွေထဲမှာ မနှစ်သက်နိုင်တဲ့ စကားတချို့ ရှိတယ်။ တချို့စကားတွေဆိုရင် ဘယ်ခေတ်မှာ ဘယ်သူကစခဲ့တယ် မသိဘူး။ တော်တော် ယုတ္တိမတန်၊ မမှန်ကန်တာ တွေ့ရတယ်။

ပါရမီနဲ့ ဉာဏ်ပညာကြောင့်
အဲဒီလိုစကားတွေထဲက မနှစ်သက်နိုင်ဆုံး စကားတစ်ခုကတော့ ''ဘုရားတောင် အမှီရှိမှပွင့်တယ်'' ဆိုတဲ့ စကားဖြစ်တယ်။ အဆူဆူသော ဘုရားများဟာ သစ်ပင်တစ်ပင်ပင်ရဲ့ အရိပ်အာဝါသအောက်မှာ စံပါယ်တော်မူရင်း ဘုရားအဖြစ်ကို ရောက် ရှိခဲ့ကြတာကို အကြောင်းပြုပြီး ပြောကြဆိုကြတာ ဖြစ်တယ်။ ဗုဒ္ဓမြတ်စွာဟာ ဗောဓိညောင်ပင်အောက်မှာ ဘုရားအဖြစ် ရောက်ခဲ့တာမှန်တယ်။ ဒါပေမဲ့ ဗောဓိညောင်ပင်ဆိုတဲ့ အမှီကြောင့် ဘုရားအဖြစ်ကို ရရှိခဲ့တာ မဟုတ်ပါဘူး။ လေးသင်္ချေနဲ့ ကမ္ဘာ တစ်သိန်း ဖြည့်ဆည်းခဲ့တဲ့ အထုံပါရမီနဲ့ အတိုင်းအဆမရှိ ကြီးမားလှတဲ့ ဉာဏ်ပညာကြောင့် ဗုဒ္ဓဘုရားအဖြစ်ကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

သစ်ရိပ်ဝါးရိပ်မှာ
အဆူဆူသော ဘုရားများဟာ သစ်ပင်တစ်ပင်ပင်အောက်မှာ ဘုရားအဖြစ် ရောက်ရှိခဲ့ကြတာက အခြေအနေအရ ဖြစ်ရတဲ့ သဘောပါ။ ဘုရားအလောင်းအဆက်ဆက်တို့ဟာ လောကီစည်းစိမ်ချမ်းသာတွေကို စွန့်ပြီး တောရပ်မှာ လှည့်လှည်သီတင်းသုံး ရင်း တရားစစ်တရားမှန်ကို ရှာဖွေကြပါတယ်။ ကျောင်းသင်ခန်း ဆောက်တည်နေလေ့ မရှိပါဘူး။ အရိပ်အာဝါသကောင်းရာ သစ်ပင်ဝါးပင်တွေအောက်မှာ အလျဉ်းသင့်သလို သီတင်းသုံးပြီး ကျင့်ကြံအားထုတ်နေကြတာ ဖြစ်တယ်။ နေရေးစား ရေးကိစ္စများအတွက် အချိန်ကုန်မခံပါဘူး။ ရသမျှအချိန်တိုင်း သဗ္ဗညုတဉာဏ်တော် ရရှိရေးအတွက်သာ အားထုတ်နေတာ ဖြစ်ပါတယ်။

ဘယ်သူမပြုမိမိမှု
သစ်ပင်ကောင်းတစ်ပင်ရဲ့ အရိပ်အာဝါသအောက်မှာ ကျင့်ကြံအားထုတ်ရင်း ဘုရားအဖြစ်ကို ရောက်ရှိခဲ့တာကြောင့် ဘုရားနဲ့သစ်ပင်ကို တွဲပြီးမြင်နေရတာ ဖြစ်တယ်။ ဒါပေမဲ့ စကားအဖြစ် ပြောနေကြသလို ''အမှီရှိမှပွင့်တယ်'' ဆိုတာ မမှန်ပါဘူး။ ဒီမမှန်တဲ့ စကားကို နှုတ်က ခပ်ပေါ့ပေါ့နဲ့ အလွယ်တကူ ပြောနေကြလေတော့ လူတွေကို ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ဖို့ အားမပေးတဲ့သဘော သက်ရောက်သွားခဲ့ရတယ်။ ဗုဒ္ဓဘာသာမှာက အားကိုးမှီခိုရာ ကယ်တင်ရှင် ဆိုတာ မရှိပါဘူး။ လူတစ်ယောက် ကောင်းရာမွန်ရာရောက်အောင် ဘယ်သူကမှ ပို့မပေးနိုင်သလို ငရဲရောက်အောင်လည်း ဘယ်သူကမှ တွန်းချတာ မဟုတ်ပါဘူး။ ဘယ်အရာမဆို ဘယ်သူမပြု မိမိမှုပါပဲ။
'ရွှေပြည်တော် မျှော်တိုင်းဝေး' အခြေအနေ ဖြစ်နေရတဲ့ အကြောင်းရင်းကတော့ 'ကယ်တင်ရှင်' စိတ်ဓာတ် (Savior Complex) တွေကြောင့် ဖြစ်ပါတယ်။

ကယ်တင်ရှင်မရှိ
ဗုဒ္ဓရဲ့ အလိုတော်က ဘာမဆို ကိုယ်လုပ်မှ ကိုယ်ရပါတယ်။ ကျင့်ကြံအားထုတ်လုပ်သူ မှန်သမျှ ဘယ်သူမဆို ဗုဒ္ဓဘုရားအဖြစ်ကိုတောင် ရနိုင်ပါတယ်။ မိဘကျေးဇူး ဆပ်ချင်လွန်းလို့ဆိုပြီး မိဘကို နိဗ္ဗာန်ရောက်အောင် လုပ်မပေးနိုင်သလို၊ သားသမီးကိုချစ်လွန်းလို့ နတ်ပြည်ခြောက်ထပ်မှာ နတ်သမီးလေးတွေ တစ်ဖက်ငါးရာနဲ့ စံစားနိုင်အောင် ဘယ်မိဘကမှ လုပ်မပေးနိုင်ပါဘူး။ ကိုယ်တိုင်ကျင့်၊ ကိုယ်တိုင်အားထုတ်မှ ရနိုင်ပါတယ်။ ဘယ်သူမှ အားကိုးလို့ မရဘူး။ ကယ်တင်ရှင် မရှိဘူး။ 'အတ္တာဟိအတ္တနော နတ္ထော' မိမိကိုယ်မှတစ်ပါးကိုး ကွယ်ရာမရှိဘဲ။

ကိုယ့်ထမင်းကိုယ်ရှာစား
လူ့ဘောင်လောကမှာ လောကီသားမှန်သမျှ အချင်းချင်း ကူညီရိုင်းပင်းနေကြတယ်။ ကျွန်းကိုင်းမှီ၊ ကိုင်းကျွန်းမှီဆိုသလို အပြန်အလှန် အမှီသဟဲ ပြုနေကြတယ်။ အထီးထီး လူတွေနဲ့ အဆက်အဆံမရှိ ရပ်တည်လို့မရဘူး။ ဒါဟာ လူ့လောကရဲ့ သဘာဝတရား ဖြစ်တယ်။ ဒါပေမဲ့ လူတိုင်းလူတိုင်းဟာ ကိုယ့်အသက်ရှင် ရပ်တည်ရေးအတွက် ကိုယ့်ဘ၀ သာယာအေးချမ်းရေးအတွက် ကိုယ့်ဟာကိုယ် ကြိုးပမ်းအားထုတ်ရတယ်။ ကိုယ့်ထမင်း ကိုယ်ရှာစားရတယ်။ ကိုယ့်မိသားစုကို ကိုယ့်ဟာ ကိုယ် ကာကွယ်စောင့်ရှောက်ရတယ်။ ဘယ်သူ့ကိုမှ အားကိုးအားထားပြုလို့ မရဘူး။

ကယ်တင်ရှင်မလုပ်နဲ့
ကမ္ဘာသူ၊ ကမ္ဘာသားအားလုံးနဲ့ အတူတကွ လက်တွဲနေထိုင်ကြရတယ် ဆိုတဲ့ လောကသဘာဝတရားကို လူတွေက တလွဲဆံပင်ကောင်းလုပ်ပြီး မှီခိုအားကိုးမှု လွန်လွန်ကဲကဲဖြစ်အောင် လုပ်နေကြတာ နေရာတိုင်းမှာ တွေ့နေရတယ်။ အခက် အခဲကြုံတွေ့နေရတဲ့ လူတစ်ယောက်ကို ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်နည်းနဲ့ကိုယ် ဖြေရှင်းဖို့ တိုက်တွန်းရမယ့်အစား၊ အားကိုးအားထားရှာဖို့ အကြံပေးတတ်ကြတယ်။ ဒါမှမဟုတ်လည်း သူ့အားနဲ့သူ ဖြေရှင်းဖို့ အကြံပေးလမ်းပြ လုပ်မယ့်အစား ကိုယ်က ကယ်တင်ရှင်လုပ်ပြီး ၀င်ကယ်ပေးကြတယ်။ စေတနာနဲ့ ၀င်ကယ်တာ ဆိုပေမယ့် ဒါဟာ ကူညီရာ မရောက်ပါဘူး။ တစ်ဖက်သားကို အားကိုးရှာလွန်းတဲ့ စိတ်ဓာတ် (Dependency Syndrome) အမြစ်တွယ်သွားပြီး တစ်သက်လုံး သူများ နှာခေါင်းပေါက်နဲ့ အသက်ရှုတဲ့လူမျိုး ဖြစ်သွားစေပါတယ်။

အမှောင်တိုက်ကြီး
အာဖရိကတိုက် အငတ်ဘေး ပပျောက်ရေးအတွက် ကုလသမဂ္ဂအဖွဲ့ကြီး စတင်တည်ထောင်ပြီးကတည်း က ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့၊ ယူအင်ဒီပီ၊ ယူနီဆက် စတဲ့ အဖွဲ့တွေနဲ့တကွ သူဌေးနိုင်ငံကြီးတွေ အားလုံးက ဒေါ်လာတွေ ထရီလျံပေါင်းများစွာ သုံးပြီးဆောင်ရွက်ခဲ့ကြတာ နှစ်ပေါင်းခြောက်ဆယ် ကျော်ခဲ့ပါပြီ။ အာဖရိကတိုက်ကြီးကတော့ အငတ်ဘေးတွေ၊ ရောဂါဘယတွေ၊ မျိုးနွယ်စု လူသတ်ပွဲကြီးတွေ အောက်မှာ နစ်မွန်းသထက်နစ်မွန်းပြီး 'အမှောင်တိုက်ကြီး' (Black Continent) အဖြစ်ပဲ ရှိနေဆဲပါပဲ။ လွတ်လမ်းလည်း ရေးရေးတောင် မမြင်ရသေးပါဘူး။

လှေနဲ့ ပိုက်တွေပေးရမှာ
'ရွှေပြည်တော် မျှော်တိုင်းဝေး' အခြေအနေ ဖြစ်နေရတဲ့ အကြောင်းရင်းကတော့ 'ကယ်တင်ရှင်' စိတ်ဓာတ်(Savior Complex) တွေကြောင့် ဖြစ်ပါတယ်။ ငတ်နေတဲ့လူတွေကို ငါးတွေပဲ ယူလာပေးနေတဲ့ အခါကျတော့ အဲဒီလူတွေက ငါးလာပေးမှာ ကိုသာ အမြဲစောင့်မျှော်နေကြတော့တယ်။ တကယ်လုပ်သင့်တာက လှေတွေနဲ့ ပိုက်တွေပေးပြီး ငါးများတတ်အောင် လုပ်ပေးရမှာ မဟုတ်လား။ ကယ်တင်ရှင်စိတ်ဓာတ် လွန်ကဲနေတဲ့ ကယ်တင်ရှင်တွေက လူတွေကို မှီခိုလွန်းတဲ့ စိတ်ဓာတ် အမြစ်တွယ်သွားစေတယ်။ ဖွံ့ဖြိုးတိုးတက်ရေး ပညာရှင်အတော်များများကလည်း ကယ်တင်ရှင် လုပ်ရပ်တွေကို မနှစ်သက်ကြပါဘူး။

ကယ်တင်ရှင် မမျှော်စေချင်
'အလှူဒါနနဲ့ နိုင်ငံတစ်ခုကို မကယ်တင်နိုင်' (Charity does not save a nation) ဆိုတဲ့ စကားကို ဖွံ့ဖြိုးရေးပညာရှင်တွေက ထောက်ပြလေ့ရှိတယ်။ လူတွေကို သူတို့ခြေထောက်ပေါ် သူတို့ရပ်ပြီး၊ သူတို့ဘ၀ကို သူတို့ကိုယ်တိုင် ကယ်တင်ဖို့ကိုသာ တိုက်တွန်းတယ်။ ကျွန်တော်တို့ လူငယ်တွေကို 'ကယ်တင်ရှင်စိတ်ဓာတ်'တွေ ကူးစက်မလာစေချင်ဘူး။ အလားတူပဲ ကယ်တင်ရှင်မျှော်တဲ့ စိတ်ဓာတ်မျိုးတွေလည်း ရှိမလာစေချင်ဘူး။

ဗုဒ္ဓဘုရားရှင်ဟောကြားတော် မူတဲ့အတိုင်း 'အတ္တာဟိအတ္တနော၊ နတ္ထော' စိတ်ဓာတ်မျိုးပဲ ထွန်းကားစေချင်တယ်။ ''ဘုရားတောင်မှ အမှီရှိမှ ပွင့်တယ်''ဆိုတဲ့ စကားကတော့ လူငယ်တွေကို ကယ်တင်ရှင်မျှော်တဲ့ စိတ်ဓာတ်သွင်းပေးတဲ့ သဘော သက် ရောက်တယ်လို့ ယူဆပါတယ်။ အဲဒါကြောင့် အစဉ်အလာ ဆိုရိုးစကားဖြစ်တိုင်း နှုတ်ထွက်မလွယ်သင့်ဘူး။ လက်လည်း မခံသင့်ဘူး။ မြတ်စွာဘုရားရဲ့ အလိုတော်အတိုင်း ဘယ်ကိစ္စမဆို ကိုယ်ပိုင်ဉာဏ်နဲ့ ခွဲခြမ်းစိတ်ဖြာ ဝေဖန်သုံးသပ်ပြီးမှ ဆုံး ဖြတ်သင့်ကြောင်း နှိုးဆော်လိုက်ချင်ပါတယ်။

source:weeklyeleven

Tuesday, July 27, 2010

ဝေးဝေးကြည့် နက်နက်တွေး

လူထုစိန်ဝင်း   

        သတင်းစာအလုပ်ကို စွဲလမ်းမြတ်နိုးလွန်းတာကြောင့် တစ်သက်လုံး ဒီအလုပ်တစ်ခုတည်းကိုပဲ လုပ်ခဲ့ပါတယ်။ သတင်းစာမျိုးဆက် ကန်းသွားမှာစိုးတဲ့အတွက် သတင်းစာပညာနဲ့ပတ်သက်တဲ့ စာတွေလည်း အများကြီး ရေးခဲ့ပါတယ်။ ရေးတဲ့အခါမှာ လည်း ကျင့်ဝတ်သိက္ခာပိုင်းဆိုင်ရာကို အထူး အလေးထား ရေးခဲ့ပါတယ်။

အနာပေါ်တုတ်ကျဖြစ်ရှာကြ
       
ဈေးကွက်စီးပွားရေးနဲ့အတူ ပုဂ္ဂလိကဂျာနယ်တွေ ပေါ်ထွန်းလာတဲ့ အခါ၊ ကံစမ်းမဲကိစ္စ၊ လက်ဆောင်ကိစ္စ ဆိုတာမျိုးတွေကြောင့် ဂျာနယ်သမားတွေ နာမည်ပျက်စရာတွေ အများကြီးဖြစ်လာခဲ့ကြတယ်။ ကြော်ငြာကို သတင်းယောင်ဆောင် ရေးသား ထည့်သွင်းတာမျိုးတွေလည်း တွေ့လာရတယ်။ လက်ဆောင်ကြောင့် ဂျာနယ်သမားချင်း ရန်ဖြစ်ရတာတို့၊ ဖိတ်စာဖျောက်တာတို့ဆိုတဲ့ မဖွယ်မရာတွေလည်း မပြတ်ကြားလာရတယ်။ အဲဒါကြောင့် လက်ဆောင်ကို လက် ရှောင်ဖို့ စာတွေအများကြီး ရေးခဲ့တယ်။ စာအုပ်လက်ဆောင်ယူပြီး ကောင်းတယ်ညွှန်းတာမလုပ်ဖို့၊ သံရုံးကလွှတ်လို့ သူတို့နိုင်ငံ အလည်သွားရပြီး၊ ပြန်လာတော့ အားလုံးကောင်း၊ လွှတ်ကောင်း၊ ဆွေမျိုးသာမက နိုင်ငံပါမေ့သွားအောင်ကောင်းဆိုတဲ့ ကျေးဇူးဆပ်စာမျိုးတွေ မရေးဖို့ဆိုတာမျိုးတွေလည်း ထပ်ခါတလဲလဲ ရေးခဲ့တယ်။ ရေးလွန်းအားကြီးလို့ တချို့ခေတ်ပေါ်ဂျာနယ်တွေက ကွယ်ရာကနေ အောက်ကလိအာပြောကြတာတွေ တောင်ခံရတယ်။ အနာပေါ်တုတ်ကျ ဖြစ်ရှာကြတာကိုး။

လူငယ်တစ်ယောက်ကဆုံးမ
       
သူများကိုဆုံးမလွန်းလို့ ၀ဋ်လည်တာထင်ပါရဲ့။ အသက် ၇၀ ကျမှ လူငယ်တစ်ယောက်က ဆုံးမတာ ခံလိုက်ရတယ်။ အင်တာနက်ထဲက ဆုံးမတာဖြစ်လို့ လူငယ်လို့ ပြောလိုက်တာပါ။ ဘယ်သူဘယ်ဝါ မသိပါဘူး။ အင်တာနက်ထဲမှာ ရေးမဆုံး နိုင်ဖြစ်နေကြတဲ့ 'လက်ရောက်ကျူးလွန်မှု' တစ်ခုနဲ့ပတ်သက်ပြီး ဂျာနယ်သမားတွေက ထင်မြင်ချက်လာတောင်းတဲ့အတွက် ထင်မြင်ချက်ကို ပြောလိုက်ပါတယ်။ ဘာအကြောင်းဘာကိစ္စမျိုးနဲ့မှ လူတစ်ဦးတစ်ယောက်ကို ကိုယ် ထိလက်ရောက် ရိုက်နှက်ထိုးကြိတ်တာမျိုး လုပ်ခွင့်မရှိတဲ့အကြောင်း၊ လုပ်ခဲ့ရင် ဥပဒေအရ အပြစ်ရှိတဲ့အကြောင်း ပြောလိုက်တာပါ။ အဲဒီလို ပြောလိုက်ပြီးတဲ့နောက် အင်တာနက်ကနေပြီး 'လူကြီးဖြစ်ပြီး ကိုယ်ဟာကိုယ်မနေဘဲ ဒီလိုကိစ္စမျိုးတွေထဲ ဘာလို့ဝင်ပါနေရတာလဲ' ဆိုတဲ့ စာတက်လာတာကို ဖတ်လိုက်ရပါတယ်။

ဂါရ၀တရားတို့၊ မင်္ဂလာတရားတို့ သိပ်အလေးထားတဲ့ မြန်မာ့လူ့အဖွဲ့အစည်းအတွင်းမှာ ရှေးကမကြုံဖူး၊ မကြားဖူးတဲ့ ရုန့်ရင်းကြမ်းတမ်းမှုတွေ၊ ဟီရိသြတပ္ပ ကင်းမဲ့မှုတွေ၊ ရိုင်းပျစော်ကားမှုတွေ ဒီနေ့ နေရာစုံ၊ နယ်ပယ်စုံမှာ မတွေ့ချင်၊ မမြင်ချင်အဆုံး မြင်တွေ့နေရတယ်။ ဒါမျိုးတွေကို လျစ်လျူရှုထား လိုက်မယ်ဆိုရင်  . . .

မျက်နှာလွှဲရမယ့် ကိစ္စမဟုတ်
       
ပေါ့ပ်နယ်ပယ်ကကိစ္စမို့ ဘာမှမဆိုင်ဘူး။ ၀င်ပါစရာမလိုဘူးလို့ ထင်မယ်ဆို ထင်နိုင်ပါတယ်။ ဒါပေမဲ့ ကိုယ်တိုင်ကဒီကိစ္စကို ငါးစိမ်းတန်းက မိန်းမနှစ်ယောက်နပန်းလုံးတဲ့ ကိစ္စလို မျက်နှာလွှဲထားလိုက်ရမယ့် ကိစ္စမျိုးလို့ မယူဆပါဘူး။ စိတ်ဓာတ် ရေးရာ ဖောက်ပြန်ပျက်စီးမှုတွေ ဘယ်လောက်အထိ ကျယ်ကျယ်ပြန့်ပြန့် နက်နက်ရှိုင်းရှိုင်း ဖြစ်ပွားနေပြီလဲဆိုတာကို ထင်ဟပ်ဖော်ပြနေတဲ့ လက္ခဏာတစ်ရပ်လို့ ယူဆပါတယ်။

ဇာတ်မင်းသားငယ်ကိစ္စ
       
တစ်နေ့က သဘင်အစည်းအရုံးက တစ်ရှိန်ထိုးနာမည်ကြီးလာတဲ့ ဇာတ်မင်းသားငယ်တစ်ယောက်ကို နှစ်နှစ်ဇာတ်မကရလို့ ပြစ်ဒဏ်ချမှတ်ထားတာက သက်ညှာတဲ့အနေနဲ့ တစ်နှစ်လို့ လျော့ချပေးလိုက်တဲ့သတင်း ဂျာနယ်တွေမှာ ဖတ်လိုက်ရတယ်။ ဇာတ်မင်းသားငယ်က ၀န်ချတောင်းပန်တာကိုလည်း တွေ့ရတယ်။ ဖျော်ဖြေရေးလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြုနေတဲ့ သဘင်သည်တစ်ယောက်ကို နှစ်နှစ်ကြီးတောင် ဇာတ်မကရလို့ ပြစ်ဒဏ်ချမှတ်တာဟာ အတော်ပြင်းထန်ပါတယ်။ သာမန်အား ဖြင့် မလုပ်သင့်ပါဘူး။ ဘာကြောင့်များ ဒီလိုပြစ်ဒဏ်ခတ်ရတာလည်း ဆိုတာကို ပြန်လေ့လာလိုက်တော့ အောင်မြင်မှုမာန် သိပ်တက်နေတဲ့ မင်းသားငယ်က ဇာတ်စင်ပေါ်ကနေပြီး စင်အောက်က လှောင်ပြောင်တဲ့ ပရိသတ် ကို ရုန့်ရင်းကြမ်းတမ်းတဲ့ စကားလုံးတွေ စော်ကားတဲ့ အပြုအမူတွေနဲ့ တုံ့ပြန်ပြုမူခဲ့တာကြောင့် ပွဲခင်းထဲမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့ရတယ်။

သွေးနားထင်ရောက်လို့
       
သဘင်အစည်းအရုံးက ငယ်ရွယ်သူမင်းသားလေး သင်ခန်းစာယူနိုင်အောင် တစ်နှစ်ဇာတ်မကဖို့ ပိတ်လိုက်တယ်။ ဒါကို မင်းသားက မထီမဲ့မြင်ပြုပြီး နယ်ပွဲတွေမှာ ၀င်ရောက်ဖျော်ဖြေတာတွေ လုပ်တယ်။ သဘင်အ စည်းအရုံးကသိတော့ စည်းကမ်းဖောက်ဖျက်မှုကြောင့် မူလပြစ်ဒဏ် တစ်နှစ်အစားနှစ်နှစ်ဆိုပြီး အပြစ်တိုးလိုက်တယ်။ ဒီတင်မင်းသားငယ်က လာရောက်ဝန်ချတောင်းပန်လို့ လူကြီးတွေက ဆုံးမပြောဆိုပြီး ပြစ်ဒဏ်လျော့ပေါ့ပေးလိုက်တာပါ။ ဒါအင်မတန် သင့်လျော်တဲ့ လုပ်ရပ်ဖြစ်ပါတယ်။ မင်းသားငယ်အနေနဲ့ အောင်မြင်မှုကြောင့် သွေးနားထင်ရောက်ပြီး ဘယ်သူ့မှ ဂရုစိုက်စရာမလိုဘူးဆိုတဲ့ စိတ်ဓာတ်နဲ့ ပထမသူ့ထမင်းရှင် ပရိသတ်ကို မထီမဲ့မြင်လိုက်တယ်။ နောက်တော့ သဘင်လောကရဲ့ လူကြီးသူမတွေကိုပါ ဂရုစိုက်ဖို့ မလိုဘူးလို့ ယူဆပြီး ထင်ရာစိုင်းလုပ်ခဲ့တယ်။

ထမင်းရှင်ကို မပြစ်မှားနဲ့
       
အခုတော့ ကလေးကနောင်တရပြီး လူကြီးတွေကို ၀န်ချတောင်းပန်တယ်။ နောက်နောင်မဖြစ်စေဖို့ အာမ၀န္တံခံတယ်။ ဒီအဖြစ်တွေအားလုံး အစကနေအဆုံးထိ ဂျာနယ်တွေမှာပါလာတော့ တခြားအနုပညာနယ်က လူငယ်လေးတွေပါ သင်ခန်းစာယူ နိုင်ကြတယ်။ သဘင်အစည်းအရုံးက အပြစ်ပေးတယ်ဆိုတာ လူငယ်တစ်ယောက် အညွန့်ကျိုးသွားအောင်၊ ဘ၀ပျက်သွားအောင်လုပ်တာမှ မဟုတ်တာ။ ဆင်ခြင်နိုင်စေဖို့နဲ့ ပရိသတ်ဆိုတာ ထမင်းရှင်၊ ကျေးဇူးရှင်ဖြစ်တဲ့အတွက် မပြစ်မှားရဘူးဆိုတဲ့ သဘင်သည်တို့ ကျင့်ဝတ်ကို သဘောပေါက်နားလည်စေဖို့ ဖြစ်တယ်။ အခုတော့ လူငယ်မင်းသားလေးလည်း နောင်ကြဉ်သွားလောက်ပြီဆိုတော့ ပြစ်ဒဏ်လျော့ပေါ့ပေးတာ လျော်ကန်သင့်မြတ်တဲ့ လုပ်ရပ်ဖြစ်ပါတယ်။

ဥပဒေဆိုခေါက်ထား
       
အခုခေတ် အနုပညာနယ်ပယ်မှာက လူငယ်လေးတွေများတယ်။ တော်တော်များများဆို ကြီးကောင်ဝင်သံတောင် မပျောက်သေးတဲ့ အရွယ်လေးတွေ ဖြစ်ကြတယ်။ ရှေးခေတ်ကလို ဆရာနဲ့သမားနဲ့ လူကြီးသူမများရဲ့ စောင့်ရှောက်မှုနဲ့ ရောက်လာကြတာ မျိုး မဟုတ်ဘဲ အရှင်မွေးနေ့ချင်းကြီး ဆိုသလို ၀ုန်းကနဲ၊ ၀ုန်းကနဲ ထင်ပေါ်ကျော်ကြားသူတွေ ဖြစ်သွားကြတယ်။ သူတို့အရွယ်တွေနဲ့ မလိုက်အောင် ပိုက်ဆံတွေရှာနိုင်ကြတယ်။ အဲဒီတော့ ထုံးစံအတိုင်း ခြေဖျားထောက်လာတယ်။ သွေးနားထင် ရောက်လာတယ်။ ငွေရှိရင်၊ ဂုဏ်ရှိရင်၊ မျက်နှာကြီးရင် ဘယ်သူ့မှ ဂရုစိုက်စရာမလိုဘူး။ မော်တော်ပီကယ်ဆို ဟောက်ထားလိုက်၊ ဥပဒေဆို ခေါက်ထားလိုက်ဆိုတဲ့ မောက်မာထောင်လွှားမှုတွေ လွန်ကဲလာကြတယ်။

လျစ်လျူရှုထားမယ်ဆိုရင်
       
ထင်ပေါ်ကျော်ကြားသူတွေရဲ့ လုပ်ရပ်မှန်သမျှ တစ်ခဏချင်း လူ့အဖွဲ့အစည်းအတွင်း ကူးစက်ရောက်ရှိသွားတာ သဘာဝဖြစ်တယ်။ ဂါရ၀တရားတို့၊ မင်္ဂလာတရားတို့ သိပ်အလေးထားတဲ့ မြန်မာ့လူ့အဖွဲ့အစည်းအတွင်းမှာ ရှေးကမကြုံဖူး၊ မကြား ဖူးတဲ့ ရုန့်ရင်းကြမ်းတမ်းမှုတွေ၊ ဟီရိသြတပ္ပ ကင်းမဲ့မှုတွေ၊ ရိုင်းပျစော်ကားမှုတွေ ဒီနေ့နေရာစုံ၊ နယ်ပယ်စုံမှာ မတွေ့ချင်၊ မမြင်ချင်အဆုံး မြင်တွေ့နေရတယ်။ ဒါမျိုးတွေကို လျစ်လျူရှုထားလိုက်မယ်ဆိုရင် မြန်မာ့ယဉ်ကျေးမှုသိချင်ရင် ပုဂံဘုရားနံရံတွေ က ဆေးရေးပန်းချီတွေ သွားကြည့်မှဖြစ်မယ့်ကိန်း ဆိုက်ရောက်သွားနိုင်တယ်။

ပေါ့ပ်ဆိုပြီး မပေါ့နဲ့
       
ပေါ့ပ်ကိစ္စပဲ၊ ပေါ့ပ်စာစောင်တွေပဲဆိုပြီး ခပ်ပေါ့ပေါ့သဘောထားလို့ မဖြစ်ပါဘူး။ ပေါ့ပ်တွေက လူငယ်တွေကြား အများဆုံးရောက်နေတာ ဖြစ်တယ်။ ဖျော်ဖြေရေး၊ ဖျော်ဖြေရေးနဲ့ လျစ်လျူရှုထားလိုက်ရင် ဖျော်ဖြေရေး ကတစ်ဆင့် လျှပ်ပေါ်လော်လီတဲ့အဆင့်ကို ကူးပြောင်းသွားဖို့ ဘာမှခက်လှတာ မဟုတ်ပါဘူး။ အဲဒါကြောင့် ပြောသင့်ပြောထိုက်တာတွေ ပြောဖို့ လိုပါတယ်။ ပြောတဲ့နေရာမှာလည်း နှစ်ကိုယ်တည်းကြိတ်ပြီး ပြောလို့မရပါ ဘူး။လူသိရှင်ကြားဖြစ်အောင် မီဒီယာတွေကတစ်ဆင့် ပွင့်ပွင့်လင်းလင်းပြောဖို့ လိုပါတယ်။ဒီလို ပြောတာ၊ရေးတာကို နားလည်ပေးကြဖို့လည်း လိုပါတယ်။

မီဒီယာတွေလုပ်ပိုင်ခွင့်ချဲ့ဖို့လို
       
နိုင်ငံတော်လုံခြုံရေး ထိပါးစေမယ့် ကိစ္စမျိုး၊ အစိုးရကို အကြည်ညိုပျက်စေတဲ့ ကိစ္စမျိုး၊ ဆူပူအုံကြွအောင် လှုံ့ဆော်သလို ဖြစ်စေတဲ့ ကိစ္စမျိုး စတဲ့စတဲ့အရေးကြီးကိစ္စမျိုးတွေ မဟုတ်ခဲ့ရင်၊ သတင်းမီဒီယာတွေအတွက် လုပ်ပိုင်ခွင့်နယ်ပယ် (Space)ကျယ်ရင် ကျယ်သလောက် နိုင်ငံနဲ့လူမျိုးအတွက် အကျိုးရှိစေနိုင်ပါတယ်။ ၁၉၅၀ ခုနှစ်များအတွင်းက တရုတ်ဖြူတိုက်ထုတ်ရေး စစ်ဆင်မှုတွေမှာ မီဒီယာတွေရဲ့ တက်တက်ကြွကြွ ပါဝင်လှုံ့ဆော်မှုတွေကြောင့်၊ တစ်နိုင်ငံလုံး နိုးကြားလာခဲ့ကြပြီး ၀ိုင်းဝန်းကူညီခဲ့ကြတဲ့ သာဓကရှိပါတယ်။ နာဂစ်ဘေးဒုက္ခကြီး ကျရောက်စဉ်ကလည်း သတင်းမီဒီယာတွေ တက်ကြွစွာ ပါဝင်လှုံ့ဆော်ခဲ့မှုကြောင့် အထောက်အကူအများကြီး ဖြစ်ခဲ့တာကို လက်တွေ့မြင်ခဲ့ကြရပါတယ်။

ဝေးဝေးကြည့်၊ နက်နက်တွေး
       
အင်တာနက်ထဲမှာ အပြန်အလှန် ငြင်းခုန်နေကြတဲ့ လက်ရောက်ကျူးလွန်မှု ကိစ္စဟာ သာမန်ပေါ့ပ်ကိစ္စ မဟုတ်ပါဘူး။ ငွေရှိ၊ ဂုဏ်ရှိ၊ မျက်နှာရှိရင် ဘယ်သူ့မှ ဂရုစိုက်စရာ မလိုဘူး။ မော်တော်ပီကယ်လောက်တော့ ဟောက်ထား၊ ဥပဒေဆိုတာ ခေါက် ထားဆိုတဲ့ ငါ့မြင်းငါစိုင်း စိုင်းချင်ရာစိုင်းဆိုတဲ့ စိတ်ဓာတ်တွေ ပျံ့နှံ့နေတာကို တားဆီးကာကွယ်ဖို့ ကိစ္စဖြစ်ပါတယ်။ မီဒီယာတွေက နိုင်ငံနဲ့လူမျိုးရဲ့အရေးကိစ္စမှန်သမျှမှာ တက်တက်ကြွကြွ တာဝန်သိသိ ပါဝင်ဆောင်ရွက်ရေး ကိစ္စလည်း ဖြစ်ပါတယ်။ ပြဿနာတစ်ရပ်ကို ကြည့်တဲ့အခါမှာ ဝေးဝေးမျော်ကြည့်တတ်ဖို့ လိုပါတယ်။ နက်နက်ရှိုင်းရှိုင်းတွေးတတ်ဖို့လည်း လိုပါတယ်လို့ပြောရင်း နိဂုံးချုပ်လိုက်ပါတော့မယ်။

source:weekly eleven