Friday, April 2, 2010
လှည်းတန်းလမ်းဆုံအနီးတွင် ဆန္ဒပြမှုတခု ဖြစ်ပွားခဲ့ဟုဆို
ယမန်နေ့ မွန်းလွဲပိုင်း (၃) နာရီခွဲခန့်တွင် လှည်းတန်းလမ်းဆုံအနီးရှိ လမ်းသွယ်တခုအတွင်း ဆန္ဒပြပွဲတရပ် ဖြစ်ပွားခဲ့ကြောင်း ကြည့်မြင်တိုင်မြို့နယ်နေသူတဦးက ပြောသည်။
"မနေ့ညနေပိုင်းပေါ့။ အဆောင်တွေရှိတဲ့ လမ်းသွယ်တခုထဲမှာ ဖြစ်သွားတာ။ အဆောင်တွေထဲကနေ မီးရရှိရေး ဒို့အရေး ၊ ရေရရှိရေး ဒို့အရေးအော်ကြရင်း တဖြည်းဖြည်းနဲ့ လူနှစ်ရာလောက် လမ်းပေါ်ထိ ထွက်အော်ခဲ့ကြတယ်လို့ အဲဒီလမ်းထဲက ဖြတ်ပြန်လာတဲ့ သူငယ်ချင်းက ပြန်ပြောတာ။ လမ်းသွယ်နာမည်တော့ မေးမထားလိုက်ရဘူးဗျ"ဟု ၄င်းက ပြောသည်။
ပန်းဘဲတန်းမြို့နယ်အတွင်း နေထိုင်သူတဦးကလည်း အဆိုပါသတင်းကို ကြားမိကြောင်း ၊ ယခုရက်ပိုင်း ရန်ကုန်မြို့တွင်း ရေမီးပြတ်တောက်မှုပိုလာနေကြောင်း ပြောသည်။
၎င်းက "ဒီနေ့တော့ စည်ပင်က ကားတွေနဲ့ရေလိုက်ဝေနေတယ်။ မနေ့က ကိစ္စကြောင့် ချွေးသိပ်တဲ့သဘောနေမှာပေါ့။ လူတွေကတော့ မကျေနပ်ကြတော့ဘူးဗျ။ ဆန်ဈေး ၊ လောင်စာဆီဈေးကလည်း ခုရက်ပိုင်းတက်လာနေပြီ။ မကြာခင်လူထု ပေါက်ထွက်လာတော့မလားပဲ" ဟုဆိုသည်။
ရန်ကုန်မြို့တွင် လုံခြုံရေးလည်း တိုးမြှင့်ချထားကာ ကင်းလှည့်ကားများကို မကြာခဏတွေ့နေရသည့်အပြင် ဆင်ခြေဖုံးမြို့နယ်များတွင် ပေါ်တာဆွဲသည်ဆိုသော သတင်းများ ထွက်ပေါ်နေသောကြောင့် အလုပ်သမားများကို စောစောပေးပြန်နေရကြောင်း ပန်းဘဲတန်းမြို့နယ်ရှိ ပုံနှိပ်တိုက် လုပ်ငန်းရှင်က ဆက်လက်ပြောဆိုသည်။

Thursday, April 1, 2010
ကျော်သူ စာမူတောင်းနေပြီ
၁၀နှစ်မြောက် ပေးဆပ်မှုများ စာအုပ်ထုတ်ဝေရန်အတွက် ရုပ်ရှင်သရုပ်ဆောင် ကျော်သူက ပြည်တွင်းပြည်ပမှ စာမူများပေးပို့ကြပါရန် တောင်းခံလျက်ရှိသည်။
၂၀၀၁ခုနှစ် ဇန်န၀ါရီ (၁) ရက်တွင် နာရေးကူညီမှုအသင်း (ရန်ကုန်)ကို စတင်တည်ထောင်ခဲ့သည့် အဘဦးသုခအားဂုဏ်ပြုပူဇော်ခြင်းအဖြစ်လည်းကောင်း ၊ ၂၀၁၁ခုနှစ်တွင် (၁၀) နှစ်ပြည့်မည့် နာရေးကူညီမှုအသင်း (ရန်ကုန်) အတွက် အထိမ်းအမှတ်အဖြစ်လည်းကောင်း စာအုပ်ထုတ်ဝေရန်အတွက် တောင်းခံခြင်းဖြစ်ကြောင်း ကျော်သူက ဆိုသည်။
ကျော်သူထုတ်ဝေမည့် စာအုပ်ကို စာပေစိစစ်ရေးက လက်ခံမည်ဟု မထင်ကြောင်း ၊ ထုတ်ဝေခွင့်ရလျှင်လည်း တင်းကြပ်စွာဆင်ဆာဖြတ်တောက်ခံရမည်ထင်ကြောင်း ၊ သို့သော် ကျော်သူ၏ လုပ်ဆောင်ချက်များကြောင့် စာရေးဆရာကြီးငယ်များစွာက စာမူပေးပို့ကြလိမ့်မည်ဖြစ်ကြောင်း ပြည်တွင်းမဂ္ဂဇင်းအယ်ဒီတာတဦးက သုံးသပ်ပြောဆိုသည်။
အဆိုပါစာအုပ်အတွက် စာမူပေးပို့လိုသည့် စာပေ၀ါသနာရှင်များ ၊ စာရေးဆရာ ၊ ကဗျာဆရာများအနေဖြင့် နာရေးကူညီမှုအသင်း (ရန်ကုန်) ၊ ၁၃/က ဗိုလ်မှူးဗထူးလမ်း ၊ (၄၂) ရပ်ကွက် ၊ မြောက်ဒဂုံမြို့နယ် (သို့မဟုတ်) အမှတ် (၄၂) (F) ၊ ပြည်သူ့လမ်းသွယ် ၊ (၇) မိုင်ပြည်လမ်း ၊ မရမ်းကုန်မြို့နယ်တို့သို့ ပေးပို့နိုင်ပြီး ရပ်ဝေးမှ စာမူပေးပို့လိုသူများအနေဖြင့် kyawthu21159@gmail.com သို့ ပေးပို့နိုင်ကြောင်း သိရသည်။
မင်းနိုင်သူ

ဘာသာရေးအလွဲသုံးစားလုပ်မှု
ဦးအောင်ခင် (ဝေဖန်သုံးသပ်ချက်)
“သာသနာ့ဘေးရန်ကို အာဏာပိုင်ပုဂ္ဂိုလ်များနှင့် ရဟန်းရှင်လူ ပြည်သူအားလုံး လက်တွဲညီညီ ဖယ်ရှားတားဆီးမှသာ သာသနာတော် ထွန်းတောက်မည်ဟု နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဥက္ကဋ္ဌ ဆရာတော် မိန့်ကြားတော်မှု” တယ်ဆိုတဲ့ ခေါင်းစီးတပ်ထားတဲ့သတင်းကို ဖေဖော်ဝါရီလ (၂၁) ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြတယ်။ တဆက်တည်းမှာပဲ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ဥက္ကဋ္ဌ မကွေးမြို့ မဟာဝိသုတာရာမတိုက်သစ်ဆရာတော် (၃) ဘွဲ့ရ ဦးကုမာရရဲ့ ဟောကြားချက်ကို ဖော်ပြထားတယ်။ သြ၀ါဒရဲ့ တ၀က်လောက်က ကျေးဇူးတင်စကားဖြစ်တယ်။ သြ၀ါဒစရိယ ဆရာတော်ကြီးများ၊ သံဃမဟာနာယက၊ သာသနာရေးဝန်ကြီး၊ သာသနာရေးဦးစီးဌာန၊ သာသနာတော် ထွန်းကားပြန့်ပွားရေး ဦးစီးဌာန စတာတွေကို အထူးကျေးဇူးတင်ရှိကြောင်း အရင်ဆုံးဖော်ပြတယ်။
နောက်တော့မှ ၁၉၈၀ ပြည့်နှစ်မတိုင်မီက ထေရ၀ါဒဗုဒ္ဓသာသနာမှာ အယူဝါဒကွဲပြားတဲ့ ဂိုဏ်းဂဏတွေ ပေါ်ပေါက်ခဲ့ကြောင်း၊ အဲဒီအယူဝါဒတွေကို နိုင်ငံတော်သံဃာ့ဝိနည်းအဖွဲ့က မှန် (ဓမ္မ)၊ မမှန် (အဓမ္မ) စိစစ်သုံးသပ်ဆုံးဖြတ်ပြီး မမှန် (အဓမ္မ) လို့ သတ်မှတ်တဲ့ အယူအဆတွေကို သံဃာ (ဓမ္မစက်) နဲ့ အစိုးရ (အာဏာစက်) တွဲဖက်ပြီး ပိတ်ပင်ဖယ်ရှားတားမြစ်တာ အလွန်အောင်မြင်ကြောင်း ဟောကြားတယ်။ ဒါပေမယ့် ဗိုလ်နေ၀င်းအမိန့်နဲ့ ၁၉၈၀ မှာ သာသနာသန့်ရှင်းရေးလုပ်တာကို ဦးကုမာရက ထည့်မပြောဘူး။ အတိအကျ မပြောပေမယ့် ထေရ၀ါဒဗုဒ္ဓဘာသာနဲ့ မညီညွတ်တာတွေ လုပ်နေတဲ့ သံဃာတွေကို စစ်အစိုးရနဲ့ သံဃာက ပြည်သူနဲ့လက်တွဲပြီး ဖယ်ရှားသွားရမယ်လို့ ဦးကုမာရက နိဂုံးချုပ်လိုက်တယ်။

Subscribe to:
Posts (Atom)