တောင်သူလယ်သမားနေ့ အထူးဆောင်းပါး
ဥဿာမောင်
အင်း…. ဒီနေ့အခါသမယ ပြန်တွေးမိတော့မှ တို့များတောင်သူလယ်သမားဘ၀ သူတပါးတိုင်းပြည်တွေက တောင်သူလယ်သမားဘ၀တွေလို တိုးတက်မလာဘဲနဲ့ ဒုံရင်းဒုံရင်း နေသားကျလာခဲ့တာ နှစ်ပေါင်း (၅၀) ကျော်တောင် ရှိခဲ့ပကိုးလို့ သတိရမိသဗျာ…..။
ဒီနေ့ဆိုတာတော့ အားလုံးသိကြပါရဲ့နော်။ ကျုပ်တို့ တိုင်းပြည်လူဦးရေရဲ့ ၇၅ ရာခိုင်နှုန်းရှိတဲ့ တောင်သူလယ်သမားနေ့လေဗျာ…။ စစ်အာဏာရှင်မျိုးစေ့ချပေးခဲ့တဲ့ မောင်မင်းကြီးသား ဗိုလ်နေ၀င်း အာဏာသိမ်းခဲ့တဲ့နေ့လည်းဖြစ်သဗျ။
အဲဒီအချိန်တုန်းကတော့ ကျုပ်တို့ တောင်သူလယ်သမားတွေက မောင်မင်းကြီးသားကို ကယ်တင်ရှင်ကြီးလို့ ထင်ခဲ့မိကြသေးတာကလား။ အင်းလေ…ထင်မိတာလည်း ကျုပ်တို့အလွန်တော့ ဟုတ်ပေဘူးဗျ။ ကျုပ်တို့ တောင်သူလယ်သမားဆိုတာက ကိုလိုနီခေတ်ကနေ ဖဆပလအစိုးရလက်ထိအထိက နင်းပြားဘ၀တွေ ဖြစ်ခဲ့ရတာကိုး။
ပြန်တွေးရင် ရယ်ချင်မိသေးသဗျာ။ မောင်မင်းကြီးသားနေ၀င်းကလည်း ဂီတအနုပညာရှင်တွေ ၊ စာပေပညာရှင်တွေနဲ့ ပေါင်းပြီး ကျုပ်တို့ တောင်သူလယ်သမား လူတန်းစားကို ပြုစားခဲ့သေးတာပေါ့လေ။ ဂီတာစာဆို သောင်းတင်ဌေးရေးပြီး အမောင်တွံ့တေးသိန်းတန် အသံနဲ့ ဖမ်းစားထားတဲ့ “ဘကြီးမှုံနဲ့ ထွေးညို” ဇာတ်ရေယဉ်ကြောမှာ ကျုပ်တို့ မျှောပါခဲ့ကြသေးတာပ။
ဒီဇာတ်လမ်းထဲက စကားလေးနှစ်ခွန်းကတော့ ကျုပ်အတွက် အထင်ကရရှိနေခဲ့တယ်။ ဘာတဲ့…ဘာတဲ့….အော် မှတ်မိပြီ ။ “ကျောမွဲများအတွက် တိုက်ဖျက်ပစ်ပါ့မယ်”နဲ့ “သာဒင်ကို ဘာထင်သလဲ”ဆိုတာလေးတွေလေ။ ကျုပ်တို့ လယ်သမားတွေ သိပ်ခိုက်ခဲ့တာပေါ့။
ဒီကြားထဲ မောင်နေ၀င်းရဲ့ တော်လှန်ရေးကောင်စီက ခပေါင်း ၊ ဒူးယား ၊ အုန်းတောစတဲ့ တောင်သူလယ်သမားနှီးနှောဖလှယ်ပွဲကြီးတွေ ဖန်တီးပေးခဲ့လေတော့ မသွားဘူး ၊ မရောက်ဘူး ၊ မတက်ဖူးတဲ့ ညီလာခံကြီးတွေတက်ပြီး ကျုပ် ခြေဖျားထောက် ခေါင်းမော့ ရင်ကော့ နေခဲ့သေးတာပေါ့လေ။
လား…လား….မောင်နေ၀င်းအာဏာသိမ်းပြီး နှစ်ပေါင်းနှစ်ဆယ်လောက်ကြာမှ ကျုပ်တို့မှာ ထွေးညိုလိုမျိုး မောင်နေ၀င်းပေးတဲ့ ကိုယ်ဝန်ကြီး လွယ်ထားမိမှန်းသိတော့တာကိုး။ ၀မ်းစာစပါးတောင်မထားရဘဲ ပုတ်လှန်စနစ်နဲ့ မောင်နေ၀င်းမွေးထားတဲ့ တပည့်တွေ အိမ်ပေါ်အထိ စပါးအတက်ရှာခံရပြီလဗျာ။ မရှိ ရှိတာလေး ရောင်းချပြီး တာဝန်ကျေစပါးချပေးခဲ့ရတယ်။ လယ်ဆိုတာ စပါးစိုက်တာလား။ ပဲစိုက်တာလား မကွဲပြားတဲ့ အာဏာရှင်နောက်လိုက်တွေလက်အောက်မှာ ကျုပ်တို့ စိုက်ချင်တာ စိုက်ခွင့်မရခဲ့ ပြန်ဘူး။
ထွေးညိုဇာတ်လမ်းထဲကလို “သာဒင်ကို ဘာထင်သလဲ”ဆိုတဲ့စကားအတိုင်း မောင်နေ၀င်း စစ်အစိုးရက အာဏာပြခဲ့ပြီလေ။ ဒီတော့မှ ဒို့လယ်သမား မောင်နေ၀င်းကျွေးတဲ့အတုံး ဘယ်နှစ်တုံးစားမိပလဲလို့ ရေတွက်ကြည့်မိတော့တာကလား။
ဒီလိုနဲ့ နေ၀င်းစစ်အစိုးရနဲ့ ရလိုက်တဲ့ ကိုယ်ဝန်အရင့်အမာကြီး ဘယ်လိုဖျက်ချရပါ့မလဲဆိုတာ စဉ်းစားကြရတော့တာပ။ အဲ….၁၉၈၈ ခုနှစ်ရောက်မှပဲ ကျုပ်တို့ ကိုယ်ဝန်ကြီးကို ဖျက်ချပေးနိုင်မယ့်သူ ပေါ်လာတော့သဗျာ။
ဗျို..ဘယ်သူလဲ…ဟုတ်လား။ ဘယ်သူရှိရလိမ့်မလဲ။ ဒီနေ့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဖြစ်နေတဲ့ “၈၈ မျိုးဆက်ကျောင်းသား”လေးတွေပေါ့။
ကျုပ်တို့ လယ်သမားတွေဆိုတာကလည်း နယ်ချဲ့ကို တော်လှန်ခဲ့တဲ့ ဆရာစံသွေးတွေပါလာခဲ့သူတွေပဲဟာ ကျောင်းသားလေးတွေက “ဟေ့”ဆိုတာနဲ့ ကျုပ်တို့လည်း “ဟေ့” လိုက်ပစ်လိုက်တော့တာပဲ။
တကယ်တော့ အာဏာနဲ့သြဇာဆိုပြီး နှစ်မျိုးရှိတဲ့အထဲမှာ အာဏာဆိုတာမမြဲပါလားဆိုတာ နေ၀င်းနားမလည်ခဲ့ဘူးဗျာ။ သြဇာမရှိဘဲ အာဏာဆိုတာကို လက်ထဲဆုပ်ကိုင်မထားသင့်ဗျ။
သြဇာမရှိဘဲ အာဏာကို ဆုပ်ကိုင်ထားတဲ့ မောင်နေ၀င်း ၁၉၈၈ခုနှစ်လည်းရောက်ရော ကျောင်းသားလေးတွေက “ဟေ့”ဆိုတာနဲ့ ကျုပ်တို့ တောင်သူလယ်သမား ၊ အလုပ်သမားတွေပေါင်းပြီး “ဟေ့”လိုက်ပစ်လိုက်တာ ဒင်း ဒလိမ့်ခေါက်ကွေးကျပါရော့လား။
ခုလည်း ကျုပ်တို့လယ်သမားတွေ နေ၀င်းပေးလို့ စားခဲ့မိတဲ့အတုံးနဲ့ ကိုယ်ဝန်လိုမျိုးကို လိုချင်နေတဲ့ ငမိုက်သားနှစ်ယောက်ကို တွေ့နေရပဗျို။ တခြားဟုတ်ရိုးလား…ခင်များတို့ သတင်းမီဒီယာညီလာခံကြီးဆီအထိ ကြွချီပြီး ရွေးကောက်ပွဲဝင်ရေး လာနှူးသွားတဲ့ ကိုသုဝေနဲ့ ဒေါက်တာခင်ဇော်ဝင်းဆိုတဲ့သူတွေပ။ ကျုပ်တို့တောင်သူလယ်သမားတွေကတော့ “မင်းတို့သာစားပါမောင်ရာ တို့များကို သဒ္ဓါပြမနေပါနဲ့”လို့ ပြောလိုက်ချင်ပါရဲ့ဗျာ။
ဥဿာမောင်
(ဆောင်းပါးပေးပို့သော ပြည်တွင်းမှ ကိုဥဿာမောင်အား ကျေးဇူးတင်ရှိကြောင်းပါ)
No comments:
Post a Comment