ခုချိန်မှာ လူတိုင်းဟာ ကိုယ့်ကိုယ်ကို ဦးဆောင်ကြရမှာပဲ...ဒီရွေးကောက်ပွဲဟာ မိမိတို့ကို စစ်ကျွန်ဇာတ် ဆက်သွင်းမယ့် ကန့်လန့်ကာအဖွင့်တခုဆိုတာကို ယုံကြည်ရင် မဲရုံကို မသွားကြဖို့ဘဲ။ ဒီလိုမှမဟုတ်ဘဲ အကြောက်လွန်ပြီး မဲရုံကိုသွားပြီဆိုတာနဲ့ ခင်များတို့ဟာ ကျုပ်တို့ စစ်ကျွန်အဖြစ်ဆက်လက်ခံယူပါမယ်လို့ ကတိပေးလိုက်တာနဲ့ အတူတူပဲ။ တနိုင်ငံလုံးကို အကျဉ်းချထားနိုင်တဲ့ ထောင်မရှိဆိုတာကို လူတိုင်း သဘောပေါက်ထားဖို့ လိုတယ်။

Sunday, July 18, 2010

ကြိုး

အခန်း ၁။
“သားကြီးရေ……. အောင်အောင်
အောင်အောင်ရေ ………….”

တကျော်ကျော်ခေါ်နေတဲ့ မေမေရဲ့ အသံကိုလစ်လျှူရှု့ပြီး ထုံးစံအတိုင်း ကျွန်တော် ကစားမြဲကစားနေခဲ့တာပါ။ ခဏနေတော့မေမေအသံပျောက်သွားပါသည်။ ကျွန်တော်သိတယ် မေမေ သူ့သမီးကို စိတ်မချလို့ပြန်လာကြည့်တာ။ အလုပ်ကနေ ပြန်လာပြီး သူ့သမီးကို ထမင်းလာကျွေးတာ။

ကျွန်တော်တို့မိသားစုမှာ မေမေရယ်၊ ၇-နှစ်အရွယ်ကျွန်တော်ရယ်၊ ၃-နှစ်အရွယ်ညီမလေးရယ် ၃-ဦးရှိပါတယ်။ ဖေဖေက ညီမလေးငယ်ငယ်က ငါးဖမ်းသွားရင်းပြန်မလာတော့တာ ဒီနေ့ထိပါပဲ။ သေပြီလို့တော့ ပြောကြတာပဲ။ ဒါပေမယ့် ကျွန်တော်မယုံပါဘူး။ တနေ့ ဖေဖေပြန်လာမှာပါ။ ကျွန်တော်နဲ့အတူ ဖေဖေဆော့အုံးမှာပါ။ ကျွန်တော်နှင့် အတူ ဗီဒီယိုရုံသွားပြီး ကျွန်တော် ကြိုက်တဲ သီဟတင်စိုးကားတွေ အတူကြည့်အုံးမှာပါ။ ကျွန်တော်ခေါင်းက ဆံပင်တွေဖွပြီး သားကြီးစာကျြိးသားနော်။ ပညာတတ်ကြီးဖြစ်ရင် ဖေဖေတို့လို ပင်ပင်ပန်းပန်းမလုပ်စားရဘူး၊ လိမ်လိမ်မာမာနေနော်။ လိမ်မာမှ ဖေဖေကချစ်တာ ဟုပြောတဲ့ စကားတွေကို ကျွန်တော်အားလုံး နားမလည်ပေမယ့် ဖေဖေဆီက အချစ်တွေရဖို့ ဖေဖေစကားအားလုံး ကျွန်တော်နားထောင်ပါမည်။ ပြန်လာခဲ့ပါဖေဖေရယ် မေမေက သားကိုမချစ်ဘူး။ သူ့သမီးပဲချစ်တာ။

**************************
ကျွန်တော် ညီမလေးကိုမုန်းပါသည်။ သူ့ကြောင့် ကျွန်တော်အမြဲအရိုက်ခံထိပါသည်။ မေမေရဲ့ အဆူခံရပါသည်။ ဖေဖေ မရှိတဲ့ နောက်မှာ မေမေ ငါးရွေးတဲ့ အလုပ်ကိုလုပ်ပါသည်။ မနက်အလုပ်မသွားခင် ကျွန်တော်တို့မောင်နှမအတွက် ထမင်းချက်ခဲ့ပြီး ညီမလေးကို နေ့လည်စာကျွေးဖို့ အမြဲမှာပါသည်။ ကျွန်တော်အမြဲပျက်ကွက်ပါသည်။ အဲဒီအတွက် ကျွန်တော်အရိုက်ခံထိပါသည်။ သူ့မှာလဲ လက်ပါတာပဲ သူ့ဘာသာသူခူးစားမှာပေါ့ ဟု ကျွန်တော်ဆင်ခြေပေးတတ်ပါသည်။ ဟုတ်တယ်လေ ကျွန်တော်လဲ ကိုယ့်ဘာသာကိုယ်ခူးစားတာပဲဟာ။ တခါတရံတော့ မေမေက မရိုက်ပဲ ကျွန်တော်နားမလည်သော စကားတွေပြောပြောပြီး ငိုပါသည်။
သားကြီးရယ် သားကအကြီး။ ညီမလေးကို သားမှဂရုမစိုက်ရင်ဘယ်သူက ဂရုစိုက်မှာလဲ။ သား ညီမလေးအရွယ်တုန်းက မေမေရော၊ ဖေဖေရော ဂရုစိုက်ကြတယ်လေ။ ညီမလေးကြတော့ သားနဲ့ မေမေက ဂရုစိုက်ရမှာလေ။ သူကိုယ်တိုင်မှ မလုပ်တတ်သေးတာ။ အခု မေမေကအလုပ်သွားတော့ ညီမလေးကို ဂရုစိုက်မဲ့ သူက သားပဲရှိတာလေ။ သားကြီးက လိမ္မာပါတယ်ဟု ပြောလျှင် ညီမလေးကို သနားနေတတ်ပါသည်။ ဖေဖေကော မေမေလို ညီမလေးကိုချစ်မှာပဲလား။ ဟင့်အင်း မချစ်ရဘူး။ ဖေဖေ သားကိုပဲချစ်ပါ။
**************************
ကျွန်တော် ညီမလေးကို အလွန်မုန်းပါသည်။ မေမေ့ကိုလဲ မုန်းပါသည်။ ဒီနေ့ မေမေကျွန်တော်ကို စိတ်ဆိုးဆိုးနှင့်ရိုက်ပါသည်။ အောင်အောင် နင်အတော်အသုံးမကျတဲ့အကောင်။ အကြီးဖြစ်ပြီး ဘာတခုမှ အားမကိုးရဘူး။ အိမ်လဲစိတ်မချရ၊ အငယ်မလဲ ဂရုမစိုက်။ ငါ့မှာ နင်တို့စားဖို့ ရှာရတာတဘက်၊ နင်အသုံးမကျလို့ ပြောရတာ တဘက်။ ငါသေတာသေချင်လိုက်တာ။ နင့်အဖေအစား ငါပဲသေချင်တယ် ငအောင်ရဲ့ ဟုပြောရင်း၊ ငိုရင်းရိုက်ပါသည်။
ဒီနေ့ မေမေပြန်လာတော့ ညီမလေးနဖူးတွင် ဖူးရောင်နေတာ တွေ့တော့ ထုံးစံအတိုင်း အားလုံးကျွန်တော်ကို အပြစ်ဖို့ပါသည်။ ညီမလေး ချော်လဲတာလား၊ တခုခုနဲ့ တိုက်မိတာလား ကျွန်တော်မသိပါ။ သူ့နဖူးမှာ ညိုမဲ ဖူးရောင်နေတာတွေ့ တော့ကျွန်တော် သနားသလိုလိုရှိတုန်း မေမေက ဒုတ်ဆွဲပြီး နင်ဂရုမစိုက်လို့၊ နင်အသုံးမကျလို့ ဟုပြောရင်း ငိုရင်းရိုက်ပါသည်။ ကျွန်တော် ခြေသလုံးမှာ အရှိုးရာတွေထင်သည်ဟု ထင်ပါသည်။ ကျွန်တော် နာပါသည်။ အသားသာမက နှလုံးသားထဲကထိနာပါသည်။ နေနှင့်အုံးပေါ့။ မနက်ဖြန် မေမေအလုပ်သွားမှ နင်သိမယ် ဟု စိတ်ထဲမှ ညီမလေးကို ကျိန်းဝါးနေမိပါသည်။
**************************

ညအိပ်ခါနီးတော့ မေမေ ကျွန်တော် ခြေသလုံးကို ပရုတ်ဆီလာလိမ်းပေးပါသည်။ သားကြီးရယ် လိမ္မာပါနော်။ ငါ့သားကြီးက လိမ္မာပါတယ်။ ညီမလေးက ခလေးပဲရှိသေးတာ။ မေမေတို့ သားအမိ ၃-ယောက်ထဲရှိတာ ချစ်ချစ်ခင်ခင်နဲ့ တယောက်ကိုတယောက် ဂရုတစိုက်နေရမှာပေါ့။ မေမေမရှိတဲ့ အချိန်မှာ သားကညီမလေးကို ပိုပြီးဂရုစိုက်ရမှာ။ အဲဒါဆို မေမေကို ချစ်ရာလဲရောက်တယ်။ ကူညီရာလဲရောက်တယ်သိလား။ နောက်သားဖေဖေကိုလဲ ချစ်ရာရောက်တယ်။ ကြည့်စမ်း ညီမလေးဘယ်လောက် သနားဖို့ ကောင်းသလဲ။ သူ့ခမျှာ နာပေမယ့် နာတယ်ပဲပြောတတ်တယ်။ ဘယ်လို အနာသက်သာအောင်လုပ်ရမလဲ မသိသေးဘူး။ သားက စောင့်ရှောက်မှပေါ့။ မေမေ စိတ်ချပါရစေ သားကြီးရယ်နော်။ မေမေမှာ ချစ်စရာတိုလို့ ဒီသားကြီးနဲ့ ဒီသမီးလေး နှစ်ယောက်ပဲရှိတာ။ ကဲအိပ်တော့ မေမေကိုချစ်ရင် ညီမလေးကိုလဲ ချစ်နော်။
**************************
သားကြီးထထ။ ထစမ်းမြန်မြန်။ သမီးမငိုနဲ့ သိပ်နော်။ မေမေအတင်းဆွဲထူနှိးလို့ နှိးလာတဲ့ ကျွန်တော်ကို လက်ဆွဲ၊ ညီမလေးကို ချီရင်း အိမ်ခေါင်းရင်းက သစ်ပင်ပေါ်တင်ပေးနေတဲ့ မေမေကိုတလှည့်၊ အော်ဟစ်နေကြတဲ့ အိမ်နီးနားချင်းတွေတလှည့်၊ တရိပ်ရိပ်တက်လာတဲ့ ရေပြင်ကြီးကို တလှည့်ကြီးရင်း ကျွန်တော်ကြောက်လန့်တကြား အော်ငိုနေမိပါတယ်။ သားကြီးမငိုနဲ့ နော် သားကငိုရင်ညီမလေးက ပိုဆိုးမှာပေါ့။ ညီမလေးကိုမြဲမြဲကိုင်ထားနော်။ မေမေ အိမ်ထဲပိုက်ဆံသွားယူလိုက်အုံးမယ်။ မေမေသွားနဲ့ သွားနဲ့ မီးမီးကြောက်တယ်လို့ အော်ငိုနေတဲ့ညီမလေး ကို ကျွန်တော် ပထမဦးဆုံးချော့လိုက်ပါတယ်။ ညီမလေး ငိုနဲ့နော် ကိုကိုရှိတယ်။ သစ်ပင်ကိုဖက်ထား။
**************************
အခန်း ၂။

ကျွန်တော်နှိးလို့ မျက်လုံးဖွင့်ကြည့်လိုက်တော့ ကျွန်တော်ဘေးမှာမေမေနဲ့ ညီမလေး ရှိမနေပါ။ ကျွန်တော်လဲ အိမ်မှာ မဟုတ်ပဲ ချုံပုတ်တခုပေါ်ရောက်နေပါသည်။ ဘာဖြစ်တာလဲ ဘာတွေဖြစ်ကုန်တာလဲ၊ ကျွန်တော်နားမလည်ပါ။ မေမေရော ဘယ်မှာလဲ။ ညီမလေးရော ဘယ်မှာလဲ။ ကျွန်တော်ရွာရော ဘယ်မှာလဲ။ ကျွန်တော်သူငယ်ချင်းတွေရော ဘယ်မှာလဲ။ ကျွန်တော်ရေဆာလိုက်တာ။ ကျွန်တော် ချုံပုတ်ပေါ်ကဆင်းပြီး နွံတင်နေတဲ့မြေပေါ်မှာ လျှောက်သွားရင်း မေမေကိုရှာပါသည်။ ညီမလေးကိုရှာပါသည်။ သူငယ်ချင်းများနှင့် ရွာကလူတွေရှာပါသည်။ ရေဆာလွန်း၍ရေရှာပါသည်။

မေမေကိုမတွေ့ပါ။ ညီမလေးကို မတွေ့ပါ။ ကျွန်တော်ရှာနေသော အားလုံးကိုမတွေ့ပါ။ ရေကိုတော့ တွေ့ပါသည်။ ဒါပေမယ့် သောက်လို့မရအောင်ဖြစ်နေတာကို ကျွန်တော်နားမလည်ပါ။ မေမေရေ သားဒီမှာ သားဗိုက်ဆာလိုက်တာ။

**************************
“ဟယ် ဟိုမှာကလေး တယောက်ဟေ့။ ရပ်ရပ်။”

အသံကြားလို့ကြည့်လိုက်တော့ လှေတစင်းပေါ်မှ လူတချို့ ဆင်းလာပြီး ကျွန်တော်ကိုပွေ့ချီသွားပါသည်။ ကျွန်တော် ရေဆာတယ်လို့ပြောပြီး အိပ်ပျော်သွားသည်ဟုထင်ပါသည်။

**************************
ကျွန်တော်နှိးတဝက် မနှိးတဝက်ဖြစ်နေချိန်မှာ ဆူဆူညံညံတွေကြောင့် ကျွန်တော်ထထိုင်လိုက်မိပါသည်။ ကျွန်တော်ဘယ်ရောက်နေတာပါလိမ့်။ ကျွန်တော်အား မုန့်နှင့်ရေလာပေးသော ဦးလေးအား ကျွန်တော်မေမေနှင့် ညီမလေးရော ဟုမေးတဲ့အခါ ဒါအရင်စားလိုက်နော်သား။ သားမေမေနဲ့ ညီမလေးကို ဦးတို့ရှာပေးပါမယ် ဟုပြောသွားပါသည်။

ကျွန်တော် သူတို့ပြောစကားတွေကိုနားမလည်ပါ။ လူတွေအများကြီးသေတယ်တဲ့။ နာဂစ် ကြောင့်တဲ့။ အိမ်တွေ ရွာတွေမရှိတော့ဘူးတဲ့။ တော်တော်ဆိုးတဲ့ နာဂစ်။ ဒါဆို မေမေ၊ ညီမလေးနဲ့ ကျွန်တော့်ကို ခွဲတာလဲ ဒီနာဂစ်ပဲနေမှာ။ ကျွန်တော် နာဂစ်ဆိုသူကို အလွန်မုန်းပါသည်။

**************************
လှေတစင်းပေါ်မှ ဆင်းလာသောလူကြီးတဦးလက်ဆွဲလာသော မိန်းကလေးကိုမြင်တော့ ကျွန်တော် တဟုန်ုးထိုးပြေးသွားပြီး ဦးလေးဦးလေး ဒါသားညီမလေး၊ ဒါသားညီမလေး လို့တတွတ်တွတ်ပြောရင်း ညီမလေးလက်ကို မလွှတ်တမ်းဆွဲထားမိပါတယ်။

ညီမလေးက ကျွန်တော့်ကိုမမှတ်မိပါ။ ငူငူငိုင်ငိုင်နှင့် စကားလဲမပြောပါ။ လူကြီးတွေကျွေးသော မုန့်ကို ကျွန်တော်ညီမလေးအား အရင်ကျွေးပါသည်။ ဝပြီလား မေးလို့ခေါင်းငြိမ့်မှ ကျွန်တော်စားပါသည်။ ညီမလေးနှင့် အတူအိပ်ပါသည်။ နောက်တကြိမ် ညီမလေးနှင့် ခွဲရမှာ ကျွန်တော်ကြောက်ပါသည်။ ကိုကို့ကို ကိုကိုလို့ခေါ်ပါ ညီမလေးရယ်။ ကိုကိုအရင်လို ညီမလေးကိုအနှိင်မကျင့်တော့ပါဘူး။ ဦးဦးတို့ မေမေကိုရှာတွေ့ရင် ညီမလေးကို ကိုကိုအရမ်းချစ်တယ်လို့ပြောပြလိုက်မယ်နော်။ ဒါဆို မေမေအရမ်းဝမ်းသာမှာ။ မေမေကပြောတယ် ကိုကိုကအကြီး ညီမလေးကိုဂရုစိုက်ရမယ်တဲ့။
နောက် ၃-ရက်လောက်မှ ညီမလေးက ကိုကိုမေမေရောလို့ မေးပါသည်။ ကျွန်တော့်ရင်ထဲမှာ ဆို့တက်လာပြီး ညီမလေးကို ဖက်ထားပြီး ဦးဦးတို့ မေမေကိုရှာလာမှာပါ ညီမလေးရယ်။ မငိုနဲ့နော် ကိုကိုရှိတယ်။ တကယ်တော့ ကျွန်တော်ငိုနေတာလား ညီမလေးငိုနေတာလား ကျွန်တော်တကယ် မသိပါ။


**************************
“မလိုက်ဘူး။ သားမလိုက်ဘူး။ သားကို ညီမလေးနဲ့ မခွဲပါနဲ့။ သားညီမလေးနဲ့ အတူနေပါရစေ။”

မောင်အောင်အောင် ဒီဘုန်းဘုန်းနဲ့ ရန်ကုန်လိုက်သွားရမယ်။ လိုက်မယ်မဟုတ်လား ဟုမေးသော ဦးဦးတယောက်၏အမေးကို ကျွန်တော်ညီမလေးရောလား လို့မေးတော့ ဘုန်းကြီးကျောင်းမှာ ယောက်ကျားလေးပဲလက်ခံတာ။ သားညီမလေးကို ဦးတို့ အကောင်းဆုံး စီစဉ်ပေးမှာပါ။ လိုက်သွားလိုက်နော် သားတဲ့။ သားနဲ့ ညီမလေးကို မခွဲပါနဲ့ ဦးဦးနဲ့ ဘုန်းဘုန်းတို့ရယ်။ နာဂစ်က သားတို့မောင်နှမ နဲ့မေမေ ကိုခွဲသွားခဲ့ပြီ။ ဦးဦးတို့က သားနဲ့ညီမလေး ကိုထပ်မခွဲပါနဲ့နော်။

**************************

အခန်း ၃။

“ကျွန်တော်တို့ ကို ပညာသင်စရိတ်ထောက်ပံ့ပေးသော စကာင်္ပူရောက် မြန်မာမိသားစုအားလုံးကျန်းမာကြပါစေ။ ချမ်းးသာကြပါစေ။ ဦးဦး၊ ဒေါ်ဒေါ်တို့ကို သားတို့၊သမီးတို့မှ အထူးကျေးဇူးတင်ရှိပါကြောင်းပြောကြားလိုပါတယ်။ ဦးဦး၊ ဒေါ်ဒေါ်တို့ကျေးဇူးကိုဆပ်သည့်အနေနှင့် သားတို့၊သမီးတို့မှ စာကြိုးစားပါမည်ဟု ဂတိပေးပါသည်။”

မနေ့က ဆရာတော်မှ (အော်မေ့နေတာ အခုကျွန်တော်ကို ဆရာတော်က ကိုရင်ဝတ်ပေးထားတာပါ။) လှိုင်သာယာ၊ အောင်ဇေယျာမင်း ပရဟိတကျောင်းက ကိုရင်တို့ကို ပညာသင်ထောက်ပံ့ကြေးပေးနေတဲ့ စကာင်္ပူမှ အန်တီတယောက်လာမယ်လို့ ကြိုပြောထားပါသည်။ ကျေးဇူးတင်စကားပြောဖို့ ကိုရင်ကိုရွေးထားလို့ ကျေးဇူးတင်စကားကို လှိုက်လှုက်လှဲလှဲပြော ရ၍ အားလုံးကိုယ်စား အလွန်ဝမ်းသာပါသည်။

ထိုအန်တီမှ ပရဟိတကျောင်း မှ ကလေးအားလုံးကို တဦးချင်းဆီ ပျော်လား။ ကြီးလာရင်ဘာဖြစ်ချင်သလဲစ သဖြင့်မေးပါသည်။ ကိုရင်ကတော့ ကိုရင့်ဘေးမှာ ညီမလေးရှိသ၍ ပျော်ပါသည်။


ဝန်ခံချက် ။ ။ လှိုင်သာယာ၊ အောင်ဇေယျာမင်း ပရဟိတကျောင်းမှ ဖြစ်ရပ်မှန် မောင်နှမ အကြောင်းကို ခံစားရေးဖွဲ့ပါသည်။ ဒီဇတ်လမ်းလေးကို တဆင့်ပြောပြသော Kutho အဖွဲ့မှ ညီမငယ်တယောက်အားအထူးကျေးဇူး တင်ကြောင်းမှတ်တမ်းတင်ပါသည်။

Kမမ
(ကျနော် ဂျီတိုက် ဂျစ်ကန်လုပ်သမျှ သီးခံပြီး ဒီစာစုလေး ဖြစ်အောင် ရေးပေးခဲ့တဲ့ အမေတယောက်လို အမတယောက်လို ချစ်ခင်ရတဲ့ မမကြီးကို ကျေးဂျူးကမ္ဘာဆိုင်ပါ)

No comments:

Post a Comment