ခုချိန်မှာ လူတိုင်းဟာ ကိုယ့်ကိုယ်ကို ဦးဆောင်ကြရမှာပဲ...ဒီရွေးကောက်ပွဲဟာ မိမိတို့ကို စစ်ကျွန်ဇာတ် ဆက်သွင်းမယ့် ကန့်လန့်ကာအဖွင့်တခုဆိုတာကို ယုံကြည်ရင် မဲရုံကို မသွားကြဖို့ဘဲ။ ဒီလိုမှမဟုတ်ဘဲ အကြောက်လွန်ပြီး မဲရုံကိုသွားပြီဆိုတာနဲ့ ခင်များတို့ဟာ ကျုပ်တို့ စစ်ကျွန်အဖြစ်ဆက်လက်ခံယူပါမယ်လို့ ကတိပေးလိုက်တာနဲ့ အတူတူပဲ။ တနိုင်ငံလုံးကို အကျဉ်းချထားနိုင်တဲ့ ထောင်မရှိဆိုတာကို လူတိုင်း သဘောပေါက်ထားဖို့ လိုတယ်။

Thursday, September 30, 2010

ဖမ်းဆီးခံ သံဃာများအတွက်သာသနာ့ဥသျှောင် ကြေညာချက်ထုတ်

Sasana Moli _ India and Thai Statement

“ မှာပါရစေ … ပြောပါရစေ ”

(၁)
ကိုယ်သေရင် မငိုနဲ့၊ ပါးစိုရုံ ရှိမှာပေါ့။
သပိတ်မသွတ်နဲ့ လွတ်ပြီးသား၊ ကျွတ်ပြီးသား။
ထမင်းမထုတ်နဲ့၊ သိုးစာ၊ ပုပ်စာ၊ ဖြုန်းတီးစာ။
အိုးမခွဲနဲ့၊ အိုးမလို ဘာကိုမှ ကိုယ်မစွဲဘူး။
အပွင့်အခက်ယူမသွားနဲ့၊ ပြန်လိုက်ရမယ့်အစား မဟုတ်ဘူး။
ရက်လည်၊ လလည်၊ နှစ်လည်
ဘာကိုမှ မလည်နဲ့၊ သံသရာကြီးမှာလည်ခဲ့သူ။

(၂)
ကိုယ်သေရင် မငိုနဲ့ ကြိုကြိုပြီးသေထားသူ။
“ဘုရားရှင်ရဲ့ဂုဏ်တော်”ကို မြတ်နိုးပူဇော်ရင်း
အကြိမ်ကြိမ် အသေရင်းထားသမို့ မရဏမင်းဆီ ပျော်ပျော်သွားမှာ။
ပြီးတော့ ပြောပါရစေ -
သာသနာ၊ စာပေ၊ ပရဟိတ
လုပ်လက်စတွေကို ဆက်လုပ်ဖို့၊
ဟောဒီချစ်ရတဲ့ မိခင်မြေကို
ပြန်လာခဲ့မယ်မုချ။
ဒီတော့ ကိုယ်သေရင် မငိုနဲ့၊ ဖြေသာစမ်းပါ၊ ပြုံးစမ်းပါ
လူသာဆုံးတာ ကျန်တာမရှုံးဘူး။
မှာခဲ့ပြီ၊ ပြောခဲ့ပြီနော်၊ ဒါပါပဲ။ ။

မိုးဟိန်း (သားဂျာနယ်ကျော်)

ဆရာဦးမိုးဟိန်းရေးသွားခဲ့တဲ့ ကဗျာလေးပါ။ ပို့ပေးတဲ့သူက ၂၆-၉-၂၀၁၀ နေ့ကတည်းကပါ။ ကျနော် မေးလ်တခုကို ခုမှ ဖွင့်ဖြစ်လို့ တွေ့မိပြီး အမှတ်တရ ပြန်တင်ပေးလိုက်တာပါ။ ဆရာ ကောင်းရာသုဂတိလားပါစေ။

Wednesday, September 29, 2010

မပြောမပြီး မတီးမမြည်

တခါတုန်းက ချာရာဏသီပြည်ကြီးမှာ(အဟဲ...ကာတွန်းဦးဘဂျမ်းစကားလုံးနော်)မင်းတြားကြီး စိတ်ကြိုက် ထုထောင်းလို့ရနေတဲ့ အာဏာလွှတ်ပါတီက ဒုဥက္ကဌကြီး ဦးရွှင်မြူးမှာ မျက်စိဝေဒနာ ခံစားနေရပါသတဲ့...ကလေးတို့ရယ် အဲလေ လူကြီးတို့ရယ်။

ဒီမျက်စိဝေဒနာကို ကုသဖို့အတွက် အိမ်တွင်းချင်းတိုင်းပြည်တခုဖြစ်တဲ့ ပူကာစင်ဆိုတဲ့ တိုင်းပြည် ပိစိညှောက်တောက်လေးတခုဆီကို သွားရတာပေါ့လေ။ အဲဒီပူကာစင်ဆိုတဲ့ တိုင်းပြည်ကလည်း ပိစိညှောက်တောက်လေးသာဆိုတယ် နည်းပညာက အံ့မခန်းတိုးတက်တာ ဆိုတော့ ချာရာဏသီပြည်က မင်းတြားကြီးတောင် သွားသွားပြီး ဆေးကုရပါသတဲ့။

ဒီလိုနဲ့ အာဏာလွှတ်ပါတီက ဒုဥက္ကဌကြီး မျက်စိကုသွားမယ်ဆိုတဲ့ သတင်းကို ချာရာဏီပြည်ကြီးကို ဝေသာလီပြည်လို (ဝေသာလီက အဲဒီခေတ်ကတည်းက ဒီမိုကရေစီစနစ်ဆိုပဲ) ဖြစ်လာရေးအတွက် တွန်းအားပေးနေကြတဲ့ သတင်းဌာနတွေက အပြိုင်အဆိုင် ဖော်ပြ ပြောဆိုကြပါသတဲ့ကွယ်။

အဲ...ဘယ်လောက်တောင် အဲဒီသတင်းကို စိတ်ဝင်စားကြသလဲဆိုတော့ ဒုဥက္ကဌကြီး ပူကာစင်ကို ရောက်ပြီးလို့မှ သိပ်မကြာ နေ့လည်စာလေး သုံးဆောင်နေတုန်းမှာ သတင်းထောက်မတယောက်က ထမင်းဆိုင်ထဲအတင်းဝင်လာပြီး အင်တာဗျူးတော့တာပဲတဲ့။

ဒုဥက္ကဌကြီး မိန်းမကတော့ ဘယ်ကြိုက်လိမ့်မတုန်း။ ဒါပေမယ့်လည်း သူ့မောင်တော်က တိုင်းပြည်ရေးသမားဆိုတော့လည်း နားလည်ခွင့်လွတ်ပေးနေရတာပေါ့လေ။ ဒါနဲ့ အဲဒီသတင်းထောက်မလည်း ဒုဥက္ကဌနဲ့ အင်တာဗျူးရသွားပြီး သတင်းလွှင့်လိုက်တော့ တခြားသတင်းဌာနကြီးတခုကလည်း အဲဒီသတင်းကို သူတို့လည်း လုပ်မယ်ဆိုပြီး တောက်လျှောက်လိုက်တော့တာပေါ့လေ။

နောက်ရက်မှာတော့ အဆက်အသွယ်ရသွားလို့ ဗျူးလိုက်တာ မျက်စိဆေးစစ်တာတောင် ကောင်းကောင်းစစ်ခွင့်မရဘဲ ဒုဥက္ကကြီးမှာ သူတို့ဗျူးတွေ ဖြေပေးနေရတော့သတဲ့ကွယ်။ ဥက္ကဌကြီး မိန်းမကတော့ တော်တော်ကို ဒေါသထွက်နေပြီဆိုပဲ။

ဒါနဲ့ ဆေးခန်းကလည်း ပြန်လာရော ပူကာစင်ရောက် ချာရာဏသီပြည်အရေး တက်ကြွမလှုပ်ရှားနိုင်သူတစုက ဒုဥက္ကဌကြီးတည်းတဲ့ ဇရပ်(အဲဒီခေတ်ကတော့ ဟိုတယ်တွေ မပေါ်သေးဘူးကိုး)ပေါ်ရောက်နေတာကို မိန်းမဖြစ်သူကတွေ့လိုက်ရသတဲ့။

တွေ့လည်းတွေ့လိုက်ရော စရောက်တဲ့နေ့က ထမင်းဆိုင်ထဲအထိ အတင်းဝင်ဗျူးတဲ့ သတင်းထောက်မ အုပ်စုနဲ့ ပြန်လာတယ်မှတ်လို့ "သတင်းထောက်တွေ တော်တော်ကဲ တော်တော်ကဲ"လို့ ရန်ထောင်ပြီး ဒုဥက္ကကြီးကို အတင်းဆွဲခေါ်သွားတော့သတဲ့ကွယ်။

တကယ်က အဲဒီတက်ကြွမလှုပ်ရှားနိုင်သူအုပ်စုက ဒုဥက္ကကြီးကို ကျန်းမာရေးအခြေအနေသွားမေးပြီး လိုအပ်တာတွေ ကူညီနိုင်ဖို့ အားထုတ်ကြတဲ့ အုပ်စုတဲ့ကွယ်။

တက်ကြွမလှုပ်ရှားနိုင်သူ အုပ်စု ပြန်လာတဲ့အချိန်ကြတော့ "တော်တော်အလိုက်ကန်းဆိုးမသိတဲ့ သတင်းထောက်တွေ သူများ ခွဲစိပ်နေတုန်းအထိ ဗျူးချင်နေကြသေးတယ် ၊ သွက်သွက်ဂျိုးပြူးလို မင်းသမီးနဲ့ တိုးပါစေ"လို့ ကျိန်စာတိုက်ခဲ့ကြသတဲ့ကွယ်။

အင်း...တခါတုန်းကပေါ့ကွယ်...တခါတုန်းက။

Tuesday, September 28, 2010

ငါတို့ ကလေးတွေ ငါတို့ ပြန်ပေး

ဒီသတင်းကို ၂၀၁၀ နှစ်စပိုင်းကတည်းက ကြားသိနေတာပါ။ ဒါပေမယ့် သီရိလင်္ကာရောက် မြန်မာရဟန်းတော်တွေက သတင်းဌာနတွေကို ပေါက်ကြားသွားရင် အစိုးရဘက် ကလေးတွေ ပြည်တော်ပြန်နိုင်ရေး စီစဉ်မပေးမှာစိုးလို့ ဒီကိစ္စကို ခန မေ့ထားပေးပါဆိုတဲ့အတွက် အသာ စောင့်ကြည့်နေခဲ့ရတာပါ။

ဒီကိစ္စမှာက စစ်အစိုးရ၀န်ကြီးဌာနတွေကိုယ်တိုင် ပါဝင် ပတ်သက်မှုတွေ ရှိနေခဲ့တာမို့ သူတို့ကိုယ်တိုင် ပြန်လည်ဖြေရှင်းပေးဖို့ ၀န်လေး တတ်ရတဲ့အကြားထဲ သတင်းဌာနတွေကို ပေါက်ကြားသွားရင် မျက်တော်ရှတတ်တဲ့ စစ်အစိုးရရဲ့ ဓလေ့စရိုက်ကို သိထားတဲ့ သီရိလင်္ကာရောက် မြန်မာရဟန်းတော်တွေက ကလေးတွေရှေ့ရေး အတွက် ဒီကိစ္စကို တစုံတရာမဟပါနဲ့ဦးလို့ မိန့်ခဲ့ကြတာမို့ စောင့်ထိန်းခဲ့ပါတယ်။

အခုတော့ ဒီကိစ္စကို သီတဂူဆရာတော်ကြီးကိုယ်တိုင် အရေးတယူ ဖြေရှင်းပေးမယ်ဆိုတဲ့အကြောင်း စာရောက်လာပါပြီ။ ကိုယ့်တိုင်းပြည်က ကလေးတွေ သူတပါး တိုင်းပြည်မှာ ဒုက္ခရောက်မယ့် အရေးကို ကူညီဖြေရှင်းပေးခဲ့ကြသူအပေါင်းကို လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါကြောင်းပဲ ဆိုပါရစေတော့။

မင်းနိုင်သူ

(စာကြွင်း....စာကို မူရင်းအတိုင်း ပြန်လည်ဖော်ပြပေးလိုက်ပါတယ်)





လျပ်တပျက်
၂၇-၉-၂၀၁၀ ညနေပိုင်း သီတဂူဆရာတော်ကြီး အမှူးရှိသော သီတဂူကပ္ပိယ (အောက်မြန်မာပြည်) အဖွဲ့တို့ လျပ်တပျက် အစည်းဝေးတစ်ရပ် ကျင်းပသည်။ သီးတဂူဆရာတော်ကြီးသည် အင်ဒိုနီးရှား ဘုရားထီးတင်ပွဲနှင့် သံဃာတစ်ထောင်ကျော် သံဃာ့အစည်းအရုံးကြီးအတွက် ထိုင်း လာအို ကမ္ဗောဒီယားနှင့် သီရိလင်္ကာနိုင်ငံစသော ဗုဒ္ဓဘာသာနိုင်ငံများမှ အထင်ကရဆရာတော်ကြီးများအား ပင့်ဖိတ်ရန် ကြွရောက်ခဲ့ရာ အရေးပေါ်အကြောင်းတစ်ရပ် ပေါ်လာပါသည်၊ ထိုအရေးပေါ်နှင့်ပတ်သက်ပြီး အောက်မြန်မာရှိ ကပ္ပိယအဖွဲ့များအား ဆင့်ခေါ်ကာ မန္တလေးမြို့ အကျဉ်းထောင်ရှိ လူပေါင်း ၆၀၀၀ (ခြောင်ထောင်)ကျော်အား အင်းစိန်ထောင်မှာ အလှူအတန်းပြုသလို မေတ္တာကရုဏာတော်အလှူ လုပ်မည့်အကြောင်း၊ သီတဂူသာသနာပြုအဖွဲ့ကြီး သာသနာတော်အတွက် အလုပ်လုပ်ရာ အနှစ် ၃၀ ခရီးပင်ရောက်ရှိကြောင်းနှင့် ယခုဆက်လက်ပြီး တိုးချဲ့မည့် လုပ်စဉ်များနှင့် အရေးပေါ်ကယ်ဆယ်ရေးအကြောင်းများနှင့်ပတ်သက်ပြီး အစည်းဝေးတစ်ရပ် ကျင်းပသည်။

အရေးပေါ်
ယခု လောလောဆယ် အရေးပေါ် ကယ်ဆယ်ရေးဟူသည်မှာ သီရိလင်္ကာတွင် ဒုက္ခရောက်နေကြသော မြန်မာ သာမဏေများ၊ သီလရှင်ဆရာလေးများနှင့် ကျောင်းသားများကို မြန်မာနိုင်ငံ ပြန်လည်ပြီး မိဘ ဆွေမျိုးများနှင့် တွေ့နိုင်အောင် လေယာဉ်စရိတ်နှင့်စားစရိတ် လမ်းခရီး ချောချောမွေ့မွေ့နှင့် အမိမြေသို့ ပြန်လာနိုင်အောင် ကယ်ဆယ်ဘို့ပင် ဖြစ်ပါသည်။ ထိုမြန်မာကလေးများကို သီဟိုဠ်နိုင်ငံသား ဒေါက်တာ စန္ဒိမာက မြန်မာပြည်မှ ဧရာဝတီ နာဂစ်မုန်တိုင်းကြောင့် မိဘမဲ့များဟု အမည်တပ်ကာ ခေါ်ဆောင်သွားခြင်းဖြစ်သည်။ တကယ်တော ထိုကလေးများသည် ဧရာဝတီက နာဂစ်ဒေသက မဟုတ်သည့်အပြင် မိဘမဲ့ကလေးများလည်းမဟုတ်ကြပါ။ ထို သီဟိုဠ်သား ဒေါက်တာ စန္ဒိမာသည် ထိုင်ဝမ်းနိုင်ငံတွင်နေထိုင်ကာ မြန်မာနိုင်ငံ နာဂစ်ဒုက္ခသည်များအား ကယ်ဆယ်မည်ဟု ထိုင်ဝမ်နိုင်ငံရှိ တရုပ်တွေအား စည်းရုံးကာ အလှူခံသည်။ ကလေးတစ်ယောက်စာအတွက် တစ်လ အမေရိကန် ဒေါ်လာ ၃၅ နှုံးဖြင့် အလှူခံသည်ဟု သိရသည်။

မျောက်ပြ ဆန်တောင်း
ထိုဒေါက်တာကြီးသည် မြန်မာနိုင်ငံမှ ကိုရင် သီလရှင် ကျောင်းသား ၁၀၀ ကျော်တို့အား ကွန်ပြူတာ အင်္ဂလိပ်စာနှင့် ကျောင်းပညာရေးများ သင်ကြားမှု၌ ကူညီမည်ဆိုကာ သီရိလင်္ကာနိုင်ငံသို့ ခေါ်ဆောင်သွားသည်။ ထိုကလေးများအတွက်လည်း ထိုင်ဝမ်ရှိ တရုပ်လူမျိုးများအား အလှူခံသည်။ ထိုကလေးများသည် သီရိလင်္ကာသို့ ရောက်သွားသောအခါ သူတို့ထင်ထားသလို မဟုတ်ဘဲ သူတို့ကို စာသင်မပေး အ၀တ်အစားမပေး မြို့နဲ့ ဝေးရာ တောရွာလေးများဆီသို့ ခွဲထားကာ နေရာချထားပေးသည်။ မြန်မာပညာသင် ရဟန်းတော်များနှင့် ဝေးရာသို့ ပို့ထားသည်ဟို သိရသည်။ ထိုအထဲအတွင် အရွယ်ရောက် အမျိုးသမီးလေးများလဲ ပါနေသည်။ သူတို့လေးတွေရဲ့ သီဟိုဠ်ရှိ မြန်မာသံအမတ်ထံ ပေးစာနှင့် သူတို့မိဘများထံ ပေးစာများကို ဖတ်ပြီး စိတ်မကောင်းဖြစ်ကာ မျက်ရည်များတောင် ကျမိပါသည်။ သူတို့သည် ဘာကိုမှ မငဲ့ကွက်ဘဲ ပညာရေးတစ်ခုကိုသာ အလေးထားပြီး လိုက်သွားကြောင်း၊ ဟိုရောက်တော့ စာလည်း သင်မပေး၊ ၀တ်စရာ၊ ဆပ်ပြာ စသော အသုံးအဆောင်က အစ ကိုယ့်ဘာသာ ၀ယ်ယူရကြောင်း၊ အလုပ်ကြမ်းများ လုပ်ရကြောင်းနှင့် မိန်းကလေးများအတွက် လုံခြုံမှုမရှိကြောင်းတို့ကို ရေးထားသည်၊ ပြီးတော့ သူတို့ကို အမြန်ဆုံး မြန်မာပြည်ပြန်ရောက်အောင် ပို့ပေးရန် အသနားခံထားသည်။ သူတို့လေးတွေကို ကွန်ပျူတာရှေ့တွင် ထိုင်စေကာ ဓာတ်ပုံများရိုက်ပြီး ကွန်ပျူတာများ သင်ပေးနေသည်ဟု ဟန်ပြကာ ၀က်ဘ်ဆိုက်များပေါ်တွင် တင်ကာ အလှူခံသည်။ သူတို့ဘ၀အကြောင်းကို အင်တာနတ်စာမျက်နှာပေါ်တွင် လွန်ခဲ့သော လများစွာကထဲက တွေ့ဖူးပြီးသားဖြစ်ကြပါလိမ့်မည်။

ဝိုင်းဝန်းကူညီ
ထိုကဲသို့သော အခက်အခဲ ကြုံနေရသော မြန်မာကလေးများကို သီရိလင်္ကာတွင် ပညာသင်ကြားနေကြသော ရဟန်းတော်များ အဖွဲ့နှင့် မြန်မာသံအမတ်ကြီးတို့ ပူးပေါင်းကာ သူတို့လေးတွေရဲ့ စာရင်းများရယူကာ သူတို့၏ အခက်အခဲများကို စုံစမ်းပြီး ကယ်ဆယ်ဖို့ ကြိုးစားနေကြသည်မှာ လပင် အတော်ကြာပြီ။ နောက်လ ၁၀ လပိုင်းဆိုရင် ကလေးတွေရဲ့ သီဟိုဠ်ဘ၀သည် ၁ နှစ်ပြည့်ပြီဖြစ်ပါသည်။ သီဟိုဠ်ရှိ မြန်မာစာသင်သားများနှင့် သံအမတ်ကြီးတို့ကလည်း မြန်မာနိုင်ငံရှိ သာသနာရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ပြည်ထဲရေးဌာနတို့သို့ အကြောင်းကြားပါသော်လည်း အကြောင်းတစုံတရာ ပြန်လာခြင်းမရှိသေးဟု ဆိုပါသည်။ ထိုအခက်အခဲများကို သီတဂူဆရာတော်ကြီးအား လျှောက်ထားရာဝယ် ဆရာတော်ကြီးသည် ချက်ချင်းပင် သံအမတ်ကြီးနှင့် သီဟိုဠ်သံဃာ့ရာဇာတို့ တိုင်ပင်ကာ ကလေးတွေရဲ့ ပတ်စပို့များကို ရအောင်ယူနိုင်ခဲ့သည်။ သီတဂူဆရာတော်ကြီးသည် ဘယ်ဌာနကမှ မကယ်နိုင်လျှင် သူကယ်မယ်ဟု သံအမတ်ကြီးအား အားမခံခဲ့သည်။ ထိုအကြောင်းအရာနှင့် ပတ်သက်ပြီး သီတဂူ ကပ္ပိယများအား ဆင့်ခေါ်ကာ သူတို့လေးတွေကို ကယ်ဖို့ရန် ၂၇-၉-၂၀၁၀ နေ့က တိုင်ပင်ဆွေးနေသည်။ သီတဂူသာသပြုအဖွဲ့၏ ကရုဏာအလှူတစ်ခုဟု သက်မှတ်ကာ သီတဂူသာသနာပြုအဖွဲ့မှ ထိုကလေးငယ်များအတွက် လေယာဉ်လက်မှတ်ဝယ်ရန် အလှူငွေများ စုစည်းရသည်။ လောလောဆယ် ကိုရင် ၁၂ပါးနှင့် သီလရှင်ဆရာလေး ၂၄ ပါး စုစုပေါင်း ၃၆ပါးတို့ကို ဦးစွာကယ်တင်မည်။ ထိုကလေးများကို သီတဂူသာသနာပြုအဖွဲ့က လမ်းစရိတ်နှင့် ပြန်နိုင်ဖို့ စီစဉ်ပေးခြင်းဖြစ်သည်၊ ခေါ်ထုတ်သွားခြင်းမျိုးမဟုတ်ဘဲ သူတို့လေးတွေရဲ့ အသနားခံစာများကြောင့်သာ ကယ်တင်ရခြင်းဖြစ်သည်။ သူတို့လေးတွေ သံအမတ်ထံနှင့် မိဘများထံရေးသော စာများနှင့် သူတို့လေးပြောပြသော အသံဖိုင်များ၊ သီတဂူဆရာတော်ကြီးထံ ရေးသော စာများကိုလည်း ဖတ်ရသဖြင့် အတော် စိတ်မကောင်းဖြစ်မိသည်၊ ကိုယ့်လူမျိုးကို ကိုယ်လူမျိုးကမှ မကယ်နိုင်ရင် ဘယ်သူကယ်နိုင်မည်နည်း၊ မျိုးချစ်စိတ်ဓာတ်ဘက်ကပဲ ကြည့်ကြည့် ဘာသာ သာသနာဘက်ကပဲ ကြည့်ကြည့် လူမှုရေးရှု့ထောင့်ကပဲ ကြည့်ကြည့် မဖြစ်မနေ တာဝန်ယူကြရမည် ဖြစ်ပါသည်။ နောက်ထက် ကယ်တင်ဖို့ရန် ကျန်ရှိပါသေးသည်။

အစီအစဉ်
ထိုကဲ့သို့သော ပြည်ချစ်၊ ဘာသာရေး၊ လူမျိုးရေး ကရုဏာစိတ်ဓာတ်များ မွေးမြူကာ သူတို့လေးတွေကို ကယ်တင်ရန်အတွက် သီတဂူကပ္ပိယ ၂ ယောက် သီဟိုဠ်သို့သွားမည်၊ သံအမတ်ကြီးကလည်း အားတက်သရော ကူညီပေးနေသည်ဟု သိရသည်။ သူတို့လေးတွေ၏ မိဘများကို အကြောင်းကြားရန်နှင့် လေဆိပ်မှာ သွားကြိုရန်၊ သီတဂူမှာ နေ့လည်စာများဖြင့် ကျွေးမွေးပြီး မိဘများကို ခေါ်ကာ အပ်နှံပေးမည် ဖြစ်သည်။ ဤကား လောလောဆယ် အစည်းအဝေးမှ ဆုံးဖြတ်ထားသော အစီအစဉ်တည်း။
ဆရာတော်ကြီး၏ သြ၀ါဒအတိုင်း ယနေ့ ဒေါက်တာပညာသီဟာလင်္ကာရ နှင့် သီတဂူစတားတို့ ကလေးမိဘများထံ ပို့စာများကို အပူတပြင်းရေးကြရပါသည်။ အမြန်ဆုံး ပို့နိုင်အောင် ကြိုးစားနေပါသည်။

မှတ်ချက်။ ။ ကလေးမိဘများထံ နိုဝင်ဘာလာ ၁၅ ရက်နေ့ သီတဂူအပြည်ပြည်ဆိုင်ရာ သာသနာပြုဗိမာန်တော်သို့ ကိုယ်တိုင် လာရောက် စုံးစမ်းရန်နှင့် ၁၆ ရက်နေ့ အပ်နှင်းပွဲ ပြုလုပ်မည့်အကြောင်းများ သတင်းပေးပို့ထားသည်။

မေတ္တာကရုဏာ တရား ကိုယ်စီ စီးဖြန်းနိုင်ကြပါစေ

သီတဂူစတား
၂၈-၉၂၀၁၀

Thursday, September 23, 2010

ငါတို့လက်များ၊ ငါတို့သွေးများနှင့် ခွပ်ဒေါင်းအားမာန်

ရွှေမင်းအေး

(၁)
စက်တင်ဘာအရေးအခင်း.... တဲ့
စစ်တွေမြို့နယ်ကစ
တစ်နိုင်ငံလုံးအုံကြွခဲ့။
န.အ.ဖ ရဲ့
တစ်အိမ်တစ်ယောက် အတင်းအကျပ်လိုက်စု
လူထုဆန္ဒဖော်ထုတ်ပွဲအတု..... မဟုတ်ဘူး
မြန်မာပြည်သူတွေရဲ့
အမျိုးသားရေးစိတ်ဓါတ်ကိုယ်စီနဲ့
တာဝန်သိသိပြသခဲ့ကြတဲ့
ဒီမိုကရေစီတောင်းဆိုပွဲကြီးဖြစ်တယ်။

(၂)
သံဃာတွေ
သီလရှင်တွေဟာ
ငါတို့အတွက်
မြန်မာပြည်ကြီးအတွက်
အသက်ကိုစတေး
ကျင့်ဝတ်ကိုချိုးဖောက်
ရဲရဲတောက်လမ်းလျှောက်ခဲ့ကြ
ခြေဖ၀ါးကွဲအက်တဲ့အထိ။
ဘယ်သူတွေကြည့်နေရက်မလဲ
သံဃာနဲ့ပြည်သူအတူဆင်နွှဲ
ရာဇ၀င်ရဲ့ပွဲတော်အသစ်
အချစ်ကိုခဏဖယ်
မိသားစုကိုဘေးချိတ်
ပညာရေးကိုခေါက်သိမ်း
အလုပ်ကိုထားရစ်
မဆုတ်မနစ်တဲ့ဇွဲသတ္တိနဲ့
ငါတို့တွေ ချီတက်လာပါပြီ။

(၃)
ငါတို့အထဲမှာ
မုတ်ဆိတ်ဖားဖားနဲ့ဗလီဆရာတွေ
လက်ဝါးကပ်တိုင်နဲ့ဖာသာကြီးတွေ
မဟာယနနဲ့ ထေရ၀ါဒ
အစ္စလာမ်နဲ့ ခရစ်ယာန်
အပြန်အလှန်ဖေးမကူတွဲ
ဗမာ့ဒီမိုကရေစီတိုက်ပွဲကို
မခွဲအတူတောင်းဆိုနေကြရဲ့။
အင်္ကျီဗလာနဲ့သူဖုန်းစား
ဟန်းဖုန်းအသစ်နဲ့သူဌေးသား
ရော့ခ်ကာနဲ့ရက်ပ်ပါ
လူကြီးနဲ့လူငယ်
ကျောင်းသားနဲ့လက်လုပ်လက်စား
မိန်းမနဲ့ယောက်ျား
ရင်ဘောင်တန်းလို့ တသားတည်းဖြစ်တယ်။
တိုင်းရင်းသားလူမျိုးပေါင်းစုံရဲ့
ညီညွတ်မှုပြယုဂ်အမှန်
အာဏာရှင်ကိုတွန်းလှန်ကြဖို့
ငါတို့တွေချီလာပါပြီ။

(၄)
၈၈ မျိုးဆက်ကျောင်းသားနဲ့
၂၀၀၇ မျိုးဆက်ကျောင်းသားတို့
စုပေါင်းအားနဲ့လွှင့်ထူ
ခွပ်ဒေါင်းအလံတလူလူ
တို့ပြည်သူတွေလွတ်လပ်ဖို့
တို့နိုင်ငံတော်လွတ်လပ်ဖို့
အသက်ကိုပဓါနမထား
ရှေ့ဆုံးကလျှောက်သွားကြပြီ။
ရန်ကုန်မြို့ရဲ့
အိမ်အသွယ်သွယ်၊ လမ်းအသွယ်သွယ်
တိုက်ခန်း၊ ဆိုင်ခန်းအသွယ်သွယ်က
မျိုးချစ်ပြည်သူအသီးသီးရဲ့
လက်ခုပ်တီးသံ တဖြောင်းဖြောင်း
ဗြောင်းဆန်အောင်ဟစ်ကြွေးအားပေး
ငါ့တို့သွေးတွေ စည်းခဲ့ပြီ
ငါတို့သွေးတွေ စည်းခဲ့ပါပြီ။

(၅)
အစိမ်းရောင်ယူနီဖောင်းနဲ့ အရိုင်းကောင်တွေ
ရွံရှာစက်ဆုပ်ဖွယ်လုံထိန်းရဲတွေရဲ့
နံပါတ်တုတ်နဲ့ဒိုင်းချပ်
သေနတ်နဲ့ လက်ပစ်ဗုံးတွေက
ပြည်သူရဲ့အမုန်းကို
မျက်လုံးချင်းမဆိုင်ရဲကြဘူး။
ငြိမ်းချမ်းစွာ
ငါတို့ဆန္ဒပြတယ်
သံဃာတို့ရဲ့အေးမြသာယာသော
မေတ္တာပို့သံ တညံညံ
ဘ၀ဂ်အထိလျှံတက်
မိုးအုံ့တဲ့ နေ့ရက်တွေမှာ...
ရန်ကုန်မြို့ရဲ့ ပေတစ်ရာလမ်းမတွေဟာ
" အရှေ့အရပ်၌ရှိသော......." အစချီကာ
ခြေသံတွေနဲ့ သိမ့်သိမ့်တုန်ခါပေါ့။
မာန်ဟုန်ပြင်းစွာ
ငါတို့တွေ ချီလာခဲ့ကြ။

(၆)
ရိုင်ဖယ်ကြီးတကားကား
ယူနီဖောင်းတလွှားလွှားနဲ့
ဝီစကီပုလင်း ခါးကြားထိုး
ခွေးမျိုးခွေးနွယ် ခွေးစစ်သားတွေ
လည်ပတ် အနီ၊ အ၀ါ၊ အပြာများပတ်
ဘုရားပေါ်မှာ မားမားရပ်လို့
သတ်ဖို့ ဖြတ်ဖို့ စောင့်နေကြရဲ့။
ငါတို့ ဆက်လျှောက်တယ်
ငါတို့ ဆက်ကြွေးကြော်တယ်
ဒီမိုကရေစီအရေးအတွက်
အသက်ကို အလေးမထား
ငါတို့၏ လက်ခုပ်သံများ
ကမ္ဘာအနှံကကြားစေသား။

(၇)
"လက်ညိုးညွှန်ရာ
သွေးချောင်းစီးစေသတည်း"
ဘုရင်ရူးကြီး 'သန်းရွှေ'
တချက်လွှတ် စေခိုင်းချက်မှာ
ငါတို့တွေ လဲပြိုခဲ့ကြ။
လမ်းမပေါ်......
ရဟန်းတော်တို့
စစ်သားများအား ရှိခိုးကြပြီ...
ဆူးလေကောင်းကင်မှာ လျှပ်ပန်းတွေလက်
မေတ္တာပို့သံတစ်ဝက်မဆုံးမီ
သံဃာတို့ခေါင်း ဟက်တက်ကွဲရ
ရဟန်းတို့သွေး မြေသို့ခ ။
သေနတ်သံ တဒိန်းဒိန်း
မိုးကြိုးပစ်သံ တဂျိန်းဂျိန်းနဲ့အတူ
မငြှိမ်းနိုင်တဲ့ လက်ခုပ်သံတွေ
ဝေါခနဲ ပျံတက်ကြ

"လူအချင်းချင်းသတ်ဖြတ်ခြင်း ကင်းရှင်းကြပါစေ...
တို့မေတ္တာစွမ်း ကမ္ဘာလွှမ်း ငြိမ်းချမ်းကြပါစေ...
သံဃာသတ်တဲ့မိစ္ဆာတွေ မိုးကြိုးပစ်လို့သေပါစေ..."
.......... စသဖြင့်

"ကမ္ဘာမကြေ".....သီချင်းကို ပြိုင်တူသီဆို
ဒဏ်ရာကို လက်နဲ့အုပ်ကွယ်
သွေးအိုင်အလယ်အားတင်းရပ်
နိုင်ငံအတွက် အသက်ပေးမယ်
ဆယ်ပြန်မကသေရဲတယ်
မျိုးဆက်သစ်ငါတို့လူငယ်။


(၈)
မြင့်မြတ်စွာ
ကျဆုံးသွားကြပါတဲ့
ငါတို့ရဲ့သူရဲကောင်းတွေဟာ
မြန်မာပြည်သူအားလုံးရဲ့ရင်ထဲ
အမြဲရှိနေမှာပါ။
သူတို့ဟာ
သေနတ်ပြောင်းဝရှေ.မှာ
ရင်ကော့ကာအံကိုကြိတ်
အမျိုးသားရေးစိတ်ဓါတ်ပြည့်ဝစွာ
အသေခံတိုက်ပွဲဝင်ခဲ့ကြရှာပေါ့။
သင်တို့အား
ကျန်ရစ်သူငါတို့သည်
ရင်ထဲမှအမျှ ဝေပါ၏။
လူသေသော်လည်း
သမိုင်းမသေသောသင်တို့အား
မဆုံးနိုင်သောလက်များဖြင့်
အလေးအမြတ်ပြုပါ၏။


(၉)
သွေးတွေ
သွေးတွေ......
ဘယ်တော့မှမခြောက်ဘူး
ငါတို့မျက်ရည်တွေလည်း
ဘယ်တော့မှမခမ်းဘူး
ငါတို့လက်ခုပ်သံတွေဟာလည်း
မမောနိုင် မပမ်းနိုင်ဆက်တီးနေဦးမှာပါပဲ။
ရှူံးနိမ့်ခြင်းကို
အလိုမတူဘဲရရှိခဲ့တဲ့
ငါတို့ဟာ....
မုသာဝါဒ နအဖမိစ္ဆာတွေအပေါ်
နာကျည်းအံကြိတ်ကြ...ရွံရှာမုန်းတီးကြ
လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်
စစ်အစိုးရပြုတ်ကျဖို့ အရေးပဲ
ငါတို့အတွေးထဲ
တ၀ဲလည်လည် ရှိတော့တယ်။
မြန်မာပြည်သူတွေရဲ့ ရင်ထဲမှာ
သင်းတို့အတွက် နေရာမရှိတာ
ကမ္ဘာသိအောင် ငါတို့ပြသခဲ့ကြပြီ
ငါတို့ရဲ့ တွဲလက်တွေ
မြဲသထက် ပိုမြဲခဲ့ကြပြီ
...................................
.....................................
.........................................။


(၁၀)
ကမ္ဘာကြေသော်လည်း
ဥဒါန်းကား မကြေခဲ့ချေပြီ....။      ။


ရွှေမင်းအေး