ခုချိန်မှာ လူတိုင်းဟာ ကိုယ့်ကိုယ်ကို ဦးဆောင်ကြရမှာပဲ...ဒီရွေးကောက်ပွဲဟာ မိမိတို့ကို စစ်ကျွန်ဇာတ် ဆက်သွင်းမယ့် ကန့်လန့်ကာအဖွင့်တခုဆိုတာကို ယုံကြည်ရင် မဲရုံကို မသွားကြဖို့ဘဲ။ ဒီလိုမှမဟုတ်ဘဲ အကြောက်လွန်ပြီး မဲရုံကိုသွားပြီဆိုတာနဲ့ ခင်များတို့ဟာ ကျုပ်တို့ စစ်ကျွန်အဖြစ်ဆက်လက်ခံယူပါမယ်လို့ ကတိပေးလိုက်တာနဲ့ အတူတူပဲ။ တနိုင်ငံလုံးကို အကျဉ်းချထားနိုင်တဲ့ ထောင်မရှိဆိုတာကို လူတိုင်း သဘောပေါက်ထားဖို့ လိုတယ်။

Thursday, November 18, 2010

မတရားမှုတွေကို မျက်ခြေမပြတ်ကြဖို့

သတင်းသမားဆိုတာလည်း လူပဲ။ ဒါ့ကြောင့် နိုင်ငံရေး ခံယူချက်ရှိတယ်။ ဒါပေမယ့် ကိုယ် ယုံကြည်ထားတဲ့ နိုင်ငံရေးဖက်က အလေးသာနေပြီလို့ စိတ်ဒုန်းဒုန်း မချလိုက်နဲ့။ နိုင်ငံရေးဆိုတာ ကြွေတလှည့် ကြက်တခုန်ပဲ။ သတင်းသမားရဲ့ အဓိက တာဝန်ဖြစ်တဲ့ မတရားမှု ၊ ဖိနှိပ်ခံရမှုတွေကို ဖော်ထုတ်ပေးဖို့သာ မျက်ခြေမပြတ် အလေးထားကြရမယ်။

(၁၈-၁၁-၂၀၁၀)

Monday, November 15, 2010

ပြန်လည်အသက်ဝင်လာသော ဒီချုပ်

၁၉၉၀ ရွေးကောက်ပွဲလွန် အချိန်ကာလများမှ စ၍ ဖုတ်လှိုက်ဖုတ်လှိုက်ဖြင့် အသက်ငင်နေခဲ့ရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ယနေ့ ပြန်လည်အသက်ဝင်လာပါပြီ။

ထိုသို့ ပြောခြင်းမှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာ၍ ပြောခြင်းလောဟု မေးခွန်းထုတ်စရာရှိသည်။ အကယ်စင်စစ်မူ ဒေါ်အောင်ဆန်းစုကြည် မလွတ်မြောက်မီကပင် ဒီချုပ် အသက်ဝင်နေခဲ့ပြီဖြစ်ပါသည်။

ဒေါ်အောင်ဆန်းစုကြည်မလွတ်မြောက်မီ ၅ ရက်အလိုက ကျင်းပခဲ့သော နအဖစစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲကို မဲမပေးသပိတ်မှောက်ရန် လူထုကို စည်းရုံးဆွဲဆောင်နိုင်ခဲ့ခြင်းသည် ဒီချုပ်ပြန်လည်အသက်ဝင်ခြင်း၏ ပြယုဂ်ဖြစ်သည်။

၁၉၉၀ ရွေးကောက်ပွဲကာလက မဲပေးခွင့်ရှိသူအားလုံး၏ ၇၀ ရာခိုင်နှုန်းကျော်က မဲပေးခဲ့ကြသော်လည်း နအဖစစ်အစိုးရ အဓမ္မကျင်းပခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင်မူ မဲပေးပိုင်ခွင့်ရှိသူ ၃၀ ရာခိုင်နှုန်းခန့်ကသာ မဲပေးခဲ့ကြကြောင်း ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် ပါတီများ ၊ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများက ပြောဆိုကြသည်။

ယခုတကြိမ်တွင် အချိန်မီ ဒီချုပ်က ပြတ်သားသော လမ်းစဉ်ချပေးနိုင်ခဲ့မှုကြောင့်သာ မဲပေးသူဦးရေ လျော့ကျသွားခြင်းဖြစ်သည်။
ယခုတကြိမ်ဟု ဆိုခဲ့သည်မှာ ယခင်တကြိမ်ရှိနေသေး၍ ဖြစ်သည်။

ထိုယခင်တကြိမ်မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆန္ဒခံယူပွဲဖြစ်၏။ ၂၀၀၈ အခြေခံဥပဒေဆန္ဒခံယူပွဲပြုလုပ်စဉ်က ဒီချုပ်သည် လူထုကို ပြတ်သားသော လမ်းစဉ် ချမပေးနိုင်ခဲ့ပေ။ ကျနော်တို့ စစ်ဗိုလ်တမတ်သားပါနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို လက်မခံနိုင်ပါဘူးဟု ပြောဆိုနေခြင်း ၊ ကြေညာချက်ထုတ်ပြန်ခြင်းတို့မှ လွဲ၍ လူထုအနေဖြင့် မည်သို့ တုန့်ပြန်သင့်သည်ဟူသော လမ်းစဉ်ကို ချမှတ်မပေးနိုင်ခဲ့။

သို့ဖြင့် ပြည်သူလူထုသည် နအဖ၏ ၂၀၀၈ အခြေခံဥပဒေဆန္ဒခံယူပွဲမဲရုံအတွင်း အတော်များများ ၀င်ရောက်သွားကြသည်။ ရလဒ်ကား ဆန္ဒမဲပေးခွင့်ရှိသူ ၉၂ ရာခိုင်နှုန်းကျော်က ထောက်ခံအတည်ပြုခဲ့ကြသည်ဟု နအဖက ကမ္ဘာကို ကြေညာနိုင်ခဲ့ခြင်းဖြစ်သည်။

ထိုစဉ်ကသာ ဆန္ဒခံယူပွဲကို မသွားလည်း နေနိုင်တယ် ၊ နေခွင့်ရှိတယ်ဆိုသော ပြတ်သားသည့် လမ်းစဉ်ချပေးနိုင်ခဲ့လျှင် ဒီချုပ်သည် ယခုထက် ၂ နှစ်စော၍ အသက်ဝင်နေမည်ဖြစ်သကဲ့သို့ ၂၀၁၀ ရွေးကောက်ပွဲကိုပင် ဟန့်တားနိုင်သည့် အဆင့်ရောက်သွားနိုင်ကာ ပါတီထပ်မံမှတ်ပုံမတင်၍ ဒီချုပ်ပါတီမရှိတော့ဆိုသည့် နအဖ၏ ကြေညာချက်မျိုးကိုလည်း တွေ့ကြုံရတော့မည်မဟုတ်ပေ။

မည်သို့ပင်ဖြစ်စေကာမူ ယခုရွေးကောက်ပွဲတွင် မဲမပေးရေး သပိတ်မှောက်လမ်းစဉ်ကို အချိန်မီ ရှင်းလင်း ပြတ်သားစွာ ချမှတ်ပေးခဲ့သည့်အပြင် လူထုကိုလည်းစည်းရုံးဆွဲဆောင်နိုင်ခဲ့ခြင်းကြောင့် ဒီချုပ် ပြန်လည်အသက်ဝင်လာခဲ့သည်ကတော့ အသေအချာပင်။




ခေါင်းသုံးလုံးကို ကျော်ကြည့်ခြင်း

ယခုအချိန်တွင် ဒီချုပ်၌ ဦးတင်ဦး ၊ ဒေါ်အောင်ဆန်းစုကြည် ၊ ဦးဝင်းတင်ဟူသော ခေါင်းသုံးလုံး ပေါင်းစုံနေကြပြီဖြစ်၏။ ၁၉၈၉ ခုနှစ်မှစ၍ မဆုံတွေ့ကြရတော့သည့် ခေါင်းသုံးလုံး။

ထိုခေါင်းသုံးလုံးသည် အပြောင်းအလဲတရပ်ဆီကို ဆွဲခေါ်သွားနိုင်လောက်သည့် စွမ်းအားရှိမည်မှာ ယုံမှားသံသယဖြစ်စရာမရှိ။

သို့ရာတွင် ထိုခေါင်းသုံးလုံးပေါ်သို့ အချိန်မရွေး ကျရောက်လာနိုင်သည့် အန္တရာယ်များက ရှိသေးသည်။ ဒီပဲယင်းအရေးအခင်းကဲ့သို့ လုပ်ကြံသတ်ဖြတ်ခြင်း ၊ ထောင်သွင်းအကျဉ်းချခြင်းများကို ပြုလုပ်လာနိုင်သည့်အပြင် သဘာဝ မရဏတရား၏ ခေါ်ငင်ခြင်းနောက် အချိန်မရွေးပါသွားနိုင်သည်ကိုလည်း သတိချပ်သင့်၏။

ထို့ကြောင့် ဒီချုပ်သည် ခေါင်းသုံးလုံးဖြင့် ရပ်တည်ခြင်းမပြုဘဲ ခေါင်းများစွာ မွေးထုတ်ထားရန် လိုအပ်သကဲ့သို့ ယခုခေါင်းသုံးလုံးကိုလည်း အချိန်နှင့် တပြေးညီ ကမ္ဘာနှင့်ချိတ်ဆက်ပေးနိုင်ရန် အင်တာနက်နည်းပညာအထောက်အကူပြု အဖွဲ့ငယ်ကိုလည်း ပါတီတွင်း ဖွဲ့စည်းထားမှသာ ပါတီလုပ်ဆောင်ချက်များ ပိုမိုလျှင်မြန် ထိရောက်မှုရှိလာမည်ဖြစ်သည်။