ခုချိန်မှာ လူတိုင်းဟာ ကိုယ့်ကိုယ်ကို ဦးဆောင်ကြရမှာပဲ...ဒီရွေးကောက်ပွဲဟာ မိမိတို့ကို စစ်ကျွန်ဇာတ် ဆက်သွင်းမယ့် ကန့်လန့်ကာအဖွင့်တခုဆိုတာကို ယုံကြည်ရင် မဲရုံကို မသွားကြဖို့ဘဲ။ ဒီလိုမှမဟုတ်ဘဲ အကြောက်လွန်ပြီး မဲရုံကိုသွားပြီဆိုတာနဲ့ ခင်များတို့ဟာ ကျုပ်တို့ စစ်ကျွန်အဖြစ်ဆက်လက်ခံယူပါမယ်လို့ ကတိပေးလိုက်တာနဲ့ အတူတူပဲ။ တနိုင်ငံလုံးကို အကျဉ်းချထားနိုင်တဲ့ ထောင်မရှိဆိုတာကို လူတိုင်း သဘောပေါက်ထားဖို့ လိုတယ်။

Friday, July 23, 2010

သခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း (၄၆) နှစ်ပြည့်

တကယ့်တကယ်
တွန်းလှန်ဖို့အရေးကလဲ
မဝေးတော့ပြီမို့
အရေးကြီးလျှင်ဖြင့်
သွေးစည်းပြီး သွေးနီးရာဆိုသည့်အတိုင်း
ကိုင်း...ထထကြွကြွနှင့်
ဝိုင်းကြပေရော့...



သခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း ၄၆ နှစ်ပြည့် အခမ်းအနားကို စမ်းချောင်းမြို့နယ်ရှိ ကျွန်းတော ဘုန်းကြီးကျောင်းတွင် ကျင်းပခဲ့သည်။


အဆိုပါ အခမ်းအနားသို့ NLD ပါတီဒုဥက္ကဌ ဦးတင်ဦးနှင့် ဗဟိုအလုပ်အမှုဆောင် ဦးဝင်းတင်တို့လည်း တက်ရောက်ခဲ့ကြကာ ၀ါရင့်နိုင်ငံရေးသမားကြီးများ ၊ သတင်းနှင့်စာနယ်ဇင်းသမားများလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။


စရဖ နှင့် သတင်းတပ်ဖွဲ့ဝင်များက အခမ်းအနားတက်ရောက်လာသူများအား ဓါတ်ပုံရိုက်ကူးခြင်း ၊ စောင့်ကြည့်ခြင်းများ ပြုလုပ်ခဲ့ကြောင်း အခမ်းအနားသို့ တက်ရောက်ခဲ့သူတဦးက ပြောသည်။






သခင် ကိုယ်တော်မှိုင်း (၁၈၇၆ - ၁၉၆၄)

1. အမည်ရင်း - မောင်လွမ်းမောင်

2. မိဘအမည် - ဦးစံဒွန်း + ဒေါ်အုန်း

3. မွေးသက္ဗရာဇ် - ၁၈၇၆ ခု၊ မတ်လ ၂၃ ရက်၊ မြန်မာ သက္ကရာဇ် ၁၂၃၇ တပေါင်းလပြည့်ကျော် ၁၄ ရက် ကြာသပတေးနေ့

4. မွေးဖွားရာဒေသ - ရွှေတောင်မြို့နယ်၊ ဝါးလယ်ရွာ

5. ကလောင် အမည်ခွဲများ - ရွှေတောင် မောင်လွန်း၊ မစ္စတာ မောင်မှိုင်း၊ ပဏ္ဍိလေး၊ မောင်သမာဓိ၊ မစောညွန့်

6. မွေးချင်း - မွေးချင်း ၅ ယောက်အနက် ဒုတိယမြောက်



ကိုယ်ရေး ဖြစ်စဉ်

၁၈၈၃၊ ခုနှစ်သား အရွယ်တွင် ဦးလေး တော်စပ်သူ ဦးပဉ္စင်း ဦးသီရိနှင့် အတူ မန္တလေးမြို့သို့ လိုက်ပါ လာပြီး မြတောင် ကျောင်းတိုက် မြတောင် ဆရာတော် ဘုရားကြီး၊ ကျီးသဲ လေးထပ် ပထမ ဆရာတော်ကြီး (ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီး ဌာန - ရုံးချုပ်၊ စာတည်း အဖွဲ့က စုဆောင်း ပြုစုတဲ့ နှစ်ဆယ် ရာစု မြန်မာ စာရေး ဆရာ များနှင့် စာစု စာရင်း၊ ပအကြိမ်ထုတ် ၂ဝဝ၃၊ ဧပြီ) ထံတွင် ကိုရင်ဝတ်ဖြင့် ပညာ သင်ယူ ခဲ့သည်။ ရှင်အမည် ပဏ္ဍိတ။

၁၈၈၅ နိုဝင်ဘာ ၂၉ (၁၂၄၇ တန်ဆောင်မုး လဆုတ် ၈ ရက်) တွင် သီပေါ ဘုရင်နှင့် မိဖုရား ပါတော်မူသည့် အနဋ္ဌာရုံ မြင်ကွင်းကို 'စာတော်ဝန် ဦးခဲ' ကျောင်း လက်ရန်း ပေါ်မှ မြင်တွေခဲ့၊ ကြေကွဲ မျက်ရည် ကျခဲ့သည်။ ထိုနေ့မှာပင် စိတ်ပျက်ပြီး သပိတ် တစ်လုံး သင်္ကန်း တစ်ထည်နှင့် စစ်ကိုင်းဘက် တောထွက်ခဲ့သည်။ စစ်ကိုင်း၊ မုံရွာ၊ အလုံ၊ ကြေးမုံ၊ ချောင်းဦး၊ မောင်းထောင်၊ ဘုတလင်၊ ကနီ ဒေသ များသို့ ခြောက်နှစ်ခန့် လှည့်လည် စာသင်ခဲ့သည်။ အဂ္ဂိရတ် ဖိုထိုးခြင်း ဝါသနာ ပါသည်။

၁၈၉၄ မှာ ဖခင် ဦးစံဒွန်း ကွယ်လွန် ခဲ့ပြီး၊ အသက် (၁၉) နှစ် အရွယ်တွင် ရဟန်း ဘဝမှ လူဝတ် လဲခဲ့သည်။ ၁၈၉၇ အသက် ၂၂ အရွယ်မှာ အစိုးရစစ် ၇ တန်း စာမေးပွဲကို မုံရွာမြို့ အလွတ် ပညာ သင်ကျောင်းမှ ရဟန်း အမည် ပဏ္ဍိတဖြင့် ဝင်ရောက် ဖြေဆို အောင်မြင် ခဲ့သည်။

၁၈၉၈ မှာ မော်လမြိုင်သို့ ရောက်ပြီး၊ 'မြန်မာတိုင်း' သတင်းစာတွင် ပဏ္ဍိလေး ကလောင် အမည်ဖြင့် ကဗျာများ၊ စာများ ရေးခဲ့သည်။ ၁၉ဝဝ မှာ ရန်ကုန်သို့ ရောက်လာပြီး ဆူးလေ ဘုရားလမ်းရှိ 'ဇမ္ဗူ ကျက်သရေ စာပုံနှိပ်တိုက်' တွင် စာစီ အဖြစ် ဝင်လုပ်သည်။ ၁၉ဝ၃ ခုမှာ ရန်ကုန် ကြည့်မြင်တိုင် ငါးကြော်ဖိုရပ်နေ ဆန် စပါး ပွဲစား ဦးနု၊ ဒေါ်နှင်း တို့၏ သမီး ဒေါ်ရှင်နှင့် လက်ထပ်သည်။ ဇမ္ဗူ ကျက်သရေ စာပုံနှိပ်တိုက်မှ တဆင့် 'ရန်ကုန်တိုင်း သတင်းစာတိုက်' သို့ ပြောင်းရွှေ့ လုပ်ကိုင်ကာ ဇတ်စာများ ရေးသား ခဲ့သည်။ ၎င်း သတင်းစာ တိုက်မှ တဆင့် မော်လမြိုင်မြို့ 'မြန်မာတိုင်း' သတင်းစာတွင် အယ်ဒီတာ အဖြစ် ဝင်ရောက် လုပ်ကိုင် ပြန်ပြီး၊ ပဏ္ဍိလေး၊ မောင်သမာဓိ ကလောင် အမည်များဖြင့် ဆောင်းပါးများ ရေးသား ခဲ့သည်။ မော်လမြိုင် ရာဇဝင် ဝတ္ထုကို ရွှေတောင် မောင်လွန်း အမည်ဖြင့် ၁၉ဝ၅ ခုနှစ်တွင် စတင် ရေးသား ခဲ့သည်။ ၁၉ဝ၇ တွင် 'မော်လမြိုင် နတ်လမ်းညွှန်' ကို မစောညွန့် ဟူသော ကလောင် အမည်ဖြင့် ရေးသား ခဲ့သည်။

၁၉ဝ၇ ခုမှာ မြန်မာတိုင်း သတင်းစာ ရပ်နား ခဲ့သဖြင့်၊ ဟင်္သာတမြို့ 'အမရဝတီ ပုံနှိပ်တိုက်' သို့ စာပြု၊ စာပြင် အယ်ဒီတာ အဖြစ် ခေတ္တ ဝင်လုပ်ခဲ့ သေးသည်။ ၁၉၁၁ ခု သူရိယ သတင်းစာ စတင် ထုတ်ဝေ သည်နှင့် အယ်ဒီတာ အဖြစ် တာဝန် ယူပြီး၊ ခေါင်းကြီးနှင့် ဘုန်းကြီးပျံ ဒီပနီကို ရေးသား ခဲ့သည်။

နယ်ချဲ့ ဆန့်ကျင်ရေး စိတ်ဓာတ်၊ အမျိုးသား ရေးစိတ်ဓာတ် ပြင်းထန်သော ဆရာကြီးသည် အမည် ရှေ့တွင် မစ္စတာ ထည့်ခေါ်သည်ကို မနှစ်မြို့ ရှုတ်ချ လိုသည်။ ထို့ကြောင့် ၁၉၁၂ တွင် 'သူရိယ သတင်းစာ' တွင် ရက်ခြား ရေးသားသော ကြာဋီကာ ဆောင်းပါးများ မှစ၍၊ မစ္စတာ အမည်တပ် မြန်မာ များကို သိက္ခာ ချသော အားဖြင့် ရာဇဝင်လာ အမည်ဆိုး တခု ဖြစ်သော ဦးကြီး၏ ချဉ်ပေါင် ရွက်သည် မောင်မှိုင်း ဝတ္ထုတွင် လူရှုပ် လူပွေ လူယုတ်မာ အဖြစ် ပါဝင်သော မောင်မှိုင်း၏ အမည် ရှေ့တွင် မစ္စတာ တပ်၍ မိမိ ကလောင် အမည်ကို မစ္စတာ မှိုင်းဟု စတင် သုံးစွဲ ခဲ့သည်။

၁၉၁၄ မှာ ဇနီး ဒေါ်ရှင် ကွယ်လွန်ခဲ့၊ သား သမီး လေးဦး ကျန်ရစ်ခဲ့သည်။



၁၉၁၉ ခု၊ ဇူလိုင်လ ဝိုင်အမ်ဘီအေ အသင်းချုပ်ကြီးက ကြီးမှူး၍ ဦးပု၊ ဦးဘဘေနှင့် ဦးထွန်းရှိန် တို့ကို ဘိလပ်သို့ ကိုယ်စားလှယ် အဖြစ် လွှတ်၍ ဟုမ္မရူး အတွက် အရေး ဆိုခိုင်းသော အခါ 'သြဒိဿ မတ္ထနာ လေးချိုးကြီး' ရေးသားပြီး ကောင်းချီး သြဘာ ပေးခဲ့သည်။

၁၉၂၁ ခုနှစ်တွင် အမျိုးသား ကောလိပ် ပေါ်ပေါက် လာသော အခါ သူရိယ သတင်းစာ အယ်ဒီတာ အဖြစ်မှ နုတ်ထွက်ပြီး၊ အမျိုသား ကောလိပ်၌ မြန်မာစာနှင့် ရာဇဝင် ပါမောက္ခ္ခ အဖြစ် တာဝန် ထမ်းဆောင် ခဲ့သည်။ ထိုနှစ်တွင် ဂျော့ဘုရင် သားကြီး ဝေလ မင်းသားအား ချီးကျူး ဂုဏ်ပြု ရတု ရေးပေးရန် ဦးမေအောက်က ပန်ကြားရာ 'မြန်မာ နိုင်ငံကို ကျွန်ပြုသည့် အင်္ဂလိပ် ဘုရင်မ၏ မြေးကို ချီးကျူးသော စာ မရေးလို' ဟု ပြောကာ ငြင်းပယ် ခဲ့သည်။

၁၉၂၃ 'မြန်မာ့ရီဗျူး' ဂျာနယ်တွင် ဘိုးဘိုးအောင် ကလောင် အမည်ဖြင့် ဆောင်းပါးများ ရေးခဲ့သည်။ ဗဟန်း နေရှင်နယ် ကောလိပ် ပျက်သောအခါ ဒဂုန် မဂ္ဂဇင်းတွင် အယ်ဒီတာ အဖြစ် ဝင်ရောက် လုပ်ကိုင် ခဲ့သည်။ ၁၉၂၇ မှာ 'ဗြိတိသျှ ဘာမား မဂ္ဂဇင်း' နောင် 'ဓူဝံ မဂ္ဂဇင်း' တွင် ကြီးမှူး အုပ်ချုပ်သူ အဖြစ် တာဝန်ယူ ခဲ့သည်။

၁၉၂၈ - ၂၉၊ တောပုန်းကြီး စံဖဲ ကြိုးမိန့် ကျသည့် အမှုတွင် အယူခံ ကိစ္စ ဦးဆောင်၍ ဆောင်ရွက် ပေးခဲ့သည်။ မြင်းခြံထောင်တွင် စံဖဲကို သွားရောက် တွေ့ဆုံ အားပေး ခဲ့သည်။ ၁၉၃ဝ ဆရာစံ ဦးဆောင်သည့် တောင်သူ လယ်သမား အရေးတော်ပုံကြီးတွင် သူရိယ သတင်းစာ၌ 'ဂဠုန်ပျံ ဒီပနီ ဋီကာ' ဆောင်းပါးများ ရေးသား အားပေး ခဲ့သည်။ ၁၉၃၃ မှာ 'နေရှင်နယ်' မဂ္ဂဇင်းတွင် ဝင်ရောက် ကူညီ ဆောင်ရွက် ပေးခဲ့သည်။

၁၉၃၄၊ နိုဝင်ဘာလ ၃ဝ ရက်၊ ၁၂၉၆ ခု တန်ဆာင်မုန်း လဆုတ် ၁ဝ ရက်၊ တက္ကသိုလ် အမျိုးသားနေ့ ကျင်းပသည့် အခမ်းအနားတွင် သဘာပတိ အဖြစ် ဆောင်ရွက် ခဲ့သည်။ 'ဝဍ္ဎကုဇိန သာသနနံ' အမည်ပါ သဘာပတိ မိန့်ခွန်းကို ပြောကြား ခဲ့သည်။

၁၉၃၄ ခုနှစ်၊ တို့ ဗမာ အစည်းအရုံး၏ ပထမ အကြိမ် သခင် ကွန်ဖရင့်ကြီးကို ရေနံချောင်းတွင် ကျင်းပသော အခါ အစည်းအရုံး၏ နာယက အဖြစ် တင်မြှောက်ခြင်းကို လက်ခံ ခဲ့ပြီး၊ ထိုမှစ၍ မစ္စတာ မောင်မှိုင်း အမည်မှ သခင် ကိုယ်တော်မှိုင်း အမည်သို့ ခေါ်တွင် စေရန် ကြေညာ ခဲ့သည်။

၁၉၃၅၊ ဒီဇင်ဘာလထုတ် 'ဟံသာ မဂ္ဂဇင်း' တွင် ပါသော ဆောင်းပါးများကို သခင် ကိုယ်တော်မှိုင်း၏ ဆရာလွန်း ဟူ၍ လည်းကောင်း၊ ဆရာလွန်း၏ သခင် ကိုယ်တော်မှိုင်း ဟူ၍ လည်းကောင်း လက်မှတ် ရေးထိုး ခဲ့သည်။

၁၉၃၆၊ ဇွန်လ (၁၂၉၈ နယုန် - ဝါဆို) မြင်းခြံ၊ ကိုးဆောင် ကျောင်းတိုက်ကြီး အတွင်း၌ ကျင်းပသော တို့ ဗမာ အစည်းအရုံး၏ ဒုတိယ အကြိမ် ညီလာခံသို့ တက်ရောက် ခဲ့သည်။

၁၉၃၈၊ ဧပြီလ ၂၂ ရက်တွင် ပုသိမ်တွင် တရား ဟောရာ၌ 'လွတ်လပ်ရေးကို လက်ဝါးဖြင့် တောင်းနေရုံနှင့် မရနိုင်၊ သူပုန် ထရမည်' ဟု ဟောပြော ခဲ့သည်။

၁၉၃၉၊ ဇန်နဝါရီလ ၁၄ ရက်၌ ကျင်းပသော လူထု အစည်းအဝေးကြီးတွင် အရှင်းရှင် စနစ်ကို ရူံ့ချ ခဲ့သည်။ ဧပြီ ၆ - ၉ ရက်တွင် သခင် သိန်းမောင် အဖွဲ့မှ ဦးစီး ကျင်းပသည့် တို့ဗမာ အစည်းအရုံး၏ စတုတ္ထ အကြိမ် ညီလာခံ ကျင်းပရာ မော်လမြိုင်သို့ တက်ရောက် ခဲ့သည်။ ဇွန်လ ၂၂ ရက်၊ ပုသိမ်တွင် ကျင်းပသော အစည်းအဝေး တစ်ခုတွင် 'ဗြိတိသျှ အစိုးရ ဒဏ်ချက်ကြောင့် မြန်မာတို့ ဆင်းရဲနွမ်းပါး ငတ်မွတ် ခေါင်းပါး ဖြစ်ရသည်' ဟု တရား ဟောခဲ့သည်။ ဇွန်လ ၂၇ ရက်၊ ငါးသိုင်းချောင်းသို့ အသွား ပုသိမ် ဘူတာ၌ ဆရာကြီးအား ဆိုက်ကား သမား မောင်သန်းစိန် ဆိုသူက တုတ်ဖြင့် ရိုက်ခဲ့သည်။ ဇွန်လ ၂၈ ရက် ပုသိမ် ခရိုင် ရာဇဝတ် တရားသူကြီးက ဆရာကြီးအား နှစ်လ တရား ဟောခြင်း မပြုရန် တားမြစ် ခဲ့သည်။ ဒီဇင်ဘာလ ၄ ရက်၊ ကြည့်မြင်တိုင်၌ ကျင်းပသော လူထု အစည်းအဝေးကြီးတွင် 'ဆိုရှယ်လစ် ဝါဒသည် ဗုဒ္ဓ တရားတော်နှင့် ညီညွတ်သည်' ဟု ဟောပြော ခဲ့သည်။

၁၉၄ဝ၊ ဇန်နဝါရီ ၁၃ - ၁၄ တွင် ကျင်းပသော မြန်မာ နိုင်ငံလုံး ဆိုင်ရာ တောင်သူ လယ်သမား အစည်းအရုံး ဒုတိယ နှစ်လည် ညီလာခံတွင် 'ဗြိတိသျှ နယ်ချဲ့ စနစ်ကို တွန်းလှန်၍ ဆိုရှယ်လစ် စနစ်' တည်ဆောက်ရန် တိုက်တွန်း ခဲ့သည်။

၁၉၄၁၊ ဇန်နဝါရီ ၁ ရက်နေ့မှာ နိုင်ငံရေး လှုပ်ရှားမှု၊ နယ်ချဲ့ ဆန့်ကျင်ရေး လုပ်ဆောင်မှု ကျယ်ပြန့် လာသောကြောင့် ဗြိတိသျှ အစိုးရ၏ ရန်သူတော် နံပါတ် () အဖြစ် ကြေညာခြင်း ခံခဲ့ ရသည်။ မန္တလေးနှင့် ပဲခူး ညီလာခံသို့ တက်ရောက် ခဲ့သည်။

၁၉၄၁ - ၄၂၊ ခုနှစ်တွင် ဗြိတိသျှ အစိုးရကို တော်လှန်သည့် မြေအောက် တော်လှန်ရေး လုပ်ခဲ့သည်။ ၁၉၄၃၊ ဂျပန်ခေတ်တွင် ရွှေတောင်ကြား လမ်း၌ တပည့်များနှင့် အတူနေပြီး၊ ဂိုဏ်းပေါင်းစုံ သံဃာတော်များ ညီညွတ်ရေး အတွက် သာသနာ့ အစည်းအရုံးကြီး ဖွဲ့စည်းပြီး နှစ်နှစ်ကြာမျှ ကြိုးပမ်း ဆောင်ရွက် ခဲ့သည်။

၁၉၄၄ - ၄၅၊ ခုနှစ်တွင် ဂျပန် ဆန့်ကျင်ရေး သမား အဖြစ် ဂျပန်တို့ လိုက်လံ ဖမ်းဆီး သဖြင့် ထိန်ကုန်းရွာသို့ တိမ်းရှောင် ခဲ့ရသည်။ ဒုတိယ ကမ္ဘာစစ် ကြီးပြီးသော အခါ ရန်ကုန်မြို့သို့ ပြန်လာပြီး၊ တို့ ဗမာ အစည်းအရုံး ဌာနချုပ် ပြန်လည် ဖွင့်လှစ်သည့် အခါ ဥက္ကဌ အဖြစ် တင်မြှောက်ခြင်း ခံရသည်။

၁၉၄၈ ခု၊ စက်တင်ဘာလ ၁၉ ရက်၊ ရွှေတိဂုံ စေတီတော် တောင်ဘက်စောင်းတန်း၌ ပြုလုပ်သော (၁၉) ကြိမ်မြောက် ဦးဝိစာရနေ့တွင် နိုင်ငံတော် အေးချမ်း သာယာရေး အဖွဲ့ကို ဖွဲ့စည်းပြီး၊ ပြည်တွင်း ငြိမ်းချမ်းရေးကို စတင် ဆောင်ရွက် ခဲ့သည်။

၁၉၅ဝ ဇန်နဝါရီ၊ လွတ်လပ်ရေးနေ့ နှစ်ပတ်လည်တွင် 'အလင်္ကာ ကျော်စွာဘွဲ့' ကို အစိုးရမှ ချီးမြှင့် ခဲ့သည်။

၁၉၅၂ ခုနှစ်တွင် ကမႝာ့ ငြိမ်းချမ်းရေးကို စတင် ဆောင်ရွက်သည်။ ပီကင်း၌ ကျင်းပသော အာရှနှင့် ပစိဖိတ် ဒေသ နိုင်ငံများ၏ ငြိမ်းချမ်းရေး ကွန်ဖရင့်သို့ တက်ရောက်သည်။ မေလ ၁ဝ - ၁၄ ရက်နေ့ထိ ဂျူဗလီဟောတွင် ကျင်းပသော ကမ္ဘာ့ ငြိမ်းချမ်းရေး ကွန်ဂရက် (ဗမာနိုင်ငံ) က ဆရာကြီးအား ဥက္ကဋ္ဌ အဖြစ် တင်မြှောက် ခဲ့သည်။

၁၉၅၃ တွင် တရုတ်ပြည် မွန်ဂိုလီးယား၊ ဟန်ဂေရီ၊ ဆိုဗီယက် ယူနီယံသို့ ခရီး လှည့်သည်။

၁၉၅၄၊ ဒီဇင်ဘာ ၂ဝ ရက် မော်စကိုတွင် ကျင်းပသည့် ကမ္ဘာ့ စတာလင်ဆု ရွေးချယ် ပေးအပ်ရေး အဖွဲ့ကြီးက ဆရာကြီးအား ၁၉၄၅ ခုနှစ် အတွက် 'ငြိမ်းချမ်းရေး စတာလင်ဆု' အပ်နှင်းရန် ဆုံးဖြတ် ခဲ့သည်။ ၁၉၅၅ မတ်လ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့ ညနေ ၅ နာရီခွဲ အချိန်တွင် မြို့တော် ခန်းမ ရှေ့၌ ငြိမ်းချမ်းရေး စတာလင်ဆု ပေးအပ်ပွဲ ကျင်းပပြီး၊ အပြည်ပြည် ဆိုင်ရာ စတာလင် ငြိမ်းချမ်းရေး ဆုပေးရေး ကော်မတီ ဥက္ကဌ မစ္စတာ နီကိုလေ တီခိုနော့ (ဗ်) က ဆရာကြီးအား ငြိမ်းချမ်းရေး ဆုလက်မှတ်နှင့် ဆုရွှေတံဆိပ် အပ်နှင်း ခဲ့သည်။ ငြိမ်းချမ်းရေး ဆုတံဆိပ်နှင့် အတူ ငွေသား ရူဘဲလ်ငွေ တသိန်း (အဲဒီအချိန်က ပေါက်ဈေး အရ မြန်မာငွေ တသိန်း နှစ်သောင်း ငါးထောင်ခန့်) ရရှိသည်။ မတ်လ ၂၄ ရက်နေ့မှာ နိုင်ငံတော် သမ္မတကြီးက တီခိုနော့ (ဗ်)နှင့် ဆရာကြီး တို့ကို ဂုဏ်ပြု ဧည့်ခံပွဲ တရပ် ကျင်းပ ပေးခဲ့သည်။

၁၉၅၅ ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ရန်ကုန် ထောင်ကြီး အတွင်း ကျင်းပသည့် စာဆိုတော်နေ့ အခမ်းအနားသို့ တက်ရောက် အကန်တော့ ခံသည်။ ဒီဇင်ဘာ ၁၆ ရက်နေ့တွင် နိုင်ငံတော် သမ္မတ အိမ်တော်တွင် ကျင်းပသည့် ထမင်းစားပွဲတွင် ဗမာနိုင်ငံ ငြိမ်းချမ်းရေး ကွန်ဂရက် ဥက္ကဌ အနေဖြင့် ဆိုဗီယက် ဝန်ကြီးချုပ် ဘူဂနင်နှင့် ကွန်မြူနစ် ပါတီ ပထမ အတွင်းရေးမှူး ကရုရှက် တို့ကို ငြိမ်းချမ်းရေး လက်ဆောင်များ ပေးအပ် ခဲ့သည်။

၁၉၅၆ ခုနှစ်တွင် မြန်မာနိုင်ငံ အရပ်ရပ်သို့ လှည့်လည်ပြီး ပြည်တွင်း ငြိမ်းချမ်းရေးနှင့် ကမ္ဘာ့ ငြိမ်းချမ်းရေး များကို ဟောပြော ခဲ့သည်။ ဖေဖော်ဝါရီ ၂၈ ရက်နေ့မှ စ၍ ၃ ရက်တိုင် ကျင်းပသည့် မိုးညှင်းမြို့တွင် ကမ္ဘာ့ ငြိမ်းချမ်းရေး ကွန်ဂရက် (ဗမာနိုင်ငံ) ၏ ကချင်ပြည်နယ် ညီလာခံ တက်ရောက် ခဲ့သည်။ မတ် ၃ဝ ရက် အိမ်တော်ရာ (၁၄) စခန်း စရပ်ကြီး၌ မန္ဈလေး လေးပြင်လေးရပ် ဆရာတော် ၁၄၃ ပါးကို ပြည်တွင်း ငြိမ်းချမ်းရေး ပန်ကြားလွှာ တစောင် တင်ဆက် လျှောက်ထားပြီး သြဝါဒ ခံယူ ခဲ့သည်။

၁၉၅၇ တွင် သီဟိုဠ်နှင့် အိန္ဒိယသို့ ကမ္ဘာ့ ငြိမ်းချမ်းရေး ကွန်ဖရင့် အတွက် သွားရောက် ခဲ့သည်။

၁၉၆ဝ သြဂုတ်လ ၁ဝ ရက်တွင် အရှေ့ဂျာမနီ ဟမ်းဘတ် တက္ကသိုလ်က ဆရာကြီးအား ဂုဏ်ထူးဆောင် ပညာ ပါရဂူ (ဒေါက်တာဘွဲ့) အပ်နှင်း ဂုဏ်ပြု ခဲ့သည်။ ဂျာမနီသို့ ဆေးကု သွားခဲ့သည်။

၁၉၆၂ ခုနှစ်မှ စ၍ ပြည်ထောင်စု မြန်မာနိုင်ငံ စာရေးဆရာ သမဂ္ဂ၏ နာယကကြီး အဖြစ် ဆောင်ရွက် ခဲ့သည်။

၁၉၆၃ သြဂုတ်လ ၆ ရက်၊ ညနေ ၄ နာရီမှာ မြို့တော် ခန်းမတွင် ကျင်းခသည့် ဟီရိုရှီးမားနေ့ အခမ်းအနားသို့ ငြိမ်းချမ်းရေး ကွန်ဂရက် ဥက္ကဌ အနေဖြင့် သဝဏ်လွှာ ပေးပို့ ခဲ့သည်။

ပြည်သူ့ သမိုင်း အလျဉ်တွင် ပါဝင် ခဲ့သော နယ်ချဲ့ ဆန့်ကျင်ရေး ခေါင်းဆောင်ကြီး၊ စာပေ ဖခင်ကြီး သခင် ကိုယ်တော်မှိုင်းသည် ပြည်တွင်း ငြိမ်းချမ်းရေး အတွက် ကြိုးပမ်း ဆောင်ရွက် ရင်းဖြင့် ၁၉၆၄ ခုနှစ် ဇူလိုင်လ ၂၃ ရက်၊ ကြာသပတေးနေ့ နံနက် ၁ နာရီခွဲတွင် လူကြီး ရောဂါဖြင့် ကွယ်လွန် ခဲ့သည်။ ဆရာကြီး၏ ဈာပနအတွက် အာဏာသိမ်း နေဝင်း စစ်အုပ်စုက ပထမ ကျပ်ငွေ တစ်သောင်း၊ နောက်ထပ် ကျပ်ငွေ ၅ ထောင်၊ စုစုပေါင်း ကျပ်ငွေ တသောင်းခွဲ ကူညီခဲ့သည်။ သတင်းစာ တိုက်များက နေ၍ ဆရာကြီး သခင် ကိုယ်တော်မှိုင်း ဈာပန ရံပုံငွေ ဖွင့်ခဲ့သည်။ ဇူလိုင်လ ၂၉ ရက်၊ ညနေ ၅ နာရီတွင် ဆရာကြီး၏ ရုပ်ကလာပ်ကို စမ်းချောင်း ချမ်းသာလမ်း နေအိမ်မှ နေ၍ စမ်းချောင်း ပဒုမ္မာ ကွင်းရှိ အာဏာသိမ်း စစ်အုပ်စု ဆောက်ပေးသည့် မဏ္ဍပ်သို့ ရွှေ့ပြောင်း ခဲ့သည်။ သြဂုတ်လ ၈ ရက်၊ နေ့လည် ၂ နာရီ အချိန်မှာ ဆရာကြီး ရုပ်ကလာပ်ကို စမ်းချောင်း မဏ္ဍပ်မှ ရွှေတိဂုံ ဘုရားလမ်းရှိ ကန်တော်မင် ပန်းခြံသို့ ပို့ဆောင် ဂူသွင်း ခဲ့သည်။

ဆရာကြီး ကွယ်လွန်ချိန်တွင် သားသမီး နှစ်ယောက်၊ မြေး ၁၅ ယောက်၊ မြစ် ၆၁ ယောက် ကျန်ရစ်ခဲ့သည်။



Wednesday, July 21, 2010

ရွှေတိဂုံ အရှေ့ဘက်မုခ် ကျောင်းတိုက်တချို့ ဖယ်ပေးရမည်

ခင်ဦးသာ Wednesday, July 21, 2010

ရန်ကုန်မြို့ ရွှေတိဂုံ စေတီတော် အရှေ့ဘက်မုခ်ရှိ ကျောင်းတိုက် တချို့တွင် သီတင်းသုံး နေကြသော ရဟန်း သံဃာတော်များကို ဇူလိုင်လ ၂၅ ရက်နေ့ နောက်ဆုံး ထား၍ ကျောင်းတိုက်များမှ ဖယ်ရှား ပေးရန် အာဏာပိုင်များက ညွှန်ကြားထားကြောင်း စုံစမ်းသိရှိရသည်။

ဖယ်ရှားရမည့် ကျောင်းများမှာ ရွှေင်္ဟသာ ပိဋကတ် ကျောင်းတိုက်၊ ညောင်တုန်း ပိဋကတ် ကျောင်းတိုက်၊ ဒေါ်လှဆင် ပိဋကတ် ကျောင်းတိုက် စသည့် ကျောင်းတိုက်များနှင့် အနီးရှိ လူနေတိုက်တာ အဆောက်အုံ တချို့တို့ ဖြစ်ကြောင်း အဆိုပါ ရပ်ကွက်တွင် နေထိုင်သူ တဦးက ပြောသည်။

အဆောက် အအုံများမှာ ဟောင်းနွမ်းနေ၍ ပြင်ဆင်ရန် ဖယ်ရှားပေး ရမည် ဖြစ်ကြောင်း၊ သတ်မှတ် ရက်တွင် ဖယ်ရှား မပေးပါက ရွှေတိဂုံ စေတီတော် ဂေါပက စည်းမျဉ်းအရ လည်းကောင်း၊ တည်ဆဲ ဥပဒေအရ လည်းကောင်း အရေးယူ သွားမည်ဟု ဇူလိုင် လဆန်းပိုင်းတွင် ပေးပို့သည့် ညွှန်ကြားစာ၌ ဖော်ပြထားသည်ဟု ဆရာတော် တပါးက မိန့်ကြားသည်။

ရပ်ကွက်သား တဦးက “ဘုန်းကြီးကျောင်းမှာ သီတင်းသုံး နေကြတဲ့ ဘုန်းကြီးတွေ အကုန်လုံးကို အမြန်ဆုံး ဖယ်ရှားပေးဖို့ရယ်၊ ကျနော်တို့ ရပ်ကွက်က လူနေတဲ့တိုက်က လူတွေလည်း ဆင်းပေးဖို့ လာပြောထားတယ်။ လူတွေက ကြိုက်တဲ့ အချိန် ပြောင်းလို့ ရပေမယ့် ဘုန်းကြီးတွေက ၀ါတွင်းဆိုတော့ ပိုပြီး အခက်တွေ့နေကြတယ်”ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါ ကျောင်းတိုက်များတွင် ကျောင်းထိုင်ဆရာတော်များ အပါအ၀င် သံဃာတော် ၁၀ ပါး ၀န်းကျင်စီနှင့် သာမဏေများ သီတင်းသုံးနေသည့်အပြင် တပည့်ဒါယကာများလည်း နေထိုင်ကြကြောင်း၊ သံဃာများ သီတင်းသုံးလာသည်မှာ နှစ်ပေါင်း ၆၀ ခန့် ရှိပြီဖြစ်ကြောင်း ကျောင်းထိုင် ဆရာတော် တပါးက မိန့်ကြားသည်။

“ဘုန်းဘုန်း ဒီကျောင်းမှာ သီတင်းသုံးလာတာ နှစ်ပေါင်း ၆၀ ရှိပြီ။ ဟောင်းနေပြီဆိုပေမယ့် နှစ်ပေါင်း ၇၀၊ ၈၀ လောက် ကောင်းကောင်း နေလို့ရသေးတယ်။ ပျက်စီးယိုယွင်းနေတာ ဘာမှမရှိသေးဘူး။ လတ်တလောကြီး ဖယ်ရှားခိုင်းတာဆိုတော့ အကုန် ဒုက္ခတွေ့နေကြတယ်”ဟု အဆိုပါ ဆရာတော်က ဆက်လက်မိန့်ကြားသည်။

ရွှေတိဂုံဘုရားဝန်းကျင်ရှိ အဆောက်အအုံအများစုမှာ နှစ်ပေါင်းရာချီနေပြီ ဖြစ်သော်လည်း ပြုပြင်ရန် လိုအပ်ပါက ပြုပြင် ၍ နေထိုင်ကြကြောင်း၊ ဖယ်ရှားပေးရခြင်းမျိုး မရှိခဲ့ဘူးကြောင်း၊ လူနေအိမ်များကိုသာ ဖယ်ရှားမှုမျိုး ရှိခဲ့ကြောင်း ဗဟန်း ၂ လမ်း ရပ်ကွက်သား တဦးက ပြောသည်။

ယခု ဖယ်ရှားခိုင်းသည် ပိဋကတ်ကျောင်းတိုက်များမှာ မြန်မာ သက္ကရာဇ် ၁၂၉၅ ခုနှစ် ၀န်းကျင်က ဆောက်လုပ်ထားခြင်း ဖြစ်ကြောင်း သိရသည်။

“ဇွန်လတုန်းကလည်း တခါလာပြီး ဖယ်ရှားခိုင်းသေးတယ်။ အဲဒီတုန်းကပြောတာ ပိုဆိုးတယ်။ ဒီတခါတော့ ဖယ်ရှားပေးမယ် ဆိုရင် ပိုက်ဆံ သိန်း ၃၀ ကျပ် ပေးမယ်ပြောတယ်။ ဘုန်းဘုန်းတို့က ငွေမလိုဘူး၊ သီတင်းသုံးဖို့ နေရာရရင် တော်ပြီ”ဟု ကျောင်းထိုင် ဆရာတော်တပါးက မိန့်ကြားသည်။

ရဟန်းသံဃာများအား နောက်ဆုံးဖယ်ရှားခိုင်းသည့်ရက်မှာ ၀ါဆိုကာလ မတိုင်မီ နောက်ဆုံးရက်ဖြစ်နေ၍ ပိုမိုအခက် တွေ့နိုင်ကြောင်း၊ အာဏာပိုင်များက သီတင်းသုံးမည့်နေရာ စီစဉ်မပေးဘဲ မိမိတို့သွားလိုရာ သွားနိုင်သည်ဟု ပြောကြောင်း ရွှေ့ပေးရမည့် ကျောင်းတိုက်တခုမှ ကပ္ပိယတဦးက ပြောသည်။

ထိုကျောင်းတိုက်များမှ မပြောင်းရွှေ့ရရေး အတွက် သက်ဆိုင်ရာ မြို့နယ် သံဃနာယက အဖွဲ့၊ နိုင်ငံတော် သံဃ မဟာ နာယက အဖွဲ့၊ တိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ တို့သို့ တောင်းဆို တင်ပြခဲ့သော်လည်း ထူးခြားမှု မရှိကြောင်း ဆရာတော်တပါးက မိန့်ကြားသည်။

အဆိုပါ ကျောင်းတိုက်များနှင့် အနီးတ၀ိုက်ကို အာဏာပိုင်များက ရယူလိုခြင်းမှာ သီရိလင်္ကာနိုင်ငံသို့ ရောင်းချရန် စီစဉ်နေခြင်း ကြောင့်ဖြစ်ကြောင်း၊ ကျောင်းတိုက် တခု၏ တန်ဖိုးမှာ ကာလပေါက်ဈေး အနည်းဆုံး ကျပ်သိန်း ၃ ထောင်ဝန်းကျင် ရှိကြောင်း စုံစမ်း သိရှိရသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်တွင် အန္တရာယ်ရှိ အဆောက်အအုံအဖြစ် သတ်မှတ်မည်ဆိုပါက “ဤအဆောက်အအုံသည် အန္တရာယ်ရှိ အဆောက်အအုံဖြစ်၍ နေထိုင်ရန်မသင့်” ဟု ဆိုင်းဘုတ်တင်လေ့ ရှိသော်လည်း ယခု ဖယ်ရှားခိုင်းသည့် အဆောက်အအုံများတွင် ယင်းသို့ကြောညာ အသိပေးထားခြင်း မရှိကြောင်း သိရသည်။

Sunday, July 18, 2010

ကြိုး

အခန်း ၁။
“သားကြီးရေ……. အောင်အောင်
အောင်အောင်ရေ ………….”

တကျော်ကျော်ခေါ်နေတဲ့ မေမေရဲ့ အသံကိုလစ်လျှူရှု့ပြီး ထုံးစံအတိုင်း ကျွန်တော် ကစားမြဲကစားနေခဲ့တာပါ။ ခဏနေတော့မေမေအသံပျောက်သွားပါသည်။ ကျွန်တော်သိတယ် မေမေ သူ့သမီးကို စိတ်မချလို့ပြန်လာကြည့်တာ။ အလုပ်ကနေ ပြန်လာပြီး သူ့သမီးကို ထမင်းလာကျွေးတာ။

ကျွန်တော်တို့မိသားစုမှာ မေမေရယ်၊ ၇-နှစ်အရွယ်ကျွန်တော်ရယ်၊ ၃-နှစ်အရွယ်ညီမလေးရယ် ၃-ဦးရှိပါတယ်။ ဖေဖေက ညီမလေးငယ်ငယ်က ငါးဖမ်းသွားရင်းပြန်မလာတော့တာ ဒီနေ့ထိပါပဲ။ သေပြီလို့တော့ ပြောကြတာပဲ။ ဒါပေမယ့် ကျွန်တော်မယုံပါဘူး။ တနေ့ ဖေဖေပြန်လာမှာပါ။ ကျွန်တော်နဲ့အတူ ဖေဖေဆော့အုံးမှာပါ။ ကျွန်တော်နှင့် အတူ ဗီဒီယိုရုံသွားပြီး ကျွန်တော် ကြိုက်တဲ သီဟတင်စိုးကားတွေ အတူကြည့်အုံးမှာပါ။ ကျွန်တော်ခေါင်းက ဆံပင်တွေဖွပြီး သားကြီးစာကျြိးသားနော်။ ပညာတတ်ကြီးဖြစ်ရင် ဖေဖေတို့လို ပင်ပင်ပန်းပန်းမလုပ်စားရဘူး၊ လိမ်လိမ်မာမာနေနော်။ လိမ်မာမှ ဖေဖေကချစ်တာ ဟုပြောတဲ့ စကားတွေကို ကျွန်တော်အားလုံး နားမလည်ပေမယ့် ဖေဖေဆီက အချစ်တွေရဖို့ ဖေဖေစကားအားလုံး ကျွန်တော်နားထောင်ပါမည်။ ပြန်လာခဲ့ပါဖေဖေရယ် မေမေက သားကိုမချစ်ဘူး။ သူ့သမီးပဲချစ်တာ။

**************************
ကျွန်တော် ညီမလေးကိုမုန်းပါသည်။ သူ့ကြောင့် ကျွန်တော်အမြဲအရိုက်ခံထိပါသည်။ မေမေရဲ့ အဆူခံရပါသည်။ ဖေဖေ မရှိတဲ့ နောက်မှာ မေမေ ငါးရွေးတဲ့ အလုပ်ကိုလုပ်ပါသည်။ မနက်အလုပ်မသွားခင် ကျွန်တော်တို့မောင်နှမအတွက် ထမင်းချက်ခဲ့ပြီး ညီမလေးကို နေ့လည်စာကျွေးဖို့ အမြဲမှာပါသည်။ ကျွန်တော်အမြဲပျက်ကွက်ပါသည်။ အဲဒီအတွက် ကျွန်တော်အရိုက်ခံထိပါသည်။ သူ့မှာလဲ လက်ပါတာပဲ သူ့ဘာသာသူခူးစားမှာပေါ့ ဟု ကျွန်တော်ဆင်ခြေပေးတတ်ပါသည်။ ဟုတ်တယ်လေ ကျွန်တော်လဲ ကိုယ့်ဘာသာကိုယ်ခူးစားတာပဲဟာ။ တခါတရံတော့ မေမေက မရိုက်ပဲ ကျွန်တော်နားမလည်သော စကားတွေပြောပြောပြီး ငိုပါသည်။
သားကြီးရယ် သားကအကြီး။ ညီမလေးကို သားမှဂရုမစိုက်ရင်ဘယ်သူက ဂရုစိုက်မှာလဲ။ သား ညီမလေးအရွယ်တုန်းက မေမေရော၊ ဖေဖေရော ဂရုစိုက်ကြတယ်လေ။ ညီမလေးကြတော့ သားနဲ့ မေမေက ဂရုစိုက်ရမှာလေ။ သူကိုယ်တိုင်မှ မလုပ်တတ်သေးတာ။ အခု မေမေကအလုပ်သွားတော့ ညီမလေးကို ဂရုစိုက်မဲ့ သူက သားပဲရှိတာလေ။ သားကြီးက လိမ္မာပါတယ်ဟု ပြောလျှင် ညီမလေးကို သနားနေတတ်ပါသည်။ ဖေဖေကော မေမေလို ညီမလေးကိုချစ်မှာပဲလား။ ဟင့်အင်း မချစ်ရဘူး။ ဖေဖေ သားကိုပဲချစ်ပါ။
**************************
ကျွန်တော် ညီမလေးကို အလွန်မုန်းပါသည်။ မေမေ့ကိုလဲ မုန်းပါသည်။ ဒီနေ့ မေမေကျွန်တော်ကို စိတ်ဆိုးဆိုးနှင့်ရိုက်ပါသည်။ အောင်အောင် နင်အတော်အသုံးမကျတဲ့အကောင်။ အကြီးဖြစ်ပြီး ဘာတခုမှ အားမကိုးရဘူး။ အိမ်လဲစိတ်မချရ၊ အငယ်မလဲ ဂရုမစိုက်။ ငါ့မှာ နင်တို့စားဖို့ ရှာရတာတဘက်၊ နင်အသုံးမကျလို့ ပြောရတာ တဘက်။ ငါသေတာသေချင်လိုက်တာ။ နင့်အဖေအစား ငါပဲသေချင်တယ် ငအောင်ရဲ့ ဟုပြောရင်း၊ ငိုရင်းရိုက်ပါသည်။
ဒီနေ့ မေမေပြန်လာတော့ ညီမလေးနဖူးတွင် ဖူးရောင်နေတာ တွေ့တော့ ထုံးစံအတိုင်း အားလုံးကျွန်တော်ကို အပြစ်ဖို့ပါသည်။ ညီမလေး ချော်လဲတာလား၊ တခုခုနဲ့ တိုက်မိတာလား ကျွန်တော်မသိပါ။ သူ့နဖူးမှာ ညိုမဲ ဖူးရောင်နေတာတွေ့ တော့ကျွန်တော် သနားသလိုလိုရှိတုန်း မေမေက ဒုတ်ဆွဲပြီး နင်ဂရုမစိုက်လို့၊ နင်အသုံးမကျလို့ ဟုပြောရင်း ငိုရင်းရိုက်ပါသည်။ ကျွန်တော် ခြေသလုံးမှာ အရှိုးရာတွေထင်သည်ဟု ထင်ပါသည်။ ကျွန်တော် နာပါသည်။ အသားသာမက နှလုံးသားထဲကထိနာပါသည်။ နေနှင့်အုံးပေါ့။ မနက်ဖြန် မေမေအလုပ်သွားမှ နင်သိမယ် ဟု စိတ်ထဲမှ ညီမလေးကို ကျိန်းဝါးနေမိပါသည်။
**************************

ညအိပ်ခါနီးတော့ မေမေ ကျွန်တော် ခြေသလုံးကို ပရုတ်ဆီလာလိမ်းပေးပါသည်။ သားကြီးရယ် လိမ္မာပါနော်။ ငါ့သားကြီးက လိမ္မာပါတယ်။ ညီမလေးက ခလေးပဲရှိသေးတာ။ မေမေတို့ သားအမိ ၃-ယောက်ထဲရှိတာ ချစ်ချစ်ခင်ခင်နဲ့ တယောက်ကိုတယောက် ဂရုတစိုက်နေရမှာပေါ့။ မေမေမရှိတဲ့ အချိန်မှာ သားကညီမလေးကို ပိုပြီးဂရုစိုက်ရမှာ။ အဲဒါဆို မေမေကို ချစ်ရာလဲရောက်တယ်။ ကူညီရာလဲရောက်တယ်သိလား။ နောက်သားဖေဖေကိုလဲ ချစ်ရာရောက်တယ်။ ကြည့်စမ်း ညီမလေးဘယ်လောက် သနားဖို့ ကောင်းသလဲ။ သူ့ခမျှာ နာပေမယ့် နာတယ်ပဲပြောတတ်တယ်။ ဘယ်လို အနာသက်သာအောင်လုပ်ရမလဲ မသိသေးဘူး။ သားက စောင့်ရှောက်မှပေါ့။ မေမေ စိတ်ချပါရစေ သားကြီးရယ်နော်။ မေမေမှာ ချစ်စရာတိုလို့ ဒီသားကြီးနဲ့ ဒီသမီးလေး နှစ်ယောက်ပဲရှိတာ။ ကဲအိပ်တော့ မေမေကိုချစ်ရင် ညီမလေးကိုလဲ ချစ်နော်။
**************************
သားကြီးထထ။ ထစမ်းမြန်မြန်။ သမီးမငိုနဲ့ သိပ်နော်။ မေမေအတင်းဆွဲထူနှိးလို့ နှိးလာတဲ့ ကျွန်တော်ကို လက်ဆွဲ၊ ညီမလေးကို ချီရင်း အိမ်ခေါင်းရင်းက သစ်ပင်ပေါ်တင်ပေးနေတဲ့ မေမေကိုတလှည့်၊ အော်ဟစ်နေကြတဲ့ အိမ်နီးနားချင်းတွေတလှည့်၊ တရိပ်ရိပ်တက်လာတဲ့ ရေပြင်ကြီးကို တလှည့်ကြီးရင်း ကျွန်တော်ကြောက်လန့်တကြား အော်ငိုနေမိပါတယ်။ သားကြီးမငိုနဲ့ နော် သားကငိုရင်ညီမလေးက ပိုဆိုးမှာပေါ့။ ညီမလေးကိုမြဲမြဲကိုင်ထားနော်။ မေမေ အိမ်ထဲပိုက်ဆံသွားယူလိုက်အုံးမယ်။ မေမေသွားနဲ့ သွားနဲ့ မီးမီးကြောက်တယ်လို့ အော်ငိုနေတဲ့ညီမလေး ကို ကျွန်တော် ပထမဦးဆုံးချော့လိုက်ပါတယ်။ ညီမလေး ငိုနဲ့နော် ကိုကိုရှိတယ်။ သစ်ပင်ကိုဖက်ထား။
**************************
အခန်း ၂။

ကျွန်တော်နှိးလို့ မျက်လုံးဖွင့်ကြည့်လိုက်တော့ ကျွန်တော်ဘေးမှာမေမေနဲ့ ညီမလေး ရှိမနေပါ။ ကျွန်တော်လဲ အိမ်မှာ မဟုတ်ပဲ ချုံပုတ်တခုပေါ်ရောက်နေပါသည်။ ဘာဖြစ်တာလဲ ဘာတွေဖြစ်ကုန်တာလဲ၊ ကျွန်တော်နားမလည်ပါ။ မေမေရော ဘယ်မှာလဲ။ ညီမလေးရော ဘယ်မှာလဲ။ ကျွန်တော်ရွာရော ဘယ်မှာလဲ။ ကျွန်တော်သူငယ်ချင်းတွေရော ဘယ်မှာလဲ။ ကျွန်တော်ရေဆာလိုက်တာ။ ကျွန်တော် ချုံပုတ်ပေါ်ကဆင်းပြီး နွံတင်နေတဲ့မြေပေါ်မှာ လျှောက်သွားရင်း မေမေကိုရှာပါသည်။ ညီမလေးကိုရှာပါသည်။ သူငယ်ချင်းများနှင့် ရွာကလူတွေရှာပါသည်။ ရေဆာလွန်း၍ရေရှာပါသည်။

မေမေကိုမတွေ့ပါ။ ညီမလေးကို မတွေ့ပါ။ ကျွန်တော်ရှာနေသော အားလုံးကိုမတွေ့ပါ။ ရေကိုတော့ တွေ့ပါသည်။ ဒါပေမယ့် သောက်လို့မရအောင်ဖြစ်နေတာကို ကျွန်တော်နားမလည်ပါ။ မေမေရေ သားဒီမှာ သားဗိုက်ဆာလိုက်တာ။

**************************
“ဟယ် ဟိုမှာကလေး တယောက်ဟေ့။ ရပ်ရပ်။”

အသံကြားလို့ကြည့်လိုက်တော့ လှေတစင်းပေါ်မှ လူတချို့ ဆင်းလာပြီး ကျွန်တော်ကိုပွေ့ချီသွားပါသည်။ ကျွန်တော် ရေဆာတယ်လို့ပြောပြီး အိပ်ပျော်သွားသည်ဟုထင်ပါသည်။

**************************
ကျွန်တော်နှိးတဝက် မနှိးတဝက်ဖြစ်နေချိန်မှာ ဆူဆူညံညံတွေကြောင့် ကျွန်တော်ထထိုင်လိုက်မိပါသည်။ ကျွန်တော်ဘယ်ရောက်နေတာပါလိမ့်။ ကျွန်တော်အား မုန့်နှင့်ရေလာပေးသော ဦးလေးအား ကျွန်တော်မေမေနှင့် ညီမလေးရော ဟုမေးတဲ့အခါ ဒါအရင်စားလိုက်နော်သား။ သားမေမေနဲ့ ညီမလေးကို ဦးတို့ရှာပေးပါမယ် ဟုပြောသွားပါသည်။

ကျွန်တော် သူတို့ပြောစကားတွေကိုနားမလည်ပါ။ လူတွေအများကြီးသေတယ်တဲ့။ နာဂစ် ကြောင့်တဲ့။ အိမ်တွေ ရွာတွေမရှိတော့ဘူးတဲ့။ တော်တော်ဆိုးတဲ့ နာဂစ်။ ဒါဆို မေမေ၊ ညီမလေးနဲ့ ကျွန်တော့်ကို ခွဲတာလဲ ဒီနာဂစ်ပဲနေမှာ။ ကျွန်တော် နာဂစ်ဆိုသူကို အလွန်မုန်းပါသည်။

**************************
လှေတစင်းပေါ်မှ ဆင်းလာသောလူကြီးတဦးလက်ဆွဲလာသော မိန်းကလေးကိုမြင်တော့ ကျွန်တော် တဟုန်ုးထိုးပြေးသွားပြီး ဦးလေးဦးလေး ဒါသားညီမလေး၊ ဒါသားညီမလေး လို့တတွတ်တွတ်ပြောရင်း ညီမလေးလက်ကို မလွှတ်တမ်းဆွဲထားမိပါတယ်။

ညီမလေးက ကျွန်တော့်ကိုမမှတ်မိပါ။ ငူငူငိုင်ငိုင်နှင့် စကားလဲမပြောပါ။ လူကြီးတွေကျွေးသော မုန့်ကို ကျွန်တော်ညီမလေးအား အရင်ကျွေးပါသည်။ ဝပြီလား မေးလို့ခေါင်းငြိမ့်မှ ကျွန်တော်စားပါသည်။ ညီမလေးနှင့် အတူအိပ်ပါသည်။ နောက်တကြိမ် ညီမလေးနှင့် ခွဲရမှာ ကျွန်တော်ကြောက်ပါသည်။ ကိုကို့ကို ကိုကိုလို့ခေါ်ပါ ညီမလေးရယ်။ ကိုကိုအရင်လို ညီမလေးကိုအနှိင်မကျင့်တော့ပါဘူး။ ဦးဦးတို့ မေမေကိုရှာတွေ့ရင် ညီမလေးကို ကိုကိုအရမ်းချစ်တယ်လို့ပြောပြလိုက်မယ်နော်။ ဒါဆို မေမေအရမ်းဝမ်းသာမှာ။ မေမေကပြောတယ် ကိုကိုကအကြီး ညီမလေးကိုဂရုစိုက်ရမယ်တဲ့။
နောက် ၃-ရက်လောက်မှ ညီမလေးက ကိုကိုမေမေရောလို့ မေးပါသည်။ ကျွန်တော့်ရင်ထဲမှာ ဆို့တက်လာပြီး ညီမလေးကို ဖက်ထားပြီး ဦးဦးတို့ မေမေကိုရှာလာမှာပါ ညီမလေးရယ်။ မငိုနဲ့နော် ကိုကိုရှိတယ်။ တကယ်တော့ ကျွန်တော်ငိုနေတာလား ညီမလေးငိုနေတာလား ကျွန်တော်တကယ် မသိပါ။


**************************
“မလိုက်ဘူး။ သားမလိုက်ဘူး။ သားကို ညီမလေးနဲ့ မခွဲပါနဲ့။ သားညီမလေးနဲ့ အတူနေပါရစေ။”

မောင်အောင်အောင် ဒီဘုန်းဘုန်းနဲ့ ရန်ကုန်လိုက်သွားရမယ်။ လိုက်မယ်မဟုတ်လား ဟုမေးသော ဦးဦးတယောက်၏အမေးကို ကျွန်တော်ညီမလေးရောလား လို့မေးတော့ ဘုန်းကြီးကျောင်းမှာ ယောက်ကျားလေးပဲလက်ခံတာ။ သားညီမလေးကို ဦးတို့ အကောင်းဆုံး စီစဉ်ပေးမှာပါ။ လိုက်သွားလိုက်နော် သားတဲ့။ သားနဲ့ ညီမလေးကို မခွဲပါနဲ့ ဦးဦးနဲ့ ဘုန်းဘုန်းတို့ရယ်။ နာဂစ်က သားတို့မောင်နှမ နဲ့မေမေ ကိုခွဲသွားခဲ့ပြီ။ ဦးဦးတို့က သားနဲ့ညီမလေး ကိုထပ်မခွဲပါနဲ့နော်။

**************************

အခန်း ၃။

“ကျွန်တော်တို့ ကို ပညာသင်စရိတ်ထောက်ပံ့ပေးသော စကာင်္ပူရောက် မြန်မာမိသားစုအားလုံးကျန်းမာကြပါစေ။ ချမ်းးသာကြပါစေ။ ဦးဦး၊ ဒေါ်ဒေါ်တို့ကို သားတို့၊သမီးတို့မှ အထူးကျေးဇူးတင်ရှိပါကြောင်းပြောကြားလိုပါတယ်။ ဦးဦး၊ ဒေါ်ဒေါ်တို့ကျေးဇူးကိုဆပ်သည့်အနေနှင့် သားတို့၊သမီးတို့မှ စာကြိုးစားပါမည်ဟု ဂတိပေးပါသည်။”

မနေ့က ဆရာတော်မှ (အော်မေ့နေတာ အခုကျွန်တော်ကို ဆရာတော်က ကိုရင်ဝတ်ပေးထားတာပါ။) လှိုင်သာယာ၊ အောင်ဇေယျာမင်း ပရဟိတကျောင်းက ကိုရင်တို့ကို ပညာသင်ထောက်ပံ့ကြေးပေးနေတဲ့ စကာင်္ပူမှ အန်တီတယောက်လာမယ်လို့ ကြိုပြောထားပါသည်။ ကျေးဇူးတင်စကားပြောဖို့ ကိုရင်ကိုရွေးထားလို့ ကျေးဇူးတင်စကားကို လှိုက်လှုက်လှဲလှဲပြော ရ၍ အားလုံးကိုယ်စား အလွန်ဝမ်းသာပါသည်။

ထိုအန်တီမှ ပရဟိတကျောင်း မှ ကလေးအားလုံးကို တဦးချင်းဆီ ပျော်လား။ ကြီးလာရင်ဘာဖြစ်ချင်သလဲစ သဖြင့်မေးပါသည်။ ကိုရင်ကတော့ ကိုရင့်ဘေးမှာ ညီမလေးရှိသ၍ ပျော်ပါသည်။


ဝန်ခံချက် ။ ။ လှိုင်သာယာ၊ အောင်ဇေယျာမင်း ပရဟိတကျောင်းမှ ဖြစ်ရပ်မှန် မောင်နှမ အကြောင်းကို ခံစားရေးဖွဲ့ပါသည်။ ဒီဇတ်လမ်းလေးကို တဆင့်ပြောပြသော Kutho အဖွဲ့မှ ညီမငယ်တယောက်အားအထူးကျေးဇူး တင်ကြောင်းမှတ်တမ်းတင်ပါသည်။

Kမမ
(ကျနော် ဂျီတိုက် ဂျစ်ကန်လုပ်သမျှ သီးခံပြီး ဒီစာစုလေး ဖြစ်အောင် ရေးပေးခဲ့တဲ့ အမေတယောက်လို အမတယောက်လို ချစ်ခင်ရတဲ့ မမကြီးကို ကျေးဂျူးကမ္ဘာဆိုင်ပါ)

Wednesday, July 14, 2010

မျိုသိပ်မှုတို့ ဖွင့်အံရာ ဂျီတော့မက်ဆေ့ခ်ျကမ္ဘာ


မင်းနိုင်သူ


ကွန်ပျူတာရှေ့ ထိုင်လိုက်မိသည်နှင့် သူ စဖွင့်သည်က Gmail ။ ထို့နောက် Gtalk ။ သူ့အကောင့်အတွင်းရှိ မိတ်ဆွေအားလုံးကို မင်္ဂလာပါဟု လိုက်နှုတ်ဆက်ရင်း Gtalk message တွေ လိုက်ဖတ်သည်။

"နိုင်ငံပိုင်သတင်းစာမှာက နျူကလီးယား. တကမ္ဘာလုံးကမီဒီယာတွေမှာ ဒေါ်စု.. ရပ်ကွက်ထဲမှာတော့ ကမ္ဘာ့ဖလား.. ရခိုင်မှာတော့ ရေကူးနေကြဘီ"

"လာပါအချစ်ရယ်.. ဆိုက်ကားနင်းမယ်.. ကူလီထမ်းမယ်.. ဘိန်းမုန့်ရောင်းမယ် ကြည်နူးဖွယ်.. ပန်းတောင်းကိုရွက်ကာ ဘုရားပေါ်တက်.. ကန်ဘောင်မှာ အတူတူထိုင်မယ်လာ ဆိုက်ကားပေါ်တက်...”

"အိပ်မက်တပွဲ ပေးပါ။ မျှော်လင့်ချက် များများထည့် အတိတ်ဆိုးတွေ မပါစေနဲ့ ခံစားချက်ကို ပါးပါးလေး ဖြူး သံယောဇဉ် လည်း ပါပါစေ"


သူ့မိတ်ဆွေများ တင်ထားသော Gtalk message အကြောင်းအရာတွေက စုံလှသည်။ ဟာသတွေပါသလို နယ်မြေဒေသအခြေအနေ တင်ပြတာတွေပါသည်။ နှလုံးသားရေးရာ တင်သူ ရှိသလို နိုင်ငံရေးအစာမကြေမှုကို အံထုတ်ထားသူတွေလည်း ရှိသည်။

"ရန်ကုန်မြို.ကြီးကို မီးပိုပေးနိုင်ပြီလို့အော်နေကြတယ် ဒို့ပဲခူးမှာတော့ မီးလာချိန်တွေပိုနဲသွားတယ် တော်လိုက်ကြတာ။ " ဆိုသည့် ဂျီတော့လ်မက်ဆေ့ခ်ျတခုက ရန်ကုန်မီးလာချိန်ပိုလာမည်ဆိုသော သတင်းကိုသာ အာရုံစိုက်နေကြသူများအတွက် အခြားတဘက်ကို လှစ်ဟပြလိုက်သည့် ကန့်လန့်ကာ အဖွင့်တခု။

သာသနာရေးဝန်ကြီးဌာနမှ ၀န်ထမ်းတဦးကတော့ သူ့မက်ဆေ့ခ်ျတွင် "အို..နေပြည်တော်မှ အဘအပေါင်းတို့...ကျွန်ုပ်ယနေ့စားသုံးလိုက်သော အစာအဟာရများသည် မနက်ဖြန်ခါအတွက် သီးခံဖို့ဖြစ်ပါ၏။" ဟု တင်ထားသည်။

သုံးလေးရက်ခန့်အကြာတွင် ပုဂံတွင် တည်ဆောက်လျက်ရှိသည့် သာသနာရေးဆိုင်ရာ အဆောက်အဦတခုအတွက် အလုပ်ကြမ်းဝင်လုပ်ပေးနေကြရသော သာသနာရေးဝန်ထမ်းများ၏ အဖြစ်အပျက်သတင်းက ခေတ်ပြိုင်အင်တာနက် စာမျက်နှာတွင် ပေါ်ထွက်လာသည်။

အန်အယ်လ်ဒီလူငယ်တဦးကတော့ မြန်မာ့နိုင်ငံရေးအကွဲအပြဲများကို စိတ်ကုန်လာဟန်ရှိ၏။

“"ထိတိုင်း ကွဲတဲ့ ဒို့လူတွေ” ဖ.ဆ.ပ.လအကွဲ....တိုင်းပြည် လဲ။ ပြည်ပအကွဲ......ယုံကြည်မှု နည်း။ အန်အယ်လ်ဒီ အကွဲ....ပြည်သူ ဆဲ။ အတိုက်ခံ အားလုံးကွဲ......စစ်ကျွန်ပဲ။ " ဟု သူ့ မက်ဆေ့ခ်ျပေါ် ပစ်တင်ထားသည်။

NDFပါတီ၏ အမှတ်တံဆိပ်များကို ကန့်ကွက်နိုင်ကြောင်း သတင်းစာတွင်ပါလာသည့် နေ့တွင်"ကို ဆွေ ငြိမ်း တို့ကလည်း ခမောက်လေးကို စွဲလမ်းနေတုန်းပါလားလို့... ရှာထိုးဦးထုပ်လေးဘာလေးလုပ်လည်း ရပါတယ်ကွဲ့.. ငုနဲ့ပိတောက်... စုနဲ့ခမောက်... ဆွေငြိမ်းနဲ့ ဦးထုပ်ပေါ့လို့" ဟူ၍လည်း ပြည်တွင်းအယ်ဒီတာတဦးက သူ့မက်ဆေ့ခ်ျကနေ ခနဲ့၏။

ဖဆပလခေတ်က ဦးဗဆွေနှင့် ဦးကျော်ငြိမ်းအတွဲကို ဆွေငြိမ်းအုပ်စုဟု ခေါ်ဝေါ်ခဲ့ကြသည့်အတိုင်း NLDမှ ခွဲထွက်ကာNDF ပါတီကို ထူထောင်ကြသည့် ဦးခင်မောင်ဆွေနှင့် ဒေါက်တာသန်းငြိမ်းတို့သည်လည်း ဤမက်ဆေ့ခ်ျအရ ခေတ်သစ် ဆွေငြိမ်းဖြစ်သွားသည်။

ဘာပဲဖြစ်ဖြစ် ဒီ Gtalk message များသည် မြန်မာပြည်မှ အခြေအနေများကို ရိုးတိုးရိပ်တိတ် မြင်တွေ့ခွင့်ရစေသော ပြတင်းပေါက်များ။

“မြန်မာပြည်အတွင်း ရေတွင်းရေကန်ခမ်းခြောက်မှုတွေ ဖြစ်နေပြီဆိုတာကို သတင်းဌာနတွေမှာ မတက်ခင်ကတည်းက ပြည်တွင်း ဂျီတော့လ်မက်ဆေ့ခ်ျတွေမှာ ကျနော်တွေ့မိနေတယ်။ အဲဒါကြောင့်လည်း အကူအညီပေးရေးအတွက် ကြိုပြင်ထားနိုင်ခဲ့တယ်"ဟု မြန်မာပြည်အတွင်း ရေလှူဒါန်းမှုများ ပြုလုပ်ပေးခဲ့သော စင်ကာပူနိုင်ငံအခြေစိုက် Lotus ဖောင်ဒေးရှင်းမှ တာဝန်ရှိသူတဦးက ပြောသည်။

ဂျီတော့လ်မက်ဆေ့ခ်ျကို လွတ်လပ်စွာ မရေးရဲသူများလည်း ရှိသေးသည်။ ဒါကတော့ အဆန်းတကျယ်မဟုတ်။ စစ်အစိုးရ၏ ဖိနှိပ်မှုအောက်တွင် ရှည်ကြာစွာ နေခဲ့ကြရသည်ကိုး။

“ဟင့်အင်း...မရေးရဲဘူး။ သမီးအကောင့်ထဲမှာ ဘယ်သူတွေက ဘာတွေမှန်း မသိဘူးလေ။ သမီးမမြင် မသိဘူးတဲ့သူတွေလည်း ရှိတယ်။ သမီး နိုင်ငံရေးနဲ့ ပတ်သက်တာတွေ ရေးထားတာကို သူတို့ မြင်သွားရင် ဘယ်လိုလုပ်မလဲ"ဟု အသက် (၂၀) အရွယ် ရန်ကုန်သူ တဦးက မက်ဆေ့ခ်ျလွတ်လပ်စွာ မရေးရဲသည့် အကြောင်းကို ပြောသည်။

ထိုမိန်းကလေးက သူမ၏ အမည်ရင်းနောက်တွင် ဌာနအမည်ပါ ဂျီးမေးလ်အကောင့်ကို သုံးနေရသူဖြစ်၏။

ထိုသို့သော စိုးရွံ့မှုများအပေါ် “မြန်မာနိုင်ငံထဲမှာ လွတ်လွတ်လပ်လပ် သုံးစွဲနိုင်ဖို့ဆိုရင် ကိုယ့်အမည်ရင်း ၊ အလုပ်ဌာနတွေနဲ့ မသက်ဆိုင်တဲ့ အကောင့်တခု သီးသန့်ကို ဖွင့်ထားသင့်တယ်။ ကိုယ့်မိသားစု ၊ အလုပ်အသိုင်းအ၀ိုင်းနဲ့ ပြောမယ့်အကောင့် ၊ တခြားလွတ်လွတ်လပ်လပ် ပြောချင်ရာ ပြောလို့ရမယ့်အကောင့် ။ ခွဲခြားပြီး သုံးရင် စိုးရိမ်စရာမရှိပါဘူး"ဟု အင်တာနက်လုံခြုံရေး ကျွမ်းကျင်သူ ကိုထက်ခိုင်က ရှင်းလင်း ပြောဆိုသည်။

အကယ်စင်စစ်တွင် Gmail သည် Facebook အကောင့်ထက်ပင် ပြည်တွင်း အင်တာနက်သုံးစွဲသူများအတွက် လုံခြုံမှုပေးနိုင်သေးသည်ဟုလည်း ကိုထက်ခိုင်က ထောက်ပြသည်။

“facebook မှာ public ဖွင့်ပေးလို့ရတယ်။ ဘယ်သူမဆို တက်ကြည့်လို့ရနေတယ်။ ဒါမှ မဟုတ်ရင် မိတ်ဆွေသီးသန့် (friend only) ပေးလို့ရတယ်။ မိတ်ဆွေရဲ့ မိတ်ဆွေ (friend of friend ) ဖွင့်ပေးလို့ရတယ်။ google buzz ကတော့ မိတ်ဆွေသီးသန့် တမျိုးပဲရှိတယ်။ မိတ်ဆွေရဲ့ မိတ်ဆွေ ဆိုတာ မရှိဘူး။ အများသူငါ (public) ကြည့်လို့မရဘူး။ ဒါ့ကြောင့် ကိုယ်ရေးထားတဲ့ဟာတွေက မိတ်ဆွေသီးသန့် အတွက်ပဲဖြစ်တဲ့အတွက် လုံခြုံမှု အဆင့်အတန်း ပို ရှိတယ်"ဟု ၄င်းက ဆိုသည်။

Google Buzz ဆိုသည်မှာ Facebook ကဲ့သို့ အများအသုံးပြုနိုင်သည့် လူမှုရေးကွန်ရက် အင်တာနက် စာမျက်နှာဖြစ်ပြီး Google ကုမ္ပဏီက ယခုနှစ် ဖေဖ၀ါရီလ (၉) ရက်နေ့တွင် လူထုသို့ စတင် မိတ်ဆက်ခဲ့သည်။

Google Buzzကို ဂျီမေးလ်မှ တဆင့် အလွယ်တကူ အသုံးပြုနိုင်ရန် စီစဉ်ထားကာ မကြာခဏ ပြောဆို ဆက်သွယ်လေ့ရှိသော လိပ်စာများကို Buzzက အလိုအလျောက် အပြန်အလှန် ချိတ်ဆက် ပေးမည် ဖြစ်သည်။

Google Buzz ပေါ်ထွက်လာပြီး သိပ်မကြာ Buzz အသုံးပြုသူနှင့် ဆက်သွယ်ထားသူများကို အခြားသူများက မြင်နေရသည့်အတွက် Google ကုမ္ပဏီတောင်းပန်ရသည်။

သို့ရာတွင် Buzz ၏ လုံခြုံရေး အားပျော့မှုသည် မြန်မာပြည်တွင်း Gmail သုံးစွဲသူများစွာကို ထိခိုက်စေမည်မဟုတ်ဟု ပဲခူးမြို့ရှိ အင်တာနက်ဆိုင်ပိုင်ရှင်တဦးက ယူဆသည်။

အဆိုပါ အင်တာနက် ဆိုင်ရှင်က " ကျနော်တို့ဆီက အင်တာနက်သုံးသူတွေအားလုံး Gmail အကောင့်တခုတော့ ပိုင်ကြတာချည်းပဲ။ Buzz ထပ်ထွက်လာချိန်မှာ သုံးတတ်သူတောင် မရှိသလောက်ပါဘဲ။အများစုက ကိုယ်ရေးချင်တာရေးပို့ဖို့ ၊ သူများပို့လာတဲ့စာကို ဖတ်ဖို့ ၊ ဒါလောက်ပဲ သုံးကြတာပါ။ အသစ်ပေါ်တာတွေကို စမ်းသုံးနိုင်ဖို့ အင်တာနက်ဆိုင်မှာအချိန်ကုန် ငွေကုန်ခံနိုင်သူတွေလည်း မရှိသလောက်ပါ။"ဟု ဆိုသည်။

Google Buzz တွင် မိမိ၏ messageကို သူတပါးက ထင်မြင်ချက်ပေးနိုင်သလို ၊ ကိုယ်ကလည်း သူတပါး messageကို ထင်မြင်ချက်ပေးနိုင်သည်။ သို့ရာတွင် Google Buzz ကို အသုံးပြုသူ မြန်မာပြည်တွင်း၌ လူနည်းစုသာ ရှိနေသေးသည်။

ဘာပဲဖြစ်ဖြစ် မြန်မာပြည်တွင်းမှ အင်တာနက်အသုံးပြုသူ အများစုသည် ကိုယ့် message အား သူတပါး ထင်မြင်ချက်ပေးမှုကို ခံယူရရေး မရရေးထက် ၊ ကိုယ်ပြောလိုရာ ပြောရေးကိုသာ အဓိကထားကြသည်။

ကမ္ဘာပေါ်တွင် ဂျီမေးလ် အသုံးပြုသူပေါင်း ၁၇၆ သန်းခန့် ရှိနေရာ အင်တာနက် မြန်နှုန်းနိမ့်သော ၊ အင်တာနက် နည်းပညာ ပျံ့နှံ့မှု လျော့ပါးသော မြန်မာနိုင်ငံအတွင်းမှ အင်တာနက်သုံးစွဲသူများလည်း ထိုအထဲတွင်ပါဝင်သည်။

Gmailတခုကိုသာ အားပြုသုံးစွဲနေရသော ပြည်တွင်းအင်တာနက် သုံးသူများအဖို့ gmail password အခိုးခံရမည်လား ဆိုသည်ကလည်း စိုးရိမ်ချက်တခု။

“လူတွေက ထင်တာက အင်တာနက်လုံခြုံရေးအကြောင်း ပြောလို့ရှိရင် ၊ ဂျိမ်းစ်ဘွန်းဇာတ်ကားတွေထဲကလို Hacking တွေ ၊ ကုဒ်တွေနဲ့ အတိုက်အခိုက်ခံရမယ်လို့ ထင်နေကြတယ်။ ဒါတွေလည်း မရှိဘူးမဟုတ်ဘူး ၊ ရှိပါတယ်။ ဒါပေမဲ့ အဲဒီနည်းပညာနဲ့ အောင်မြင်သွားတယ်ဆိုတာ ရှားပါတယ်။ Gmail passoword ကို သတ်သတ် ခိုးတဲ့ ပရိုဂရမ်တွေ ရှိတယ်။ Gmail passoword ခိုးတဲ့ ပရိုဂရမ်တွေကို ရေးပြီး ဗိုင်းရပ်စ်အနေနဲ့ လွှတ်လို့ ကွန်ပျူတာတွေထဲမှာ ရောက်ခဲ့ဖူးတာတွေရှိတယ်"ဟု အင်တာနက်လုံခြုံရေး ကျွမ်းကျင်သူ ကိုထက်ခိုင်က ပြောသည်။

ထိုဖြစ်စဉ်ကို ရှောင်လွဲနိုင်ရန် မိမိ နားမလည်သော Links များကို မနှိပ်မိရန်သည် အဓိက လိုအပ်ချက်တခုဖြစ်၏။

“အဲဒီ ဗိုင်းရပ်စ်မျိုးက ကိုယ့်မေးလ်ထဲက သူငယ်ချင်းဆီကပဲလာတယ်။ ဒါပေမဲ့ တကယ်တမ်းက ကိုယ့်သူငယ်ချင်းက ပို့နေတာမဟုတ်ဘူး။ သူ့ကွန်ပျူတာမှာ အဲဒီဗိုင်းရပ်စ်ကြောင့် လုံခြုံရေးပေါက်သွားပြီး သူ့အလိုအလျှောက် ကိုယ့်မေးလ်ဆီ ၀င်လာတာ။ ဒါ့ကြောင့် ကိုယ်မသိတဲ့ Link တွေ ၀င်လာရင် ချက်ချင်းနှိပ်လိုက်တာမျိုးမလုပ်ဘဲ။ သူပို့ထားတာဟုတ်မဟုတ် ၊ ဘယ်လို Linkမျိုးလဲဆိုတာကို သူငယ်ချင်းကို ပြန်မေးပါ။အဲဒါဆိုရင် ဒီဗိုင်းရပ်စ်မျိုးကို ရှောင်လွဲနိုင်ပါလိမ့်မယ်"ဟု ကိုထက်ခိုင်က ရှင်းပြသည်။

ပြည်တွင်း အင်တာနက်သုံးစွဲသူများအတွင်း ဂျီမေးလ်လုံခြုံရေး နားလည်သူများ ရှိသလို ၊ နားမလည်ဘဲ သုံးစွဲနေရသူများလည်း ရှိနေဆဲ။

“ဂျီမေးလ်လုံခြုံမှုအကြောင်းကိုတော့ သိပ်မသိဘူး။ ဂျီတော့လ်မက်ဆေ့ခ်ျတွေတော့တင်ဖြစ်တယ်။ ကျနော်တင်တာတွေ အများစုကတော့ ကျနော်တို့ မန်းလေးတ၀ှိုက်က အခြေအနေတွေအကြောင်းပါပဲ။ ကျနော်တို့ ပြည်တွင်းမှာ ရေးလို့မရတာတွေ တင်ပစ်လိုက်တယ်ဗျာ။ အဲလိုမှ မတင်ရရင် ရင်မချောင်ဘူး" ဟု မန္တလေးမြို့မှ စာနယ်ဇင်းသမားတဦးက ဆိုသည်။

အမှန်တကယ်လည်း သူပြောသကဲ့သို့ပင် ဂျီတော့လ်မက်ဆေ့ခ်ျများသည် လွတ်လပ်စွာပြောရေးဆိုခွင့်မရသော ရပ်ဝန်းများတွင် ရင်ချောင်ဆေးတခု ဖြစ်နေဟန်ရှိသည်။

ပြည်တွင်းနေ ပြည်သူလူထု၏ လွတ်လပ်စွာပြောရေးဆိုခွင့်အကြောင်းကို သူ စဉ်းစားကြည့်နေမိစဉ်မှာပင် ပြည်တွင်း မိတ်ဆွေတဦးက ဂျီတော့လ်မှတဆင့် လှမ်းနှုတ်ဆက်လာသည်။ ထိုအခိုက် ဖျတ်ခနဲ တွေ့လိုက်ရသည့် သူ့ဂျီတော့မက်ဆေ့ခ်ျကား

"ပျော်ပျော်နေသေခဲ..မော်တော်နေရေထဲ..အိမ်မှာနေအမေဆဲ..ရန်ကုန်မှာနေဗုန်းကွဲ.. နေပြည်တော်မှာနေအသားမည်း..အမြင့်ဆုံးကိုတက် အချစ်ဆုံးကိုဖက်ပြီးအော်လိုက်မယ်......... မီးလာပြီ....မီးလာပြီဟေးးးးးးးးးး"

ညနေစောင်းနွံမှာ နစ်သည့်ကြာ ဇတ်ကားရိုက်ကူးရန် ဒါရိုက်တာ တင်သန်းဦးကို တိုက်တွန်းရတော့မှာမို့

ခိုင်အောင်ကျော် (နယူးယောက်)

၂၀၁၀ ရွေးကောက်ပွဲသည် မြန်မာနိုင်ငံအသွင် ကူးပြောင်းရေးအတွက် ခြေလှမ်းတရပ်မဟုတ်။ ခွေးကတက်မဟုတ်။ တဆင့်နီးစပ်သည့် နိုင်ငံရေးလမ်း မဟုတ်။ ဗြောင်လိမ်ထားသော လုပ်ကြံမှူသက်သက်။ မြန်မာနိုင်ငံမှာ စစ်အစိုးရက ရွေးကောက်ပွဲကို ၁၉၉၀ ခုနှစ်မှာ တကြိမ်လုပ်ခဲ့ပြီးပြီ။ ယင်းရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဲအပြတ်အသတ် အနိုင်ရရှိခဲ့ပြီ။

ပြည်သူတွေက လွပ်လွပ်စွာမဲပေး၍ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ဤသည်မှာ သမိုင်းအမှန်ဖြစ်သည်။ ယခု၂၀၁၀ ခုနှစ် ရွေးကေက်ပွဲမှာ ဒုတိယအကြိမ်ဖြစ်သည်။ ထို့ကြောင့် ဤရွေးကောက်ပွဲသည် ခွေးကတက်မဟုတ်။ လမ်းစမဟုတ်ကြောင်း ပြောဆိုရခြင်းဖြစ်သည်။ ရွေးကောက်ပွဲနှင့် ပါတ်သက်၍ ဒါရိုက်တာတင်သန်းဦးရိုက်ကူးသည့် အာရုဏ်ဦးမှာ ဖူးသည့်ကြာ ဇတ်ကားထဲက ခန့်စည်သူပြောသောစကားမှာ စစချင်း လူတိုင်းရင်ကို ဆောက်နှင့်ထွင်းလိုက်သည်။ ယင်းမှာ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြခံဥပဒေကို တခဲနက် ထောက်ခံမဲပေးခဲ့ကြသည်ဟု ပြောခြင်းဖြစ်သည်။ ၁၉၇၄ ခုနှစ်သည် မဆလပါတီ၏ အဆိုးရွားဆုံး တပါတီအာဏာရှင်စံနစ်ကို ကျင့်သုံးနေချိန်ဖြစ်သည်။ဒါရိုက်တာတင်သန်းဦး နေထိုင်သောပြည်နယ် မြို့ နယ်တွင် မည်သူက ကိုယ်စားလှယ်အဖြစ် တက်ရောက်လာသည်ကိုမျှ သူကိုယ်တိုင်ပင် မသိရှိခဲ့သူဖြစ်သည်.။ လူတိုင်းလူတိုင်းသည် မည်သူမှန်းမသိသော လွှတ်တော်ကိုယ်စားလှယ်ကို မြူသည်မဲသည် မသိ ။ ယင်းအချိန်က ကျွန်တော်တို့ မှာ ဘာမျှမသိဘဲ မမြင်ဖူးပါဘဲ မဲပေးခဲ့ရသည်။ ၄င်းမှာ စစ်အစိုးရကို ကြောက်၍ မဲပေးခဲ့ရခြင်းဖြစ်သည်။ ဤသည်ကို ဒါရိုက်တာတင်သန်းဦးက တနိုင်ငံလုံးက မဲကိုကြိုက်၍ တခဲနက်ထောက်ခံ ပေးခဲ့ကြသည် ဆိုရာ သမိုင်းကို အတိအကျ လိမ်ခြင်းဖြစ်သည်။

ဗိုလ်နေ၀င်းရှုပ်သမျှ စာအုပ်ကျတော့ မဖတ်ရဆိုပြီး အကွဲအပြဲစာအုပ်ကတော့ ဖတ်ကြည့်ခိုင်းသော ဇတ်ဝင်ခန်းမှာမူ ဟာသဖြစ်နေသည်။ တော်ပါသေးသည်။ ပြည်ပမှထုတ်ဝေနေသော စာအုပ်စာတမ်းများကို နအဖစစ်အုပ်စုက သူတို့လက်ထဲတွင် ယင်းစာအုပ်များကို ၇ရှိထားပါသည်ဟု ဖေါ်ပြခြင်းကို ၀မ်းမြောက်စွာ ကြိုဆိုလိုက်ရသည်။ မိုးလုံးပြည့်မုသားဝါဒ စာအုပ်များကိုလည်း သူတို့မှာ သေသေချာချာ ပုံနှိပ်ထုတ်ဝေခဲ့သည်ကိုလည်း ကျေးဇူးတင်ရပါသေးသည်။ ချည်မျှင်နှင့့်် အထည်စက်ရုံမှ အလုပ်သမားများမှာ ရေဒီယိုနားထောင်ပြီး သတင်းများရေးသားကူးယူကာ ထောက်လှမ်းရေးဌါနသို့ ပေးပို့နေရသည်မှာ ယခုထိတိုင်အောင် လုပ်နေရပါသည်ဟု မကြာသေးခင်က ပုဂ္ဂိုလ်တဦးပြောပြပါသည်။

ယင်းစာအုပ်များကို ရေးသားကြခြင်းအား မီဒီယာသမားတွေက ၀ါဒဖြန့်ချီနေသည်ဟု ဆိုထားပြန်သည်။ စင်စစ်တင်သန်းဦးသည် ငါ့စကားနွားရလုပ်လိုက်ခြင်းဖြစ်သည်။ ရုပ်ရှင်ဒါရိုက်တာကောင်းတဦးအနေနှင့် ရိုက်ပြနေခြင်းမဟုတ်ဘဲ စစ်အစိုးရအတွက် မီဒီယာလက်နက်ကို တိကျစွာအသုံးချခြင်းဖြစ်သည်။ရဲများအတွက် ပြသနာတခုမှာ ပြည်သူ့ရဲကို ကျီးကန်းဟု နာမည်ပေးလိုက်သေးသည်။ ကျီးကန်းဆိုသည်မှာ သူခိုးမျက်စိဖြင့် လူကို စောင်းကြည့်နေတတ်သည်ကို သူခိုးကျင့်သူခိုးကြံရှိသည်ဟု ခိုင်းနိုင်းပြောဆိုလိုက်သည်။ ထို့ကြောင့် ဒါရိုက်တာတင်သန်းဦးက ရဲများကို ကျီးကန်းဟု နာမည်ဘွဲ့တလုံးပေးလိုက်သည်မှာ ရဲတဖွဲ့လုံးကို စော်ကားလိုက်သလိုဖြစ်ပြန်သည်။

ပြီးတော့ ခိုင်သင်းကြည်ပြောသလို အများနည်းတူလိုက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲပေးလို့ မဲအနိုင်ရရှိခြင်းမဟုတ်။ ယင်းတုံးက မဲပေးသော ခိုင်သင်းကြည်သည် ဘာကြောင့် မဲပေးသည်ကို ကနေ့ပြည်သူတွေအား ၀န်ခံ ထုတ်ဖေါ်ပြောဆိုရန်လိုသည်။ သမိုင်းကိုလိမ်မှန်းသိရဲ့ သားနှင့် ပြည်သူချစ်သော အနုပညာသည်များက ဤသို့ပြောဆိုကြလျင် ထမင်းရှင်မျက်နှာကို မထောက်သော လူတန်းစားမျိုးဖြစ်သည်။ ခွေးတိရစ္တာန်များတောင်မှ သခင်ကိုသိကြသည်။ ထို့ကြောင့် ခွေးထက်အသိညာဏ်ရှိသော ခိုင်သင်းကြည်သည် ၁၉၉၀ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲပေးရခြင်းအကြောင်းအား ပြတ်သားစွာ ရှင်းလင်းပေးရန်လိုသည်။ ဒါရိုက်တာ တင်သန်းဦးမှာ မဲပေး၍ အာဏာမရရှိခဲ့မူအကြောင်းကို သို့မဟုတ် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို အကောင်အထည် မဖေါ်ပေး၍ ခုအချိန်ထိ ပြသနာဖြစ်နေသည်ကို ရေငုံနုတ်ပိတ်ထားလိုက်သည်။ သမိုင်းအမှန်ပြနေပါလျှက် ဘာတခုမျ ဇတ်ဝင်ခန်းအတွင်း ထည့်မပြောခဲ့။

ဗိုလ်ချုပ်နေ၀င်းက အာဏာသိမ်းသောအခါ သမတစပ်ရွှေသိုက်အိမ်တွင် သေနတ်ဖြင့် ပစ်သတ်၍ ဖမ်းဆီးမှူကြောင့် သမတ၏သားမှာ ပွဲချင်းပြီး သေဆုံးခဲ့ရသည်။ အာဏာသိမ်းပြီး ၅ လအကြာ ဇူလိုင်ရ ရက်နေ့တွင် ကျောင်းသားများကို ရက်ရက်စက်စက် တက္ကသိုလ်ကျောင်းဝင်းအတွင်း သတ်ဖြတ်သည်။ ညဉ့်သန်ခေါင်တွင် ကျောင်းသားသမဂ္ဂအဆောက်အဦကို ကျောင်းသားများ ပုန်းအောင်းနေသည့်အထင်ဖြင့် ဒိုင်းနမိုက်နှင့် ဖြိုခွဲပစ်ဖေါက်လိုက်သည်။ ဒါရိုက်တာတင်သန်းဦးသည် ဘာကြောင့်များ သမိုင်းဖြစ်ရပ်အမှန် ဆိုပြီး ယင်းအကြောင်းများကို ခန့်စည်သူအား သရုပ်ဆောင်ရန် မပြောကြားခဲ့ပါသနည်း။ သမိုင်းဆိုသည်မှာ လိမ်၍ညာ၍မရ။ ၄င်းပြသနာတို့မှာ မကြာသေးသောအချိန်များကသာဖြစ်သည်။

၁၉၆၂ ခုနှစ် မတ် ၂ ရက်အာဏာသိမ်းပြီးနောက် ၅ နှစ်အကြာ ရခိုင်ပြည်နယ် စစ်တွေမြို့ တွင် ဆန်ပြသနာအရေးအခင်းဖြစ်ခဲ့သည်။ ယင်းနေ့တွင် ဆန်ကိုရောင်းချပေးပါဆိုသော ကျွန်တော်တို့ ရခိုင်လူမျိုးများအား ရာကျော်ပစ်သတ်ခဲ့သည်။ သြဂုတ် ၁၃ ရက်နေ့သည် ကျွန်တော်ပြုလုပ်သော ဆန်ပြသနာ ဖြေရှင်းပါ- ရခိုင့်အရေးတော်ပုံအောင်ရမည် ဆိုသော - ပိုစတာဆိုင်းဘုတ်ဖြင့် စတင်ချီတက်ဆန္ဒပြခဲ့သောနေ့ဖြစ်သည်။ ယင်းနေ့တွင် လူပေါင်းများစွာ သေဆုံးခဲ့ကြသည်။ ဤအကြောင်းကို သမိုင်းဖြစ်ရပ်မှန်ဇတ်လမ်းဆိုပြီး ဒါရိုက်တာလုပ်ပြီး ပြနေသော တင်သန်းဦးသည် ဘာကြောင့်များ ထိမ်ချန်ပြီး ထားခဲ့ပါသနည်း။

၈၈ အရေးအခင်းသည် ဦးနေ၀င်း၏ စစ်တပ်ဆိုတာ လူကိုတည့်တည့်မှန်အောင် ပစ်တယ်။ မိုးပေါ်ထောင်မပစ်ဘူး ဆိုပြီး အပြစ်မဲ့ပြည်သူများအား ရက်ရက်စက်စက် သေနတ်ဖြင့်ပစ်ခတ် သတ်ဖြတ်ခိုင်းခဲ့သောကြောင့် သွေးစွန်းခဲ့ရသော နေ့ရက်များဖြစ်သည်။ ယင်းကာလက စစ်တပ်သည် ပြည်သူပေါင်းများစွာကို ထောင်နှင့် ချီ၍ ပစ်သတ်ခဲ့သည်။ ပြည်သူတို့မှာ အိမ်နီးချင်းနိုင်ငံများသို့ ထွက်ပြေးရသည်။

တိုင်းတပါးများသို့ဒုက္ခသည်များအဖြစ် ရောက်ရှိနေသော မြန်မာနိုင်ငံသား ဒုက္ခသည်များကို အာရုဏ်ဦးမှာ ဖူးသည့်ကြာ ဆိုပြီး ရိုက်ခြင်းထက် ညနေစောင်းမှာ နွံနစ်သည့်ကြာ ဆိုပြီး ရိုက်လျင် မိန်းခလေးများ၏ ဘ၀သည် မြန်မာနိုင်ငံ၏ သမိုင်းဖြစ်ရပ်မှန်များကို ပီပြင်စွာ သရုပ်ဆောင်ပြသကြမည်ဖြစ်သည်။

၈၈ မှသည် ယခုအချိန်ထိ ပြည်ပနိုင်ငံခြားတွင် မြန်မာနိုင်ငံသားတို့မှာ ဒုက္ခသည်ဖြစ်နေကြရသည်မှာ သန်းနှင့်ချီ၍ ရှိနေပါပြီ။ ယင်းဒုက္ခသည်တို့မှာ စစ်အစိုးရ၏ လူ့အခွင့်အရေးချိုးဖေါက်မူကြောင့် ထွက်ပြေးလာခဲ့ကြခြင်းဖြစ်သည်။ နိုင်ငံရေးသမားတွေကြောင့် တော့ မဟုတ်တန်ရာ။ အဘယ့်ကြောင့် သမိုင်းဖြစ်ရပ်မှန်ကို ဒါရိုက်တာတင်သန်းဦးမှာ မျက်မှောက်ကာလ၌ ပြည်သူတွေ ခံစားနေကြသည်ကို မရိုက်ပြရဲပါသနည်း။၁၈ နှစ်ပြည်လျင် မဲပေး၍ရပြီဟု ပြောနေသည်မှာ ယင်းဇတ်ကား၏ အနှစ်သာရထင်သည်။ ပါဝင်သူတိုင်း ပြောနေကြသည်။ မည်သူ့ကို မဲပေးချင်သည်ကို သားသမီးများအား မိဘများက ပြောဆိုခန်းမပါ။ မြန်မာနိုင်ငံရေးသမိုင်းအကြောင်းကို ရှင်းလင်းပြနေသော ခန့်စည်သူနှင့် ခိုင်သင်းကြည်မှာ ကြ့ဖွံ့ကိုလည်း မဲပေးရန် မပြော။ တစညကိုလည်း မဲပေးရန်မပြော။ မည်သည့်နေ့မှာ ရွေးကောက်ပွဲပြုလုပ်ရန်လည်း မပြောမဆို။ သည်တော့ ၀ါဒဖြန့်ချီရာ၌ပင် ကွက်လပ်တွေက ဟာနေသည်။ စစ်အစိုးရကြိုက်အောင် အသက် ၁၈ နှစ်ပြည့်ပြီ ဆိုလျှင် ပင် လုံလောက်နေပြီဟု ထင်သည်။ သို့သော် ဤနေရာ၌ ဒါရိုက်တာတင်သန်းဦး အမှားကြီး မှားသွားပြီဖြစ်သည်။ ဗီဒီယိုရုပ်ရှင်ကြည့် ပရိတ်သတ်တို့သည် မဲပေးရန် ၁၈ နှစ်ပြည့်ပြီ ဆိုသောစကားကို ကြည့်နေချိန်အတွင်းမှာပင် ရယ်ကြသည်။

အကြောင်းမှာ ၁၈ နှစ်ပြည့်ပြီဆိုသော သူတို့မှာ ဘယ်တော့မဲပေးရမှာလဲ ဆိုသောမေးခွန်းကို မပြောကြ၍ဖြစ်သည်။ မဲပေးမည်ဟုပြောသောသူတို့မှာလည်း ဘယ်သူ့ကို မဲပေးချင်သည်ဟု ထုတ်မပြော။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရွေးကောက်ပွဲကို မ၀င်။ မှတ်ပုံမတင်။ သပိတ်မှောက်ထားသည်။ ထို့ကြောင့် အခြားပါတီများကို မဲပေးချင်သည်ဟု ပြောဆိုဆွေးနွေးခြင်းမျိုးမတွေ့ရ။ ဒါရိုက်တာတင်သန်းဦးသည် ဒေါ်အောင်ဆန်းစုကြည်နာမည်အား ယင်းကား၌ နိုဗယ်ငြိမ်းချမ်းရေးဆုရှင်ဟု ခန့်စည်သူအား သရုပ်ဆောင်ခိုင်းရာ၌ ထည့်သွင်းပြောဆိုခိုင်းရမည်ဖြစ်သည်။ သို့သော် မခိုင်းခဲ့။ သမိုင်းကို ဗြောင်လိမ်ပြီး စစ်အစိုးရအကြိုက် လိုက်ရသော ဤဒါရိုက်တာတင်သန်းဦးမှာ သန်းရွှေထက်ပင် ကြောက်စရာကောင်းသော မီဒီယာလူသတ်သမားဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ အပြစ်မဲ့ပြည်သူကို သူအာဏာရရှိရေးအတွက် လူဦးရေအလိုက်သတ်သည်။ ယခုဒါရိုက်တာ တင်သန်းဦးမှာ ငယ်ရွယ်နုပျိုသော မြန်မာနိုင်ငံသားလူမျိုးတမျိုးလုံးအား သမိုင်းအမှားကို နောင်မျိုးဆက်ပေါင်းများစွာ အမှတ်မှား အသိမှားဖြစ်အောင် ဥဏှောက်ဖျက်ဆီးသမားဖြစ်သည်။

ယခုအချိန်သည် ဗကပ၏ နေ၀င်ချိန်မဟုတ်။ နအဖစစ်အစိုးရ၏ နေ၀င်ချိန်ဖြစ်သည်။ ဗကပမှာ ဖြုတ်ထုတ်သတ်လမ်းစဉ်ရှိခဲ့သည်ကို ငြင်းဆိုသံမကြားဖူး။ တကယ်ဖြစ်ပျက်ခဲ့သော သူတို့ပါတီ၏ အကြောင်းကို မည်သည့်အတွက်ကြောင့် ယင်းကား၌ ပြသနေရသနည်းမသိ။ တခုတော့ရှိသည်။ လွပ်လွပ်ရေးမှာ အတုအယောင်ဘဲ ဆိုသောစကားသည် ယင်းကား၌ အကောင်းဆုံးပြောင်မြောက်သော စကားဖြစ်သည်။ မည်သို့ပင်ဆိုစေ အာဏာရှင် ဦးနေ၀င်းအကြောင်းကိုလည်း မကောင်းမပြော။ လက်ရှိလူသတ်သမားဗိုလ်ချုပ်မှူးကြီးသန်းရွှေအကြောင်းကိုလည်း ဆိုးဆိုးကောင်းကောင်း မပြောသည်မှာတော့ သမိုင်းဖြစ်ရပ်မှန်မဟုတ်။

ဗိုလ်ချုပ်မှူးကြီးစောမောင်တို့ ဗိုလ်ချုပ်ခင်ညွန့် အကျယ်ချုပ်နှင့် အဖမ်းဆီးခံနေရပုံတွေကို ရိုက်ပြမှ သင့်တော်မည်ဖြစ်သည်။ သို့သော် ယခုပြသောကားမှာ လူငယ်မောင်မယ်များနှင့် ပြည်သူတို့အား မြန်မာနိုင်ငံရေးသမိုင်းဖြစ်ရပ်မှန်ကို ပြသသောဇတ်ကားမဟုတ်ချေ။ တနည်းအားဖြင့် ဖျော်ဖြေရေးပြသော ကားမဟုတ်ပြန်သောကြောင့် မီဒီယာဝါဒဖြန့်ချီရေးကားသာဖြစ်သည်။ ဆိုရလျင် ၂၀၁၀ ရွေးကောက်ပွဲကို စစ်အစိုးရက လုပ်ချင်နေသည်။ လူတွေကို မဲပေးစေချင်သည်။ ကြံ့ဖွံ့ကို မဲပေးရန်အထူးလိုလားနေသည်။ ကြ့ဖွံ့နျင့် တစညတို့သည် စစ်အစိုးရ၏ ပါတီဖြစ်သည်။ မသိနားမလည်သောသူများက ကြံ့ဖွံ့ကိုမပေးချင်ပြီး တစညကို မဲပေးလျင်လည်း စစ်အစိုးရကို မဲပေးခြင်းဖြစ်သည်။ သူတို့မှာ တွက်ချက်ထားကြပြီးဖြစ်သည်။
ယခုလက်ရှိဝန်ကြီးချုပ်သိန်းစိန်သည် နယူးယောက်မြို့ မှာ ဖိနပ်စာမိသွားသူဖြစ်သည်။

ကုလသမဂ္ဂညီလာခံကို တက်ရောက်ရန်လာကြစဉ် သိန်းစိန်ကော ညာဏ်ဝင်းပါ ဖိနပ်ဖြင့် ပစ်ပေါက်ခံသွားရ၍ အမေရိကန်ရဲများက တင်းကြပ်စွာခေါ်သွားရပြီး ကားဖြင့်နောက်ဖေးဘက်က လှည့်ပါတ်ထွက်ပြေးခဲ့ရသူဖြစ်သည်။ ယင်းဖိနပ်သိန်းစိန်မှာ ကြံ့ဖွဲ့ပါတီမှ ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ရာ တွေးကြည့်က သိနိုင်သည်။ စင်စစ်မှာ ရွေးကောက်ပွဲကို ပြုလုပ်ချင်နေသောသူတို့မှာ ဗကပသည် အဖျက်သမားများဟု ပြောလိုသည်လားမပြောတတ်။ မျက်မှောက်ကာလမှာမူ ဗကပနှင့် နအဖစစ်စစ်အစိုးရတို့ ပြသနာမဟုတ်ချေ။ ဗကပကလည်း ၂၀၁၀ ရွေးကောက်ပွဲကို ၀င်မပြိုင်။ အသိအမှတ်လည်းမပြု။

ဦနုအစိုးရခေတ်နှင့် တပါတည်းဖြစ်ခဲ့သော ပြည်တွင်းစစ်ပြသနာများကို ပြနေသည်မှာ ဘာကြောင့်များမှန်းတော့မသိ။ သို့သော် သူတို့ပြောနေသောစကားတခွန်းမှာ နိုင်ငံရေးသမားတွေက နိုင်ငံရေးလုပ်စား၍ နိုင်ငံပျက်စီးသွားရခြင်းဟု ပြသနေခြင်းမှာ တမျိုးဖြစ်နေသည်။ တော်လှန်ရေးကောင်စီအစိုးရက ၁၉၆၂ ခုနှစ်မှာ အာဏာသိမ်းတက်လာသည်ကို တခွန်းသာပြောပြီး အပြစ်မဲ့ပြည်သူများအား သတ်ခဲ့ရခြင်းကို ဘာမျ မပြောချေ။ ငြိမ်းချမ်းရေးအတွက် ၁၉၆၃ ခုနှစ်မှာ လာခဲ့ကြသည်ကိုလည်း ပြသထားသည်ကိုက တပ်မတော်အစိုးရက ငြိမ်းချမ်းရေးကိုပင် လိုချင်၍ တော်တော်ကြီး လုပ်ခဲ့ရသလိုပင်ဖြစ်သည်။ ၈၈ ခုနှစ်အရေးအခင်းကာလကို ပြသသည့်အခါမှာလည်း ခေါင်းဖြတ်သောသတင်းကိုပြလိုက်သေးသည်။ စစ်တပ်မှ လူသတ်သည့်အကြောင်းအရာများ တစက်မျ မပါ။ နိုင်ငံရေးအဖွဲ့အစည်းအဖြစ် ဒေါ်အောင်ဆန်းစုကြည်တို့ ဆွေးနွေးပုံများမပါ။

တချိန်တည်းမှာ ဦးနုက စင်ပြိုင်အစိုးရအဖွဲ့အစည်းအကြောင်းကို မပြသ။ အထုသဖြင့် ရွေးကောက်ပွဲပြုလုပ်သောအခါ အရွေးမမှားဖို့ ၊ဥဏှောက်နှင့် အသိတရားနှင့် ယှဉ်ပြီးစဉ်းစားပြီး မဲထည့်ပေးဖို့ ခန့်စည်သူကြေ့ပာသွားသည်။ သည်တော့ အရွေးမှန်အောင် ဘယ်သူ့ကိုများ မဲပေးရမှာလဲဆိုသောစကားကို ဒါရိုက်တာတင်သန်းဦးက ဘာကြောင့်များ မပြောဝံ့သနည်း ။ နောက်ဆုံးမှာ ၀ါဒဖြန့်ကားသက်သက်ဖြစ်ကြောင်း နအဖစစ်ဗိုလ်ချုပ်လူသတ်သမားတွေ၏ ပုံတွေကိုဘဲ ပြနေသည်။ လူတွေစီးပွါးရေးကျဆင်းလို့ ချွတ်ချုံကျနေသည်ကို တခွန်းမျှမပြောဘဲ တံထားတွေ ဆောက်။ တိုက်တွေ ဆောက်ခြင်းများ အဖက်လုပ်ပြီး ပြောနေသည်မှာ ရီစရာဖြစ်နေပါသည်။

ပြည်တွင်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပြသနာဖြစ်နေသည်။ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်မဖေါ်ပေး၍ နအဖစစ်အစိုးရမှာ ဖင်ပူနေရသည်။ ရာဇပလ္လင်မြဲအောင် မနဲကြိုးစားနေရပါသည်။ တနေ့ကံဆိုးသောနေ့တွင်မူ အ၀ီစီချောက်ထဲထိုးကျလျင်တောင်မူ ချက်ချင်းပေးလွှတ်ကြမည် မဟုတ်။ လည်ပင်းကြိုးကွင်းစွပ်ပြီး မသေမချင်းရုံးတင်တရားစွဲဆိုကြအုံးမည်ဖြစ်ပါသည်။ ယင်းမှာသမိုင်းဖြစ်ရပ်မှန်ဖြစ်သည်။ ဤသည်မှာ မျိုးဆက်သစ်လူငယ်များ သိသင့်သိထိုက်သော သမိုင်းအစစ်အမှန်ဖြစ်သည်။ ဒုတိယပြသနာမှာ ကျောင်းသားများဖြစ်သည်။ ၈၈ အရေးအခင်းတွင် ကျောင်းသားများစွာ ထောင်ထဲရောက်ကုန်သည်။တက္ကသိုလ်ကျောင်းသားများ တောထဲတောင်ထဲမှာ သေဆုံးကုန်ကြရသည်။ ပြည်ပမှာကျောင်းသားတို့ လက်နက်ကိုင် တော်လှန်ရေးလုပ်နေကြသည်။ တတိယပြသနာမှာ ၂၀၀၇ ခုနှစ် ရွေဝါရောင်အရေးအခင်းမှ ရဟန်းသင်္ဃာများဖြစ်သည်။

နအဖစစ်အစိုးရသည် ၂၀၁၀ ရွေးကောက်ပွဲကို မဲပေးကြရန် အထူးကြိုးစားနေသည်ကိုတွေ့ရသည်။ သေချာပြီဆိုလျင် မဲပေးရမည့်နေ့ကို ကောက်ကာငင်ကာ ကြေညာမည့်သူများဖြစ်သည်။ စစ်အစိုးရကို ဖါး၍ရွေးကောက်ပွဲကိုဝင်မည့် ပါတီများမှာ အရိုးများသည်။ ချေးများသည်ဆိုပြီး စကားပြောနေပါသည်။ နိုင်ငံခြားတိုင်းပြည်များသို့ပင်ထွက်ပြီး ရွေးကောက်ပွဲဝင်ရေးကို အားရပါးရြေ့ပာဆိုကြပါသေးသည်။ ခုတော့မူ ယင်းငဖါးပါတီများသည် ညီးညူသည်တောင်မှ အဖျားဆွတ်ပြီး ညီးညူနေပြသေးသည်။ သူတို့အားပြည်သူတို့သည် တစက်ကလေးမျှ ယုံကြည်ရန်အကြောင်းမရှိချေ။ သနားစရာလည်း မလိုပေ။

ပြည်တွင်းကပုဂ္ဂိုလ်များအနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲကို တိတိကျကျ ဖျက်ဆီးရပ်တန့်ရေးမှာ ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်ဖေါ်ရေးအတွက် အားပေးရေးဖြစ်သည်။ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ဆိုသည်မှာ အစိုးရဖွဲ့စည်းရေးဖြစ်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ယခုအချိန်တွင် တရားဝင်ရပ်တည်နေရသော နိုင်ငံရေးပါတီမဟုတ်ချေ။ သို့သော် လူထုကြားမှာအမြဲရှိနေပါသည်။ တချိန်တည်းမှာပင် နိုင်ငံတကာအစိုးရများမှလည်း ၂၀၁၀ ရွေးကောက်ပွဲမပြုလုပ်ခင် မည်သို့ပြုလုပ်ချင်သနည်းဆိုသော မေးခွန်းမျိုးကို မေးမြန်းနေပါသည်။ ပြည်တွင်း၏နိုင်ငံရေးအခြေအနေအရ ပစက္ခကာလမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တခုတည်းသော ပြောနိုင်သောစကားမှာ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်ဖေါ်ရေးနှင့် တွေ့ဆုံဆွေးနွေးရေးသာဖြစ်ပါသည်။

ဤနေရာ၌ ပြည်တွင်းမှကော ပြည်ပမှပါ မျိုးဆက်သစ်လူငယ်များသည်၎င်း။ နိုင်ငံရေးပါတီများမှ နိုင်ငံရေးသမားများသည်၎င်း ရွေးကောက်ပွဲရလဒ် ဆိုသည်မှာ ဘာလဲ ဆိုသည်ကို ရှင်းရှင်းလင်းလင်းသိထားရန်လိုပါသည်။ ယင်းမှာ အစိုးရဖွဲ့စည်းရေးဖြစ်ပါသည်။ နအဖစစ်အစိုးရသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အရပ်သားအစိုးရအဖြစ် ဘယ်တော့မှ အသိအမှတ်ပြုပြီး လုပ်ပေးစရာမရှိ။ သည်တော့ ကိုယ့်ဘာသာကိုယ်ဘဲ လုပ်စရာရှိပါသည်။ ပြည်တွင်းမှာလူထုအစိုးရဖွဲ့လျင် အန္တရယ်ရှိနိုင်ပါသည်။ သို့သော် ရင်ဆိုင်ရပါလိမ့်မည်။ ထို့ကြောင့် လူထုအစိုးရဖွဲ့စည်းသောအခါ ပိုးစိုးပက်စက်မဖြစ်ရအောင် ပြင်ဆင်မူများပြုလုပ်ရန်လိုပါသည်။

ထို့ကြောင့် ပြည်တွင်းမှပုဂ္ဂိုလ်များ။မျိုးဆက်သစ်လူငယ်များသည် ပြည်ပရှိနိုင်ငံရေးသမားများအား လူထုအစိုးရဖွဲ့စည်းရေးအတွက် ဖြစ်မြောက်ရေးကော်မီတီတခုကို ဖွဲ့စည်းကြရန်တိုက်တွန်းနိုးဆော်ရန်လိုနေပြီ။ ယခုအချိန်တွင် ပြည်ပမှအဖွဲ့အစည်းတချို့ မှာ ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ကြောင်း နိုင်ငံတကာများသို့ ထွက်ခွါကြေညာပြောဆိုနေကြပါပြီ။ ကျွန်တော်တို့၏ နိုင်ငံရေးရေစီးကြောင်းသည် နှစ်လမ်းသွားဖြစ်နေကြောင်းကို ကျွန်တော့်မှာ မကြာမကြာ ပြောဆိုရေးသားနေဖြစ်ပါသည်။ အကြောင်းမှာ ကျွန်တော်တို့က သပိတ်မှောက်ပါသည်ဟု ပြောဆိုသည့်တိုင် ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာအစိုးရများသည် ၂၀၁၀ ရွေးကောက်ပွဲကို လူတိုင်းပါဝင်ခွင့်ရရှိရေးဆိုကာ တိုက်တွန်းပြောဆိုနေပါသည်။ ယင်းမှာလုံးဝမှားယွင်းသော ပြသနာဖြစ်ပါသည်။ ကျွန်တော်တို့နှင့် တယောက်တလမ်းဖြစ်နေပါသည်။

ကျွန်တော်တို့မှာယခုအချိန်တွင် ယင်းထက်ပို၍ တဆင့်တက်ကာ ပြုလုပ်ရတော့မည်ဖြစ်ပါသည်။ လူထုအစိုးရဖွဲ့စည်းရေးအတွက် ဖြစ်မြောက်ရေးကော်မီတီဖွဲ့စည်းနိုင်လျင် သက်ဆိုင်ရာနိုင်ငံများနှင့် နိုင်ငံရေးဆွေးနွေးပွဲပြုလုပ်ရုံဘဲ ရှိပါသည်။ ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်ဖေါ်ရန်ဖြစ်သောကြောင့် လူထုအစိုးရဖွဲ့လျင် နိုင်ငံတကာမှ အသိအမှတ်ပြုရန်လိုပါသည်။ ပြည်တွင်းတွင် လူထုအစိုးရဖွဲ့လျင် အသိအမှတ်ပြုသည်ဟုဆိုပါက နိုင်ငံတကာငြိမ်းချမ်းရေးတပ်ကို ခေါ်၍ရပါပြီ။ အစိုးရအဖွဲ့တွင် ပါဝင်သောပုဂ္ဂိုလ်တို့မှာ ပိုးစိုးပက်စက်မဖြစ်။ ချက်ချင်းပြည်သူတရပ်လုံး၏ အသက်စည်းစိမ်ချမ်းသာတို့ကို ကူညီစောင့်ရှောက်ရန် အရပ်သားလူထုအစိုးရက ဖိတ်ကြားလိုက်လျင် အခြေအနေတို့သည် ကိုယ့်ဘက်မှာ ရှိလာပါလိမ့်မည်။

အမေရိကန်။ကနေဒါ။ဂျပန် ၊ဥရောပ နိုင်ငံများမှာ နေထိုင်ကြသော ဒီမိုကရေစီအင်အားစုများမှာ မိမိတို့သက်ဆိုင်ရာနိုင်ငံများမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ။အတိုက်အခံများနှင့် တွေ့ဆုံဆွေးနွေးရန် အခုအချိန်မှာ အထူးအရေးကြီးနေပြီဖြစ်ပါသည်။ ယင်းသို့တွေ့ဆုံနိုင်ရန်အတွက် ဖြစ်မြောက်ရေးကော်မီတီကို အမြန်ဆုံးဖွဲ့စည်းပြီး လူထုအစိုးရဖွဲ့က အသိအမှတ်ပြုပါမည့်အကြောင်း ဆွေးနွေးမှသာ ၂၀၁၀ ရွေးကောက်ပွဲမှာ ဖျက်ဆီးခံရပြီးဖြစ်သွားပါလိမ့်မည်။
ဤသည်မှာ ကျွန်တော်တို့၏ နိုင်ငံရေးတိုက်ကွက်နောက်ဆုံးဖြစ်ပါသည်။

ခိုင်အောင်ကျော် ( နယူးယောက် )

မူရင်းစာအတိုင်း ပြန်လည်ဖော်ပြပေးလိုက်ခြင်းဖြစ်ပါသည်။

Thursday, July 8, 2010

“မဲသွားမပေးရေးလှုံ့စော်တာထက် ရွေးကောက်ပွဲကိုပျက်အောင်ကိုဖျက်ရမှာပါ”

မောင်ချင့်ချိန်
 
၂၀၁၀ ရဲ့နှစ်ဝက်ကျော်လာပြီ ၊ စစ်အုပ်စုက ရွေးကောက်ပွဲလုပ်မဲ့ရက် တရားဝင်(တိတိကျကျ) မကြေငြာသေး ၊ အတိုက်အခံအင်အားစု (ပြည်တွင်းပြည်ပ) အားလုံးကလဲ စစ်အစိုးရကို ထိထိ ရောက်ရောက်တိုက်ပွဲဝင်ဘို့ထက် ရွေးကောက်ပွဲဆန့်ကျင်ရေးဆိုတာလောက်ပဲ ပြောနေရုံသာ။
 
အချိန်က ကုန်မြန်လှပါတယ် ၊ ရှစ်လေးလုံးအရေးတော်ပုံကြီးနဲ့ စစ်တပ်ကအာဏာသိမ်းခဲ့တဲ့ကာလတောင် တဖြည်းဖြည်းနဲ့ ၂၂ နှစ်ရှိခဲ့ပါပြီ ၊ ဒီလိုပဲ လျော့တိ လျော့ရဲတောင်းဆိုနေရုံ ၊ ကြေငြာချက်ထုတ်ရုံ ၊ မီဒီယာပေါ်ကနေလှုံ့စော်နေရုံ ၊ နိုင်ငံတကာအကူအညီအားကိုးမျှော်လင့်နေရုံမျှနှင့်တော့ ၂၀၁၀ ကာလသည်ပင် လျှင် စစ်အုပ်စုစိတ်ကြိုက် ချယ်လှယ်သွားတဲ့အခြေအနေနဲ့ပဲ ပြီးဆုံးသွားတော့မှာပါ ။
 
NLD အပါအ၀င် အတိုက်အခံတွေရဲ့နိုင်ငံရေးရည်မှန်းချက်က ၂၀၁၀ရွေးကောက်ပွဲကို အသိအမှတ်မပြုရေး ၊ လူထု မဲရုံမဲသွားမပေးရေးဆိုတာလောက်မှာ ရပ်နေ တာတွေ့ရပါတယ် ၊ တကယ်တမ်းလုပ်ကြရမှာက ရွေးကောက်ပွဲကိုပျက်အောင်ကိုဖျက်ရေးပါ ။ ပြည်သူတွေ မဲရုံ မဲသွားမပေးကြပါနဲ့ဆိုတာက ပြည်သူတွေ ရင်ဆိုင်နေရတဲ့လက်တွေ့ဘ၀နဲ့ ကင်းကွာနေပါတယ်၊ တိုက်ပွဲမှမရှိရင်တော့ ပြည်သူတွေက လတ်တလောဘေးကင်းဘို့အဓိကဆိုပြီး မဲရုံသွားမဲပေး ကြမှာပါပဲ ၊ ၂၀၀၈ VOTE NO မှာကြုံခဲ့ကြပြီးပါပြီ ၊ စစ်အုပ်စုက ဖွဲ့စည်းပုံအခြေခံဥပဒေ ဆန္ဒခံပွဲဆိုတာကို ချည်ပြီးတုပ်ပြီးအပိုင်လုပ်ခဲ့သလို ပြည်သူတွေ အားမတန်မာန်လျှော့ နေခဲ့ကြရတာ  အားလုံးက ပြန်သတိရဘို့  ၊ ဆန်းစစ်နေဘို့လိုပါတယ် ။
 
ခုလဲစစ်အုပ်စုက ဘက်စုံအပိုင်ပြင်ပြီးမှ ရွေးကောက်ပွဲလို့ သူတို့တပ်ထားတဲ့ခေါင်းစဉ်ကိုပြပြီး ဦးတပ်ခေါ်လို့သာအရပ်သားဖြစ်ရတဲ့စစ်ဗိုလ်ချုပ်တွေနဲ့ ကြံ့ဖွတ် အစိုးရဖြစ်ရေးလုပ်မှာပါ ။ ဖဲသုံးချပ်ကစားသလို သူတို့ပဲဒိုင် သူတို့ပဲထိုးသား ၊ ကြားက၀င်ကစားတဲ့သူအရှုံးနည်းနဲ့ ပြင်ထားတာမှာ တနေရာလေးများ ရမလားလို့ ပွဲလန့်တုန်းဖျာခင်းချင်တဲ့ ရွေးကောက်ပွဲဝင်ပါမယ်ဆိုတဲ့ပါတီိတွေ ခုတောင် ပွဲမစသေးဘူး,အရှုံးနဲ့တွေ့နေရပြီဖြစ်ပါတယ် ၊ ဒီတော့ ရွေးကောက်ပွဲဆိုတာသာ ကျင်းပဖြစ်ခဲ့ရင် ဘယ်သူမဲလာပေးပေး,မပေးပေး ကြံ့ဖွတ်အနိုင်ရကြောင်းကြေငြာမှာပဲဖြစ်တာကြောင့် မဲရုံမဲသွားပေးရေးမပေးရေးနည်းထက် ရွေးကောက်ပွဲ မလုပ်ဖြစ်ရေး (ပျက်ရေး) နည်းတွေကိုပဲ စဉ်းစားကြရမှာပါ ။၂၀၀၈ တုန်းကထဲက ဆန္ဒခံယူပွဲဆိုတာကို ကန့်ကွက်မဲပေးရေးဆိုတာထက် အသိမှတ်မပြုတိုက်ဖျက် ရေးဆိုတာ ကြိုးစားသင့်ခဲ့တာပါ ။
 
သေချာပြန်စဉ်းစားကြည့်ရင် စစ်အုပ်စုလုပ်ချင်တာလုပ်ပြီးမှ နောက်ကလိုက်ကန့်ကွက်သလိုဖြစ်ခဲ့တာကြောင့်အရှုံးနဲ့ရင်ဆိုင်ရတာများနေတာပါ ၊ ဒီရွေးကောက်ပွဲ ကို ပျက်အောင်မဖျက်နိုင်ရင် ကြံ့ဖွတ်လွှတ်တော်ဖျက်သိမ်းရေး ၊ ကြံ့ဖွတ်အစိုးရတိုက်ဖျက်ရေး စတဲ့ခေါင်းစဉ်တွေနဲ့ နောက်ထပ်တိုက်ပွဲတွေ နှစ်ချီကြာအောင် တိုက်ကြရတော့မှာဖြစ်ပြီး ပြည်သူတွေလဲဆင်းရဲတွင်းနွံထဲက တက်တော့မှာကိုမဟုတ်ပါဘူး ။
 
ပြည်သူတရပ်လုံးနဲ့အတိုက်အခံအားလုံးမှာတာဝန်ရှိသလို လတ်တလောအားဖြင့် NLD မှာ အဓိကတာဝန်ရှိတယ်လို့ထင်ပါတယ် ၊ NLD ဟာ ၁၉၉၀ ရွေးကောက် ပွဲမှာ ပြည်သူတွေဆန္ဒပြုထားတဲ့ပါတီဖြစ်သလို အတိုက်အခံတွေရဲ့တပ်ဦးပါတီလဲဖြစ်ပါတယ် ၊ စစ်အုပ်စုလုပ်မဲ့ ခုရွေးကောက်ပွဲရဲ့အဓိကရည်ရွယ်ချက်က ၁၉၉၀ရွေးကောက်ပွဲကို အဆုံးသတ်ပြည်ဖုံးကားချလိုက်ရေးဖြစ်ပါတယ် ၊ ဒါကြောင့် ၁၉၉၀ရွေးကောက်ပွဲကိုကာကွယ်ရေးအတွက်ပဲဖြစ်ဖြစ် ၊ လူထု ဦးဆောင်ပါတီ ဖြစ်နေတာကြောင့်ပဲဖြစ်ဖြစ် စစ်အုပ်စုရဲ့ပြုလုပ်မဲ့ရွေးကောက်ပွဲဆိုတာကို ပျက် အောင်ဖျက်ဘို့ NLD က ပိုပြီိး တာဝန်ရှိနေတာဖြစ်ပါတယ် ။
 
အတိုက်အခံတွေရဲ့တပ်ဦးနဲ့ လူထုဦးစီးဦးဆောင်ဖြစ်တဲ့ NLDပါတီက “ ၁၉၉၀ ရွေးကောက်ပွဲကို ကိုယ့်ဘာသာကျောခိုင်းတော့မှာလား” နိုင်ငံရေး ရေစီး ကြောင်းမှာ မျှောလိုက်နေမှာလား ၊ မျောပါနေတာလား ၊  ပြတ်ပြတ်သားသားမေးကြရပါတော့မယ် ၊ NLD လျှောက်နေတဲ့လမ်းကြောင်းက စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကိုတားဆီးနိုင်ဘို့မပြောနဲ့ ရွှေဂုံတိုင်ကြေငြာချက်ကိုဆုတ်ကိုင်မယ်ဆိုတာကိုတောင် စစ်အုပ်စုက သင်္ကြန်အမြှောက်စကားလုံးအဖြစ်သာ သဘော ထားတော့တဲ့ အခြေအနေမျိုးဖြစ်စေနေပြီဖြစ်ပါတယ် ၊ စစ်အုပ်စုရဲ့ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ဆန့်ကျင်ပြီး ၊ ၁၉၉၀ရွေးကောက်ပွဲရဲ့ ကိုယ်စားပြုအစိုးရ အဖွဲ့တရပ်ပေါ်ထွန်းရေးလုပ်ရမဲ့အစား သာရေးနာရေးသတင်းမေးနဲ့ လူမှုရေးယောင်ယောင်တွေသာလျှောက်လုပ်နေတာဟာဖြင့် NLD လမ်းပျောက်နေတာလား ၊ လမ်းမှန်ပေါ်မလျှောက်ရဲတော့တာလား ၊ သို့လောသို့လော စဉ်းစားရလောက်အောင်ပါပဲ ။
 
NLD ကိုတိုက်ခိုက်လိုစိတ် ၊ အပြစ်တင်လိုစိတ်နဲ့ဝေဖန်နေတာမဟုတ်ပါ ၊ အားမလိုအားမရဖြစ် စိတ်ကြောင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးပြောဆိုခြင်းသာ ဖြစ်ပါတယ်၊NLD က ရှေ့ကနေ ၁၉၉၀ ရွေးကောက်ပွဲအတွက်ဆွေးနွေးမှုမရှိပဲ ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားတွေ လွှတ်မပေးပဲ၊ တိုင်းရင်းသား အဖွဲ့အစည်းတွေအပါအ၀င် ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးမှုမရှိပဲ၊ တဘက်သတ်လုပ်မဲ့ရွေးကောက်ပွဲကိုဆန့်ကျင်ကြောင်း ၊ ပြည်သူကြားမှာပေါ်ပေါ်တင်တင် စည်းရုံးဟောပြောပြီး လူထုအုံကြွမှုနဲ့ရွေးကောက်ပွဲကိုဖျက်ရမဲ့အစား မဲသွားမပေးကြနဲ့ဆိုတဲ့နည်းလမ်းတစ်မျိုးထဲမှာတင်ရပ်နေတော့ ရွှေဂုံတိုင်ကြေငြာချက်ကို ဘယ်လိုဆုတ်ကိုင်မှာလဲလို့ မချိတင်ကဲဖြစ်နေမိတာပါ ။
 
ရန်သူ့တောက်ထောက်ကြည့်မျက်လုံးတွေအောက်မှာ ခက်ခက်ခဲခဲရပ်တည်နေရတာ မှန်ပါတယ်ဆိုပေမဲ့ ဒါကိုဆင်ခြေတခုအဖြစ် ပုံသေအသုံးပြုနေဘို့တော့ မဟုတ်ပါဘူး ၊ ပြည်သူတွေ အတွက် နိုင်ငံရေးလုပ်တော့မယ်ဆိုကထဲက သေစရာရှိသေ၊အဖမ်းခံစရာရှိရဲရဲခံမယ်ဆိုတာမျိုး ဆုံးဖြတ်ကြပြီးသားလို့ ထင်ပါတယ် ၊ ခုအချိန်က တစ်ရက်ထဲတချိန်ထဲ တစ်နိုင်ငံလုံးက NLD ပါတီဝင်တွေ  ရွေးကောက်ပွဲဆန့်ကျင်ရေး ပြည်သူကိုဦးဆောင်ဆန္ဒပြမလား ၊ ၁၉၉၀ ရွေး ကောက်ပွဲ ကိုယ်စားပြုအစိုးရတစ်ရပ်ဖွဲ့မလား၊ တခုခု ထိထိရောက်ရောက်လုပ်ပြီး စစ်အုပ်စုတုန့် ပြန်လာမဲ့အခြေနေတိုင်းကို ရဲရဲတင်းတင်း ရင်ဆိုင် ကြဘို့ အချိန်ရောက်နေပါပြီ ။
 
ပြည်တွင်းမှာပဲ လျှို့လျှို့ဝှက်ဝှက်ရှိနေတဲ့ ကျောင်းသားအဖွဲ့အစည်းတွေ ၊ နိုင်ငံရေးအဖွဲ့အစည်း တွေ ၊ နယ်စပ်ဒေသတွေနဲ့ပြည်ပရောက်အတိုက်အခံ အဖွဲ့ အစည်းတွေအားလုံးက NLD ကို နောက်ဆုံးအကြိမ်ဝန်းရံပြီး နည်းလမ်းစုံတိုက်ပွဲတွေ တပြိုင်နက်ဖေါ်ဆောင်ပေးရမှာပါ ၊ ခေါင်းဆောင်လို့ ကိုယ့်ကိုယ်ကိုယ် ခံယူသူတွေ ရှေရှည်မဟုတ်တောင် တစ်ပွဲတိုးညီညွတ်ရေးမျိုးရအောင်တည်ဆောက်ပြီး ဒီစစ်အုပ်စုရွေးကောက်ပွဲ မပျက်ပျက်အောင်ကို နည်းလမ်းစုံသုံး လုပ်ကြရမှာပါ ၊ ဒီလိုမှ မလုပ်နိုင်မလုပ်ကြဘူးဆိုရင်တော့ ၊ စစ်အုပ်စုရဲ့ရွေးကောက်ပွဲကို မဖျက်နိုင်ကြတော့ဘူးဆိုရင်တော့ ပေါ်လာမဲ့ စစ်အုပ်စုရဲ့ဟန်ပြအစိုးရ သစ်ဘာလုပ်မလဲပဲစောင့်၊ အဲဒီအခါကျမှ ခေါင်းစဉ်တခုတပ် ၊ ဆန့်ကျင်ကြ/ဆန့်ကျင်သည် ဆိုပြီးကြေငြာချက်တွေသာ ထုတ်ရင်း စစ်ကျွန်ဘ၀မှာနေသားတကျဖြစ် သွားတော့မှာပါ ။
 
တော်လှန်ရေးသစ္စာခိုင်မာမှုဖြင့်
မောင်ချင့်ချိန်