မင်းနိုင်သူ
ပူသည်။
ပူသည်မှ သိပ်ကိုပူသည်။တပေါင်းနွေသည် ရန်ကုန်တမြို့လုံးကို ပြုတ်အိုးထဲဆွဲသွင်းထားသည်။ ဒီလိုပူပုံနှင့်သာဆိုလျှင် နောက်ရက်တွေ သတင်းလိုက်ထွက်ဖို့တောင် ခပ်ခက်ခက်ပဲဟု သတင်းထောက်လေး မောင်ငပွေးတွေးနေသည်။ ယနေ့မူ ပြည်ထောင်စုနေ့ဖြစ်သဖြင့် မောင်ငပွေး ဘယ်မှမသွားဘဲ ဂျာနယ်တိုက်အတွင်းတွင်ပင် နှပ်နေ၏။ တိုက်ပိတ်ရက်ဖြစ်သဖြင့် အခြားသူများမရှိဘဲ ဖုန်းစောင့်တာဝန်ကျသော သတင်းထောက် ငလုံးချာနှင့် တိုက်အိပ်တိုက်စား အညာသား မောင်ငပွေးတို့နှစ်ဦးသာ ရှိလေသည်။
ငလုံးချာသည် မဂ္ဂဇင်းတအုပ်ကို ဖတ်ရှုနေသကဲ့သို့ မောင်ငပွေးသည်လည်း တိုက်ထပ်ခိုးပေါ်တွင် အလုပ်အားခိုက် ကာလနဂါးမင်း စည်းစိမ်ယူရန် အားထုတ်နေသော်လည်း ရန်ကုန်အပူသည် သူ့ကို မျက်စိမှိတ်ခွင့်မပေးပေ။
ယခု ပြည်ထောင်စုနေ့သည် မောင်ငပွေး ငယ်ငယ်က ပြည်ထောင်စုနေ့နှင့်မတူဟု ထင်သည်။ ယခုပြည်ထောင်စုနေ့သည် ပို၍ ပူလာသကဲ့သို့ ပို၍လည်း ခြောက်ကပ်လာသည်ဟု မောင်ငပွေးခံစားရသည်။ မောင်ငပွေးတို့ ငယ်စဉ် ပြည်ထောင်စုနေ့တွင် အားကစားပွဲများ ကျင်းပသည်ကို မြင်ယောင်လာသည်။ ချောတိုင်တက်ပွဲ ၊ ၀ါးပိုးဝါးလုံးတန်းပေါ်တက် ခွထိုင်ကာ တယောက်နှင့်တယောက် အောက်သို့ကျစတမ်း ရိုက်ပုတ်ရသည့် ခေါင်းအုံးရိုက်ပွဲ ၊ ဂုံနီအိတ်စွပ်ပြေးပွဲ ၊ မုန့်စားပြိုင်ပွဲ၊ ပူဖောင်းဖောက်ပြိုင်ပွဲ စသည်..စသည်။
ယခုတော့ လွတ်လပ်ရေးနေ့ ၊ ပြည်ထောင်စုနေ့ ၊ အာဇာနည်နေ့တို့သည် လူမသိသူမသိဖြတ်သန်းသွားလေ့ရှိသည်။
“ငပွေး….ငပွေး….ဟေ့…ငပွေး”
မောင်ငပွေး အိပ်ရာထဲ လှဲလျောင်းရင်း ငယ်ငယ်က ပြည်ထောင်စုနေ့တွင် ချင်းမလေးနှင့်အတူ ဂုံနီအိတ်စွပ်ပြေးပွဲ နွှဲခဲ့သည်ကို စားမြုံပြန်နေစဉ် အောက်ထပ်မှာ ငလုံချော၏ အော်သံထွက်လာသဖြင့် အတွေးတို့ လွင့်ထွက်သွားသည်။
“ဘာလဲကွာ….မင့်အမေ လင်နောက်လိုက်သွားလို့လား။ အဲဒါဆိုရဲစခန်းသွား ဒီမှာ လာအော်မနေနဲ့”
မောင်ငပွေး တုံ့ပြန်သံကြောင့် ငလုံးချော ဒေါပွသွားပြီးမှ “ဟေ့ရောင်…နောက်မနေနဲ့ စောစောက အရေးကြီး ဖုန်းဝင်လာလို့ကွ….။ ဒီနေ့ အန်အယ်လ်ဒီပါတီရုံးချုပ်မှာ ပြည်ထောင်စုနေ့အခမ်းအနားလုပ်မယ် ငါတို့ ဂျာနယ်တိုက်ကိုလည်း ဖိတ်ပါတယ်ဆိုပြီး ဖုန်းဆက်သွားတယ်ကွ။ အဲဒါ သွားကြမလား”ဟု မေးလေသည်။
အန်အယ်လ်ဒီပါတီဆိုသဖြင့် မောင်ငပွေး မျက်လုံးပြူးသွားသည်။ ထိုရုံးသွားလျှင် နအဖစစ်အစိုးရ၏ စောင့်ကြည့်ခြင်းခံရနိုင်သည်။ သို့သော် သတင်းထောက်လုပ်သက်ငါးလတာအတွင်း အန်အယ်လ်ဒီရုံးချုပ်ကို မရောက်ဖူးသေးသဖြင့် ရောက်ဖူးချင်သည်။ သို့နှင့် ငလုံးချော၏ အဖော်ညှိမှုကို လက်ခံလိုက်လေ၏။
“ ဟေ့ရောင်…ငါမရောက်ဖူးဘူးနော်။ ဘယ်နားမှာ ရှိတယ်ဆိုတာ မင်းသိလို့လား”
မောင်ငပွေးမေးခွန်းကို ငလုံးချော ခေါင်းခါသည်။
“ဟမ်….မင့်က ရန်ကုန်သားဖြစ်ပြီး ပါတီရုံးချုပ် ရှိတဲ့ နေရာကိုတောင် မသိဘူးလားဟ”
“ ငါလည်း ငါ့အလုပ်နဲ့ငါဟ။ အဲဒီကို တခါမှ မရောက်ဖူးသေးဘူး။ ရွှေဂုံတိုင်ဘက်မှာ ရှိတယ်ပြောတာပဲ။ လာပါကွာ။ မေးရင်းမြန်းရင်းရောက်သွားမှာပါ”
ပြောပြောဆိုဆိုဖြင့် ငလုံးချာသည် ရွှေဂုံတိုင်ကို ဖြတ်သန်းကာ မြောက်ဥက္ကလာဘက်သွားမည့် ကားပေါ်တက်သွားလေရာ မောင်ငပွေးလည်း အမီလိုက်ရတော့သည်။
ပြည်ထောင်စုနေ့ဖြစ်သဖြင့် ကားပေါ်တွင် လူချောင်နေသည်။ တဂီးဂီးမြည်နေသော ကားစက်သံနှင့် တိုးဝှေ့ တိုက်ခိုက်လာသည့် လေပူတို့က မောင်ငပွေးတို့နှစ်ဦးကို ငိုက်မြည်းခြင်းဆီ ခေါ်ဆောင်သွား၏။
“ငပွေး…ငပွေး…ထဟ…စက်မှု (၁) မှတ်တိုင်တောင်ကျော်နေပြီ”
ငလုံးချာအသံကြောင့် မောင်ငပွေး မျက်လုံးဖွင့်ကြည့်လိုက်သည်။ ရွှေဂုံတိုင်သည် ဟိုး….နောက်တွင် ကျန်ခဲ့လေပြီတကား။
“ဟိုက်….ဒီမှာပဲ ဆင်းကြစို့လား”
“အေးပေါ့ဟ….ဒီမှာပဲဆင်းပြီး ၊ ပြန်စီးရတော့မှာပေါ့”
မောင်ငပွေးတို့နှစ်ဦးသား ပလက်ဖောင်းပေါ်ခြေချမိသည်နှင့် ငလုံးချာသည် တက္ကသိုလ်ရိပ်သာလမ်းဘက်သို့ လှမ်းမျှော်ကြည့်လေ၏။
“ငေပြး…အေမစုအိမ္ဘက္သြားမလား။ အရင်ကတော့ အမေစုအိမ်မှာလည်း အခမ်းအနားတွေ ကျင်းပတတ်တယ်ကွ”
“သွားလို့ရလို့လား။သွားလို့ရရင်သွားလေ”
အညာသားမောင်ငပွေးသည် သူ၏အနာဂတ်ကို ရန်ကုန်သားငလုံးချာလက်သို့ အပ်လိုက်လေသည်။
“ရပ်”
ဆောင့်ကြီးအောင့်ကြီး အော်သံကြောင့် မောင်ငပွေးလန့်သွားသည်။
တက္ကသိုလ်ရိပ်သာလမ်းကို သံဆူးကာများဖြင့် ပိတ်ထားကာ လက်နက်ကိုင် လုံခြုံရေး သုံးထပ်ချထားသည့်အနက် ပထမဂိတ်က မောင်ငပွေးတို့ကို ရပ်ခိုင်းနေခြင်းဖြစ်သည်။
“ဘယ်သွားကြမှာလဲ”
သံဆူးကာခုံတန်းတဘက်မှ လုံခြုံရေးရဲကမေးလေရာ ငလုံးချာက
“ဒီလမ်းထဲကိုပါ” ဟု တိုးတိတ်စွာဖြေသည်။
“ ဒီလမ်းက လမ်းပိတ်ထားတယ်လေ။ နားမလည်ဘူးလား တခြားလမ်းကသွား”ဟု လုံခြုံရေးရဲက မောင်ငပွေးတို့ကို မောင်းထုတ်လေ၏။
မောင်ငပွေးတို့ ပြန်ထွက်လာခဲ့ရသော်လည်း ငလုံးချာက ၀င်ခွင့်မရသည်ကို မကျေနပ်ဟန်ဖြင့် နောက်သို့ မကြာခဏ လှည့်ကြည့်နေသည်။
“ဟာ…ကင်းသမားချိန်းသွားပြီဟေ့။ငါတို့ကို မောင်းထုတ်တဲ့လူ အထဲပြန်ဝင်သွားပြီ။ သူ့အစား တယောက် ရောက်လာတယ်ကွ”ဟု နောက်သို့လည်ပြန်ကြည့်ရင်း မောင်ငပွေးထံ သတင်းပို့သည်။
“နေ့လည်ထမင်းစား ဂျူတီချိန်းတာနေမှာပေါ့ကွာ။ ငါလည်း ဗိုက်ဆာပြီဟေ့ရောင်။ နီးတဲ့ထမင်းဆိုင် ၀င်စားကြစို့”
“နေစမ်းပါဦးကွာ မင်းကလည်း။ တခေါက်ပြန်သွားကြည့်ရအောင်ကွာ။ ၀င်ခွင့်မရတာ ငါမကျေနပ်သေးဘူးကွ”
မောင်ငပွေးလည်း ဆက်ငြင်းနေလျှင် ကြောက်သည်ဟု ပြောခံရမည်စိုးသဖြင့် ငလုံးချာနှင့်အတူ ဂိတ်ဆီသို့ တကြော့ ပြန်ဦးတည်လိုက်ရသည်။ မောင်ငပွေးတို့ ဂိတ်ဝရောက်သောအခါ စက်ဘီးလေးတစီး တွန်းလာသူတဦးနှင့် သွားဆုံသည်။ ထိုသူသည် ထိုလမ်းထဲတွင် နေထိုင်သူ ဖြစ်ဟန်ရှိ၏။ ဂိတ်စောင့်ရဲက အသာတကြည်ပင် သံဆူးကာကို ဖယ်ပြီး လမ်းဖွင့်ပေးသည်။
“ထမင်းပေါင်းအိုးကနေ ရှော့ခ်ဖြစ်ပြီး နောက်ဖေးဆောင်တဆောင်လုံး မီးငြိမ်းသွားလို့ သူဌေးက လျှပ်စစ်သမားသွားခေါ်ပါဆိုလို့ ထွက်ခေါ်ရတာဗျာ”ဟု စက်ဘီးတွန်းဝင်သူက ကင်းသမားရဲကို ပြောပြီး စက်ဘီး နင်းကာ လမ်းထဲဝင်သွားတော့သည်။
မောင်ငပွေးတို့လည်း ထိုသူနောက်မှ အသာလေး ကပ်လိုက်သွားကြရာ ကင်းသမားသည် မောင်ငပွေးတို့ကို လျှပ်စစ်မီးပြင်သူများဟူ၍ မှတ်ယူလိုက်ဟန်ရှိ၏။ အမေးအမြန်းမရှိဘဲ ၀င်လို့ရလေသည်။
ပထမဂိတ်ကို ကျော်ဖြတ်ပြီးသည်နှင့် ဒုတိယဂိတ်သည် တားဆီး မေးမြန်းခြင်းမရှိတော့။ တတိယဂိတ်သည်လည်း ထိုနည်း၎င်း။
ဒေါ်အောင်ဆန်းစုကြည်အိမ်ကိုပင် လှမ်းမြင်နေရပြီ။ အညာသားမောင်ငပွေးသည် ဒေါ်အောင်ဆန်းစုကြည်အိမ်ကို မရောက်ဖူးသော်လည်း ဗွီဒီယိုအခွေများတွင် ကြည့်ဖူးထားပြီးဖြစ်ရာ မြင်သည်နှင့် မှတ်မိလေသည်။
“ ခြံတံခါးပိတ်ထားတယ်နော် ငလုံးချာ။ တို့က ကြည့်ပြီး ပြန်မှာပဲမို့လား။ ရှေ့ဆက်သွားလို့ မရလောက် တော့ဘူးထင်တယ်”
မောင်ငပွေးစကားမဆုံးမီမှာပင် ဒေါ်အောင်ဆန်းစုကြည်အိမ်နှင့်မျက်စောင်းထိုးခြံဝင်းရှေ့မှ အော်သံထွက်လာသည်။
“ဟေ့…ဟေ့…ဟိုနှစ်ယောက် ..ဘယ်ကလဲ။ ဘယ်သွားကြမလို့လဲ။ ဒီကိုလာဦး”
လှည့်ကြည့်လိုက်တော့ လုံထိန်းတပ်ကြပ်ကြီးတဦး။ မောင်ငပွေးတို့လည်း သူ့ဆီသွားလိုက်ရသည်။
“မင်းတို့က ဘယ်ကလဲ။ ဘာလာလုပ်တာလဲ။ ဒီလမ်းက ဖြတ်သန်းခွင့်မရှိဆိုတာ နားမလည်ဘူးလား။ ဘယ်မအေရိုးက မင့်တို့ကို ဖွင့်ပေးလိုက်တာလဲ”
မေးခွန်းများက တထပ်ကြီးကျလာသည်။ ထို့နောက်တွင်တော့ မောင်ငပွေးတို့ကို ခြံဝင်းထဲရှိ တိုက်ခံပျဉ်ထောင်အိမ်ကြီးဆီ ခေါ်သွားကာ ရဲမှူးကြီးတဦးထံ အပ်နှံလေတော့သည်။ ထိုခြံဝင်းသည် လုံခြုံရေးစခန်းဖြစ်လေ၏။
တခွေတပွင့်တပ်ထားသော ရဲမှူးကြီးလည်း ဒေါသူပုန်ထလေပြီ။
“မင်းတို့ကို ဘယ်မအေရိုးက တံခါးဖွင့်ပေးတာလဲ။ အောင်မြင့်သွားခေါ်စမ်း ရှေ့ဂိတ်တာဝန်ခံ ရဲအုပ် မြင့်ကျော်ကို”
ရဲမှူးကြီးသည် မောင်ငပွေးတို့၏ ကပေါက်တိကပေါက်ချာအဖြေများကို စိတ်မ၀င်စားတော့ဘဲ ဂိတ်တာဝန်ခံကို ခေါ်ခိုင်းလေ၏။ ရဲအုပ်မြင့်ကျော်ဆိုသူသည်လည်း မောင်ငပွေးတို့ မည်ကဲ့သို့ ၀င်ရောက်သွားသည်ကို သူမသိလိုက်သဖြင့် ရဲမှူးကြီးမေးခွန်းကို ကျေနပ်အောင်မဖြေနိုင်ပေ။
“တောက် …..ဒီသတင်းထောက်နှစ်ယောက် ၀င်လာတာတောင် မင်းမသိလိုက်ဘူးမို့လား။ မင်းဘာလုပ်နေလဲ။ မင်းဘာလုပ်နေလဲ။ နောက်တခါ ဒါမျိုးဖြစ်ရင် ဒီမယ်ကြည့်ထား တခါတည်း ပစ်သတ်ပစ်မယ်။ နားလည်လား”
ရဲမှူးကြီးသည် ခါးကြားမှ ခြောက်လုံးပြူးကို ပုတ်ပြရင်း ငေါက်နေလေရာ ရဲအုပ်သည် မျက်လုံးလေး ကလည်ကလည်ဖြင့် မောင်ငပွေးတို့ကို လုပ်ရက်ပါပေ့ကွာဆိုသည့် အကြည့်ဖြင့် လှမ်းကြည့်လေ၏။
“ဒီလိုပါဗျ။ ဒီအကိုကြီးနဲ့မဆိုင်ပါဘူး။ ကျနော်တို့ကို လျှပ်စစ်မီးပြင်တဲ့သူတွေ ထင်လို့ ကင်းသမားတပ်ကြပ်က ဖွင့်ပေးလိုက်တယ်ထင်ပါတယ်”
မောင်ငပွေးလည်း မနေသာတော့ဘဲ ရှင်းပြရလေသည်။
ရဲမှူးကြီးက မောင်ငပွေးကို လက်ကာပြရင်း
“မင်းဘာမှ ၀င်မရှည်နဲ့။ နောက်မှ မင်းတို့ကို စစ်ရမယ်။ အခုငါ အလုပ်စကားပြောနေတယ်။မင်းဝင်ပါစရာမလိုဘူး”
ထိုအခိုက် အပေါ်ထပ်မှ လူတဦးဆင်းလာလေသည်။ ထိုသူသည် ဖြစ်ရပ်များကို မေးမြန်းပြီးနောက် မောင်ငပွေးတို့ကို သူသည် သတင်းတပ်ဖွဲ့မှ ရဲအုပ်တဦးဖြစ်ကြောင်း မိတ်ဆက်ကာ သူသိလိုသည်များကို အေးဆေးစွာ မေးမြန်းလေသည်။
မောင်ငပွေးတို့လည်း တိုက်တွင်းရှိနေစဉ် ဖုန်းလာသည်မှစကာ ယခုအချိန်ထိ ဖြစ်ပျက်သမျှ ဇာတ်စုံခင်းပြရလေသည်။
“ဖုန်းဆက်တယ်ဆိုတော့ ဘယ်ဖုန်းကနေ ဘယ်သူက ဆက်တာလဲ”
“ အဲဒါတော့ မသိဘူးဗျ။ ကျနော်တို့တိုက်က ဖုန်းက အစုတ်ကြီးပါဗျာ။ ဟိုဘက်က ဆက်တဲ့ဖုန်းနံပါတ်လည်း မပေါ်ဘူး။ နောက်ပြီး ပြောတာကြာလာရင် တဂွီ..ဂွီထမြည်လာတတ်တယ်။ကျနော်တို့က တိုက်ပိုင်ကို ဖုန်းအသစ်လဲဖို့ ပြောနေတာကြာပါပြီဗျာ။ အဲဒီဘဲကြီးက ကပ်စီးနည်းတယ်ဗျ။ ခုထိမလဲသေးဘူး။ သူက သူ့မိန်းမငယ်ငယ်လေးအတွက် ဖိနပ်ဖိုး ၊ မိတ်ကပ်ဖိုး…..”
“ရပြီ ညီလး ရပြီ။ ဟိုဘက်က ဖုန်းကို မသိပါဘူးဆိုတာနဲ့လုံလောက်ပါတယ်”
သတင်းတပ်ဖွဲ့မှ ရဲအုပ်သည် ငလုံးချာ၏ လေကြောရှည်မှုကို စိတ်ညစ်သွားဟန်တူသည်။ ထွေထွေထူးထူး ထပ်မမေးတော့ဘဲ မောင်ငပွေးတို့၏ နာမည် ၊ နေရပ် ၊ ဂျာနယ်တိုက်နာမည် ၊ တိုက်ပိုင်အမည်တို့ကိုသာ မေးမြန်းလေတော့သည်။
“ မင်းတို့ အိပ်ကလေးတွေတော့ စစ်ရမယ်။ နှစ်အိတ်စလုံး ဒီကိုပေး”
မောင်ငပွေးတို့လည်း အိတ်များပေးလိုက်ရသည်။
“ဒါကဘာလဲ”
ငလုံးချာအိတ်ထဲမှ ဗူးလေးတခုကို ရဲအုပ်က ကိုင်ကြည့်ရင်း မေးသည်။
“ရှောက်သီးဆေးပြားဘူးပါ” ဟု ငလုံးချာဖြေသည်။
ထို့နောက်တွင်တော့ နားဖာကလော်တံ ၊ သွားကြားထိုးတံ ၊ ဆေးပေါ့လိပ်တို ၊ နှပ်ချေးသုတ်ထားသော လက်ကိုင်ပုဝါစ လိပ်စာမှတ်စာအုပ်များတို့သည် အစဉ်အတိုင်းထွက်လာကြလေ၏။
ရဲအုပ်လည်း ၀တ္တရားကျေ ရှာပြီးသော် မသင်္ကာစရာဘာမျှမတွေ့သည်နှင့် မောင်ငပွေးတို့ထံ အိတ်များကို ပြန်ပေးရင်း အမိန့်တော်ချသည်မှာ အယ်ဒီတာသို့မဟုတ် တိုက်ပိုင်မှ တာဝန်ခံလက်မှတ်ထိုးပြီး လာခေါ်နို်င်ကြောင်း ဖုန်းဆက်ပါဟူ၏။
တိုက်မှ တာဝန်ခံအယ်ဒီတာသည် မောင်ငပွေးတို့ကို ညနေသုံးနာရီခန့်တွင် လာခေါ်ထုတ်လေရာ ထိုနေ့က နံနက်စာ လွတ်ခဲ့လေ၏။
No comments:
Post a Comment