ပြည်တွင်းရှိ အများပြည်သူအကျိုးစီးပွားနှင့်စပ်လျဉ်းနေသော ကှ်ျသတင်းသုံးပုဒ်ကို သိထားသင့်သော သတင်းများအဖြစ် ပြန်လည် ဖော်ပြလိုက်ပါသည်။
ရန်ကုန် နာမည်ကြီးဈေးများ ဖျက်သိမ်း ပြောင်းရွှေ့မည်
Thursday, 04 March 2010 15:27 ခိုင်သွယ်
ရန်ကုန်တိုင်း အတွင်းရှိ ဆင်မင်းဈေး၊ ဆင်မလိုက် ဈေးနှင့် စံပြ ငါးဈေးများကို ပြောင်းရွှေ့ ဆောက်လုပ်ရန် စီစဉ်နေသည့် အတွက် ဈေးသူ ဈေးသားများ အခက်အခဲနှင့် ကြုံတွေ့နေရပြီး စိုးရိမ် ပူပန်မှုများ ဖြစ်နေကြကြောင်း သိရှိရသည်။
ကမာရွတ် မြို့နယ်ရှိ ဆင်မလိုက် ဈေးကို ဖျက်သိမ်း ဆောက်လုပ် နေပြီး အလုံမြို့နယ်မှ ဆင်မင်းဈေးနှင့် ကြည်မြင်တိုင် စံပြ ငါးဈေး များကိုလည်း ဖျက်သိမ်း ပြောင်းရွှေ့ရန် ရှိကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။
ယင်း ဆင်မလိုက် ဈေးကို ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီက ကမာရွတ် မြို့နယ် ရပ်ကွက် ၆ တွင် ယာယီဈေး အဖြစ် တဲများ ထိုးကာ ဖေဖော်ဝါရီ လတွင် စတင် ပြောင်းရွှေ့ ဖွင့်လှစ် ခဲ့ကြောင်း ဈေးသူ ဈေးသားများက ပြောသည်။
“အရင်ဈေးနေရာက လမ်းဆုံလမ်းခွကျတဲ့နေရာကောင်းဆိုတော့ အရောင်းအ၀ယ်လည်း သူ့ဟာနဲ့ သူ ဖြစ်ပါတယ်၊ အခု ဈေးနေ ရာကျတော့ အတွင်းပိုင်းထဲမှာ ပိတ်နေတော့ ဈေးရှိမှန်းတောင် မသိတဲ့သူက များတယ်၊ ပြောင်းရရွှေ့ရလို့ ဒုက္ခရောက်တဲ့အပြင် ဈေးလည်း မရောင်းရတော့ ပိုဆိုးတယ်”ဟု ဆင်မလိုက်ဈေးတွင် ဈေးရောင်းနေသူတဦးက ဆိုသည်။
ဆင်မလိုက် ယာယီဈေးမှာ ရပ်ကွက်တခု၏ အတွင်းပိုင်းဖြစ်ခြင်းကြောင့် လူသိနည်း၍ အရောင်းအ၀ယ် ကျဆင်းလျက်ရှိပြီး ယခင် ဆိုင်ခန်းဟောင်းနေရာကိုလည်း ပြန်မရနိုင်တော့ဟု သတင်းများထွက်ပေါ်နေသောကြောင့် စိုးရိမ်ပူပန်နေကြရကြောင်း လည်း ဈေးသူဈေးသားများက ပြောဆိုသည်။
ဆင်မလိုက်ဈေးကို ဖျက်မည်ဟု စည်ပင်သာယာမှ စာထွက်ပြီး မကြာခင်ပင် ဈေးသူဈေးသားများအား ယခု ယာယီဈေးနေရာ သတ်မှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ဈေးသစ်ဆောက်လုပ်မည်ဟု ကြားနေရသော်လည်း အသေအချာမသိရသေးကြောင်း ၎င်း တို့က ဆိုသည်။
လွန်ခဲ့သော နှစ် ၃၀ ကျော်ကဆောက်လုပ်ထားသော ဆင်မလိုက်ဈေးဟောင်းတွင် ဆိုင်ခန်းဝယ်ယူပါက တခန်းလျှင် ကျပ် ၁၀၀၀၀ နှုန်းဖြင့်ဝယ်ယူရရှိခဲ့သော်လည်း ဈေးသစ်ဖွင့်လှစ်ခဲ့ပါက ထိုဈေးနှုန်းဖြင့်မရနိုင်တော့ဟုလည်း ဈေးသူဈေးသားများက ပြောဆိုသည်။
အဆိုပါ ဆင်မလိုက်ဈေး ဖျက်သိမ်းရာတွင် ဝေဒပညာရှင်များ၏ အခါပေးမှုလည်း ပါဝင်ကြောင်း သိရသည်။
ဆင်မလိုက်ဈေး ကော်မတီ အဖွဲ့ဝင်တဦးက“ဈေးကိုစပြီး ဖြိုဖျက်တဲ့နေရာမှာလည်း အချိန်အခါ တွက်ပြီး ဖျက်တာလို့ ကြားရတယ်၊ ကျနော်တို့ သွားကြည့်ခွင့်မရတော့ သေချာ မသိလိုက်ဘူး၊ ဒါပေမယ့် ကြည့်လိုက်ရတဲ့ သူတွေပြောတာကတော့ အဆောက်အဦးရဲ့ အခြေကို စဖျက်ကြတာလို့ ပြော တယ်”ဟု ပြောသည်။
ထို့အပြင် ဆင်မလိုက်ဈေး၊ ဆင်မင်းဈေးနှင့်စံပြဈေးများကို အာဏာပိုင်များက ယတြာချေလိုသည့်အတွက် ပြောင်းရွှေ့ဆောက်လုပ် ခိုင်းခြင်းဖြစ်သည်ဟုလည်း ဈေးသူဈေးသားများကြားတွင် ပြောဆိုလျက်ရှိသည်။
ရန်ကုန် မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်းက စည်ပင်သာယာရေး ကော်မတီ၏ စီမံခန့်ခွဲမှု လက်အောက်ရှိ ဈေးဟောင်း များကို အဆင့်မြင့်ဈေးအဖြစ် ပြောင်းလဲတည်ဆောက်သွားမည်ဟု ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်းက ပြည်တွင်း သတင်း ထောက်များနှင့်တွေ့ဆုံစဉ် ပြောဆိုခဲ့သည်။
ရန်ကုန်မြို့အတွင်း အချက်အချာနေရာများတွင်ရှိသော ဈေးကြီးများသည် အိုဟောင်းနေပြီး မီးလောင် လွယ်ကူခြင်း၊ ဆိုင်ခန်းများ ပြည့်ကျပ်ကာ အစီအစဉ် မကျခြင်းတို့ကြောင့် ဈေးအဟောင်းများကို တနှစ်လျှင် ဈေး ၃ ဈေးနှုန်းဖြင့် လူနေတိုက်ခန်းများပါသော အဆင့်မြင့်ဈေးများ တည်ဆောက်သွားမည် ဖြစ်ကြောင်းလည်း ဗိုလ်မှူးချုပ် အောင်သိန်းလင်းက ဆိုသည်။
ဖေဖော်ဝါရီလ ၁၂ ရက်နေ့က မီးလောင်ကျွမ်းခဲ့သော ရန်ကုန်မြို့သင်္ဃန်းကျွန်း ဈေးကြီးကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ယူကာ အဆင့်မြင့်ဈေးကြီး တည်ဆောက်သွားမည် ဖြစ်ကြောင်းလည်း မြို့တော်ဝန်က ပြောဆိုသည်။
အဆိုပါ သင်္ဃန်းကျွန်း ဈေးကြီးကို လူနေ တိုက်ခန်းပါသော ငါးထပ် အဆောက်အအုံအဖြစ် ဆောက်လုပ်ရန် ပုံစံဒီဇိုင်း ရေးဆွဲပြီး ဖြစ်ကြောင်း၊ ဆိုင်ခန်းများကို လက်ရှိပေါက်ဈေးအတိုင်း သတ်မှတ်ရောင်းချခြင်း၊ ငှားရမ်းခြင်းများ ပြုလုပ်မည်ဖြစ်ကြောင်း ၀ယ်ယူ လိုသူများနေဖြင့်လည်း ဈေးစည်ပင်သာယာရေးကော်မတီမှတဆင့် စုံစမ်းနိုင်ကြောင်း သိရသည်။
“အသစ်ဆောက်မယ့်ဈေးမှာ နေရာချပေးရင် အရင်ပိုင်ရှင်ဟောင်းတွေအတွက်က မျှော်လင့်ချက်နည်းသွားတယ်၊ ဘာလို့လဲ ဆိုတော့ ဆိုင်ခန်းဖိုးသွင်းနိုင်တဲ့ သူတွေကို ဦးစားပေးချပေးမယ်လို့ ကြားတယ်”ဟု ထိုဈေးမှ ဈေးသူဈေးသားတဦးက ဆိုသည်။
ရန်ကုန်မြို့တွင် အသစ်ပြန်လည် တည်ဆောက်ရန်အစီအစဉ်ရှိသော ဈေးများစွာရှိပြီး တာမွေဈေး၊ သီရိမင်္ဂလာဈေး ၊ကြည့်မြင်တိုင် စံပြငါးဈေး၊ မြောက်ဥက္ကလာပဈေး၊အာသောက ဈေး၊ဆင်မင်ဈေး စသော ဈေးကြီးများသည် စာရင်းထဲတွင်ပါဝင်နေပြီး ကျန်မြို့နယ် များရှိ စည်ပင်ဈေးများလည်း အသစ်ပြန်လည် ဆောက်သွားရန်ရှိကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။
စည်ပင်သာယာက ပြန်လည်ပြင်ဆင်ဆောက်လုပ်ပြီး ဆိုင်ခန်းများကို လက်ရှိပေါက်ဈေးအတိုင်း ပြန်လည်ရောင်းချလေ့ ရှိသော ကြောင့် မူလ ဆိုင်ခန်းပိုင်ရှင်များမှာ ဆုံးရှုံးကြရကြောင်း ဈေးသူဈေးသားများက ပြောဆိုကြသည်။
ကြည့်မြင်တိုင် စံပြငါးဈေးကိုလည်း ဖျက်သိမ်းပြီးပါက ယာယီဈေးအဖြစ် ရွှေပြည်သာ မြို့နယ် ၀ါးတရာရွာတွင် ပြောင်းရွှေ့ ဖွင့်လှစ်ရမည်ဟု သတင်းများထွက်ပေါ် နေသောကြောင့် ဆိုင်ခန်းရှင်များ စိုးရိမ်ပူပင်လျက်ရှိကြောင်း သိရှိရသည်။
“ပြောင်းဆိုရင်တော့ ပြောင်းရတော့မှာပဲ၊ မပြောင်းနိုင်ဘူးလို့တင်းခံနေရင် မီးရှို့ခံလိုက်ရမှာလည်း ကြောက်နေကြတယ်”ဟု စံပြငါးဈေးမှ ဈေးသည်တဦးက ပြောပြသည်။
ဈေးကြီးများ မီးလောင်ကျွမ်းမှုတိုင်းတွင် မြေနေရာလိုချင်သောကြောင့် ရှို့မီးဖြစ်သည်ဟု ဈေးသူဈေးသားများက သံသယပွား နေကြပြီး သင်္ဃန်းကျွန်း ဈေးကြီး မီးလောင်ကျွမ်းပြီးနောက် ရန်ကုန်မြို့တွင်း ဈေးကြီးများမှ ဈေးသူဈေးသားများမှာ မီးလောင်မည် ကို စိုးရိမ်ပူပန်လျက်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် မတ်လ ၁ ရက်နေ့ က လည်း ရန်ကုန်မြို့ သိမ်းကြီးဈေး(ဒီ)ရုံ ၌ မီးလောင်မှု ဖြစ်ပွားခဲ့သေးသည်။
မြစ်ဆုံအနီးမှ ရွာပြောင်းရန် အဓမ္မ လက်မှတ်ထိုးခိုင်း
ဆလိုင်း ဟံသာစန်း | ကြာသပတေးနေ့၊ မတ်လ ၀၄ ရက် ၂၀၁၀ ခုနှစ် ၁၈ နာရီ ၅၆ မိနစ်
နယူးဒေလီ (မဇ္ဈိမ)။ ။ မေခ-မလိခ မြစ်ဆုံတွင် ရေကာတာ တည်ဆောက်မည်ဖြစ်သဖြင့် အနီးရှိ တန်ထဲရ်ရွာကို ပြောင်းရွှေ့ရန် သဘောတူကြောင်း လက်မှတ်ရေးထိုးရန် မြစ်ကြီးနားမြို့နယ် အာဏာပိုင်များက ကျေးရွာ ဥက္ကဋ္ဌကို ဖိအားပေးခဲ့သည်ဟု ကချင်လူမှု့ အဖွဲ့တခုက ပြောသည်။
မြစ်ကြီးနားမြို့နယ် မယက အဖွဲ့ဝင်များက တန်ထဲရ်ကျေးရွာ ဥက္ကဋ္ဌ ဦးအောင်ဘန်းကို ရွာပြောင်းရွှေ့ရန် ပြီးခဲ့သည့်လ ၇ ရက်နေ့တွင် သဘောတူကြောင်း ခြိမ်းခြောက်ကာ အတင်းအဓမ္မ လက်မှတ်ထိုးခိုင်းကြောင်း ယခု သတင်းရရှိခဲ့သည်ဟု ကချင် လူမှုဖွံ့ဖြိုးတိုးတက်မှု ကွန်ယက်အဖွဲ့ KDNG က ပြေသည်။
“မြစ်ကြီးနား မယက အဖွဲ့ဝင်တွေက ငါတို့က ပြည်ထဲရေးက ခိုင်းတဲ့အတိုင်း လုပ်ရတာ။ လက်မှတ်မထိုးရင် အဖမ်းခံ၊ ထောင်ချခံရမယ်လို့ ခြိမ်းခြောက်လို့ ကျေးရွာ ဥက္ကဋ္ဌက ထိုးပေးလိုက်တယ်” ဟု KDNG အဖွဲ့ ဥက္ကဋ္ဌ ကိုအောင်ဝါက မဇ္ဈိမကို ပြောုသည်။
ကချင်ပြည်နယ် မြစ်ဆုံဒေသရှိ ကျေးရွာ ၆ဝ ခန့် ပြောင်းရွေ့ရန် ဒေသ အာဏာပိုင်များက ပြင်ဆင်နေချိန်တွင် ယခုသတင်း ပေါ်ပေါက်ထွက်လာခြင်း ဖြစ်သည်။
ကျေးရွာ ပြောင်းရွှေ့ရမည်ဆိုပါက မြေနေရာ ရွေးချယ်ခွင့်၊ လျော်ကြေးနှင့် နစ်နာကြေးများ ရရှိခံစားခွင့်တို့ အပါအဝင် တောင်းဆိုချက် ၁ဝ ချက် လိုက်လျောပေးရန် တန်ထဲရ်ကျေးရွာ ရပ်မိရပ်ဖ ၂၂ ဦးက ပြီးခဲ့သည့်နှစ် စက်တင်ဘာလ ၂၈ ရက်နေ့တွင် ကချင်ပြည်နယ် ကောင်စီ ဥက္ကဋ္ဌထံ လက်မှတ်ရေးထိုး တောင်းဆိုထားသည်။
“အခုက ဘာအချက်ကိုမှ မလိုက်လျောဘဲ အတင်းအဓမ္မ လက်မှတ်ထိုးခိုင်းခဲ့တာ။ ရွာသားတွေကတော့ ဒီပုံစံနဲ့ဆို မပြောင်းဘူးလို့ ပြောနေကြတယ်။ သက်ကြီးရွယ်အိုတွေဆိုရင် သူတို့ ဘိုးစဉ်ဘောင်ဆက် နေလာတဲ့ နေရာမို့လို့ ပြောင်းဖို့ကို နေ့စဉ်နဲ့အမျှ စိတ်မကောင်း ဖြစ်နေကြတယ်” ဟု ကိုအောင်ဝါက ဆိုသည်။
ရေကာတာ တည်ဆောက်ရေးကို တရုတ် လျှပ်စစ်ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း CPI နှင့် ပူးတွဲတာဝန်ယူသည့် အေးရှားဝေါလ်ကုမ္ပဏီက ၂ဝဝ၉ ခု ဒီဇင်ဘာလ အစောပိုင်းတွင် အလုပ်သမား အိမ်ရာများ ဆောက်လုပ်ခဲ့သလို၊ ဧရာဝတီ မြစ်ရေအောက်ပိုင်း စမ်းသပ်မှုများ ပြုလုပ်ခဲ့ပြီး ရွာသား တသောင်းခွဲခန့် ပြောင်းရွှေ့နေထိုင်ရန် မြစ်ကြီးနားအထက် မိုင် ၂ဝ ကျော်ရှိ ကျင်ခန်လုန်ကာဇွပ် ရွာအနီးတွင် အိမ်တန်းလျားများ ဆောက်လုပ်ခဲ့သည်။
အဆိုပါ နေရာသို့ ပြောင်းရွှေ့ရမည့် ကျေးရွာများထဲတွင် အိမ်ခြေ ၂ဝဝ ကျော်ရှိပြီး လူဦးရေ ၁ဝဝဝ ကျော်ရှိ တန်ထဲရ်ရွာ အပါအဝင် မြစ်ဆုံ၊ ကျိန်ခရန်၊ ဒေါင်ပန်၊ ခန်းဘူး စသည့် ကျေးရွာများ ပါဝင်သည်။
“ဒါဟာ လူ့အခွင့်အရေး ချိုးဖောက်တဲ့ အဓိပ္ပာယ်ပါ။ ရေကာတာ တည်ဆောက်ရေးမှာ ဒေသခံပြည်သူတွေရဲ့ ဆန္ဒသဘောထားကို ကောက်ယူရမယ်ဆိုတဲ့ မူ ရှိပါတယ်။ အခုလို အတင်းအဓမ္မပြောင်းရွေ့ဖို့ လုပ်တာဟာ နောင်တချိန်မှာ ဆိုးကျိုးတွေပဲ ဖြစ်လာပါလိမ့်မယ်” ဟု ကိုအောင်ဝါက ပြောသည်။
မြစ်ဆုံရေကာတာကို မြစ်ကြီးနားမြို့အထက် ၂၇ မိုင်အကွာ ဧရာဝတီမြစ်ကြီး ဖြစ်ပေါ်စေသည့် မေခ-မလိခ မြစ်နှစ်စင်း ပေါင်းဆုံရာ မြစ်ဆုံဒေသတွင် တည်ဆောက်ရန်အတွက် CPI နှင့် အမှတ် (၁) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနတို့ ၂ဝဝ၇ ခုနှစ် မေလတွင် သဘောတူညီခဲ့ခြင်း ဖြစ်သည်။
ယခုစီမံကိန်းမှ ရေအားလျှပ်စစ် ၃၆ဝဝ မီဂါဝပ် ထုတ်လုပ်နိုင်မည်ဖြစ်ပြီး မေခမြစ်တွင် တာ ၅ ခုနှင့် မလိခမြစ်တွင် တာ ၂ ခုဖြင့် ရေပိတ်ကာ လျှပ်စစ်ဓာတ် ထုတ်ယူမည်ဖြစ်သည်။
ရေကာတာကျိုးပေါက်ခဲ့ပါက အောက်ဘက် မြစ်ကြီးနားမြို့သာမက မြစ်ဆုံနှင့် မြစ်ကြီးနားအကြား ရွာ ၂ဝ ခန့် ရေလွှမ်းခံရနိုင်ကြောင်း ရေကာတာ တည်ဆောက်ရေး ဆန့်ကျင်လှုပ်ရှားသူများက ခန့်မှန်းထားသည်။
ယင်းကဲ့သို့ ပျက်စီးဆုံးရှုံးမှုပမာဏ ကြီးမားနိုင်သည့် မြစ်ဆုံရေကာတာ စီမံကိန်းကို ဒေသခံ ကချင်လူမျိုးများ၊ ကချင်ကျောင်းသားလူငယ်များသမဂ္ဂ၊ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO အပါအဝင် ပြည်ပရောက် ကချင်များက ဆန့်ကျင်လျက်ရှိသည်။
ထို့ပြင် စီမံကိန်းကို ရပ်တန့်ပေးရန် တရုတ်ဝန်ကြီးချုပ် ဝန်ကျားပေါင်သို့ တောင်းဆိုသည့် ပေးစာကို ထိုင်း၊ အိန္ဒိယ၊ စင်္ကာပူ၊ ဗြိတိန်နှင့် နယူးဇီလန် နိုင်ငံများရှိ တရုတ်သံရုံးများသို့ ပြည်ပရောက် ကချင်ပြည်သူများက ပြီးခဲ့သည့် ဇန်နဝါရီလ ၂၈ ရက်နေ့တွင် လက်မှတ်ရေးထိုး တောင်းဆိုခဲ့ကြသေးသည်။
သို့သော် စင်္ကာပူရှိ တရုတ်သံရုံးက သက်ဆိုင်ရာ ကုမ္ပဏီသို့ လွှဲပြောင်းပေးမည်ဟု အကြောင်းပြန်ကြားခဲ့ပြီး ဝန်ကြီးချုပ် ဝန်ကြားပေါင်နှင့် ကျန်ရှိ သံရုံးများက အကြောင်းပြန်ခြင်း မရှိသေးပါ။
အမှတ် (၁) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနနှင့် CPI သည် မြစ်ဆုံအပါအဝင် ရေအား လျှပ်စစ်စီမံကိန်း ၇ ခုကို ကချင်ပြည်နယ်၌ တည်ဆောက်ရန် သဘောတူထားပြီး ယင်းစီမံကိန်းများမှ လျှပ်စစ်ဓာတ်အား ၁၃,၃၆ဝ မီဂါဝပ် ရရှိရန် မျှော်လင့်ထားကြောင်း ၂ဝဝ၇ ခုနှစ် မေလထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။
ကျန် စီမံကိန်း ၆ ခုမှာ ချီဗွေ (၂ဝဝဝ မီဂါဝပ်)၊ ပါရှီး (၁၆ဝဝ)၊ လာကင် (၁၄ဝဝ)၊ ဖီဇော (၁၅ဝဝ)၊ ခေါင်ဂလန်ဖူ (၁၇ဝဝ)နှင့် လိုင်ဇာ (၁၅၆ဝ) တို့ ဖြစ်သည်။
ဤစီမံကိန်းသည် မြန်မာနိုင်ငံတွင် အကြီးဆုံး ရေအားလျှပ်စစ် စီမံကိန်းဖြစ်ပြီး၊ ဒုတိယမှာ ရှမ်းပြည်နယ်ရှိ ၇၁ဝဝ မီဂါဝပ် ထုတ်ပေးနိုင်သည့် တာဆန်းဆည် စီမံကိန်း ဖြစ်သည်။
မြစ်ဆုံစီမံကိန်း၏ ရင်းနှီးမြှုပ်နှံမှုပမာဏကို အတိအကျ မသိသော်လည်း အမေရိကန် ဒေါ်လာ ၃.၆ ဘီလီယံခန့် ရှိနိုင်ကြောင်းနှင့် လျှပ်စစ်ဓာတ်အားကို တရုတ်သို့ ရောင်းချဖွယ်ရှိပြီး တနှစ်လျှင် ကန်ဒေါ်လာ သန်း ၅ဝဝ ခန့် ရရှိနိုင်ကြောင်း ၂ဝဝ၇ ခုနှစ် အောက်တိုဘာလက ထုတ်ပြန်ခဲ့သည့် KNDG ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
ကမ္ဘာတဝှမ်း ဆည်ဆောက်လုပ်မှုကြောင့် လူဦးရေ သန်း ၄ဝ မှ ၈ဝ အထိ နေရပ်စွန့်ခွာ ပြောင်းရွှေ့ခဲ့ရကြောင်း ကမ္ဘာ့ဆည်များ ကော်မရှင် (World Commission on Dams) အဖွဲ့က ခန့်မှန်းတွက်ချက်ထားသည်။
ဟိမဝန္တာတောင်တန်းများမှ မြစ်ဖျားခံလာသည့် မေခနှင့် မလိခမြစ်တို့ ပေါင်းဆုံရာမှ ဖြစ်ပေါ်လာသည့် ဧရာဝတီမြစ်သည် မြန်မာနိုင်ငံတွင် အရေးကြီးဆုံး ကူးသန်းရောင်းဝယ်ရေး ရေကြောင်းလမ်းဖြစ်ကာ ၁၄၅ဝ မိုင်ခန့် ရှည်လျားသည်။ မြစ်အတွင်း မျိုးတုန်းပျောက်ကွယ်လုနီး ဧရာဝတီလင်းပိုင်များ ကျက်စားသည်။
ဗန်းမော်ခရိုင်တွင် ဒေသခံလူငယ်များကို စစ်တပ်က ဖမ်းဆီး
ပေါက်ပေါက်/ ၄ မတ် ၂ဝ၁ဝ
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်အတွင်း စစ်ကြောင်းလှုပ်ရှားမှုများ ရှိနေချိန်တွင် ယမန်နေ့ညပိုင်းကစ၍ ဒေသခံလူငယ်များအား စတင်ဖမ်းဆီးမှုများ ပြုလုပ်နေသည်။
အနီရောင်လည်ပတ် စည်းထားသည့် စစ်ကြောင်းအသစ်များ လွန်ခဲ့သည့် (၅) ရက်ခန့်မှစ၍ ဗန်းမော်မြို့နယ်အတွင်း စတင်ရောက်ရှိနေပြီး လမ်းထောင့်နှင့် လမ်းဆုံများတွင် စစ်သား (၃၊ ၄) ဦး စောင့်ကာ လမ်းသွားလမ်းလာထဲမှ အရွယ်ကောင်း ယောက်ျားများကို အဓိက ဖမ်းဆီးနေသည်ဟု ဒေသခံတဦးက ပြောသည်။
၎င်းက “ပေါ်တာဆွဲတာလား၊ စစ်သားစုဆောင်းတာလား ဆိုတာတော့ ကွဲကွဲပြားပြား မသိရသေးဘူး။ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း စင်းခန်းရွာဘက်မှာ လူငယ်တချို့ကို ဖမ်းသွားတယ်။ အခုလည်း လမ်းပေါ် စစ်သားတွေ ရှိနေတာရယ်၊ ရပ်ကွက်လူကြီးတွေကလည်း ပေါ်တာဖမ်းမယ်၊ အပြင်မထွက်ကြနဲ့ဆိုပြီး ပြောနေတော့ ဘာတွေ ဖြစ်နေမှန်း မသိတော့ဘူး။ အရင်က အဲလိုမရှိဘူး” ဟု ပြောသည်။
ပြီးခဲ့သည့်လ ပထမပတ်အတွင်းကလည်း ဗန်းမော်မြို့နယ်ရှိ ဆိုင်ကယ် ကယ်ရီသမားများကို နယ်မြေခံစစ်တပ်က ရပ်ကွက်လူကြီး၊ ကျေးရွာလူကြီးများမှတဆင့် ပေါ်တာဆင့်ခေါ်ကာ ဒေသအတွင်း သစ်မှောင်ခို ခိုးထုတ်မှုများကို စစ်ကြောင်းများဖြင့် ပိတ်ဆို့ဖမ်းဆီးမှုပြုလုပ်ခဲ့သေးကြောင်း၊ ယခုအခါ စစ်ကြောင်းများက သစ်တောများအတွင်း ဆက်လက်ဝင်ရောက်နေကာ သစ်ဖမ်းဆီးနေဆဲဖြစ်ကြောင်း ဗန်းမော်ဒေသခံ သစ်လုပ်ငန်းရှင်တဦးက ပြောသည်။
၎င်းက “ခလရ (၂၃၆)၊ ခမရ (၃၄၈)၊ ခလရ (၁ဝ၅) ၊ ခလရ (၁၂၁) တို့ လှုပ်ရှားနေတယ်။ ဒု-တိုင်းမှူးတော့ မြစ်ကြီးနား ပြန်သွားပြီ။ စစ်ကြောင်းတွေရှိနေပေမယ့်လည်း ငွေပေးပြီး ထွက်တဲ့ သစ်ကားတွေ ရှိနေတုန်းပဲ။ နမ်းခမ်းနဲ့ မံဝိန်းကြီးအကြားကနေ တရုတ်ပြည်ဘက် ထွက်နေတာ” ဟု ပြောသည်။
ယခုကဲ့သို့ ဒေသအတွင်း လူငယ်များကို ဖမ်းဆီးနေခြင်းမှာ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) က နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးအတွက် ဆုံးဖြတ်ချက်ချနိုင်ရန် ဗဟိုကော်မတီအစည်းဝေးများ ပြုလုပ်နေချိန်တွင် ခြိမ်းခြောက်ပြသလိုမျိုးဖြင့် သစ်ဖမ်းဆီးရေး အကြောင်းပြကာ စစ်ရေးလှုပ်ရှားမှု လုပ်ပြရင်း စစ်သားစုဆောင်းမှုကို အမြတ်ထုတ် လုပ်ကိုင်နေခြင်းသာ ဖြစ်သည်ဟု တရုတ်-မြန်မာနယ်စပ် စစ်ရေးအကဲခတ်တဦးက ပြောသည်။
၎င်းက “ကေအိုင်အိုကို တိုက်တော့မယ်ဆိုတဲ့ ကောလာဟလတွေ နအဖက ကိုယ်တိုင် လုပ်နေတာရှိတယ်။ အခုထိ တိုက်ဖို့ခိုက်ဖို့ ဖြစ်လာစရာ အကြောင်းအချက်က မပေါ်သေးဘဲ ဖိအားပေး ခြိမ်းခြောက်တဲ့အနေနဲ့ လူထုတွေကြား ထင်ယောင်ထင်မှားသတင်းတွေ ထုတ်၊ ပြီးတော့ ပေါ်တာဆွဲသလိုနဲ့ စစ်သားစုဆောင်းရေး လုပ်နေတာ။ စစ်ဆင်ရေးက ဘယ်အချိန်မှာမှ မသိသေးဘဲ ပေါ်တာဆွဲလာတဲ့ လူတွေကို ထွက်မပြေးအောင် ထိန်းထားဖို့ဆိုတာ တာဝန်ကြီးတယ်။ တပ်ထဲက ပြေးနေတာတွေတောင် မထိန်းနိုင်ဘဲ ဖြစ်နေတဲ့အချိန်မှာ ဝန်ထုပ်ဝန်ပိုး ဘယ်အဖြစ်ခံပါ့မလဲ။ အမှန်တော့ စစ်သားစုဆောင်းရေးကို မလိမ့်တပတ်လုပ်နေတာ” ဟု ပြောသည်။
ကေအိုင်အိုအဖွဲ့သည် နယ်ခြားစောင့် တပ်အသွင်ပြောင်းရေးအတွက် နအဖနှင့် ဆွေးနွေးနေခဲ့ရာတွင် ယခုအချိန်ထိ အဖြေမရရှိဘဲ လိပ်ခဲတည်းလည်းဖြစ်နေပြီး မည်သို့ ရှေ့ဆက်သွားမည်ဆိုသည်ကို ဆုံးဖြတ်ချက်ချနိုင်ရန် ကေအိုင်အို ဗဟိုကော်မတီ အစည်းဝေးကို ယခုလ (၂) ရက်မှစတင်၍ ဌာနချုပ်ရှိရာ လိုင်ဇာတွင် ကျင်းပနေသည်။
No comments:
Post a Comment