ခုချိန်မှာ လူတိုင်းဟာ ကိုယ့်ကိုယ်ကို ဦးဆောင်ကြရမှာပဲ...ဒီရွေးကောက်ပွဲဟာ မိမိတို့ကို စစ်ကျွန်ဇာတ် ဆက်သွင်းမယ့် ကန့်လန့်ကာအဖွင့်တခုဆိုတာကို ယုံကြည်ရင် မဲရုံကို မသွားကြဖို့ဘဲ။ ဒီလိုမှမဟုတ်ဘဲ အကြောက်လွန်ပြီး မဲရုံကိုသွားပြီဆိုတာနဲ့ ခင်များတို့ဟာ ကျုပ်တို့ စစ်ကျွန်အဖြစ်ဆက်လက်ခံယူပါမယ်လို့ ကတိပေးလိုက်တာနဲ့ အတူတူပဲ။ တနိုင်ငံလုံးကို အကျဉ်းချထားနိုင်တဲ့ ထောင်မရှိဆိုတာကို လူတိုင်း သဘောပေါက်ထားဖို့ လိုတယ်။

Tuesday, April 20, 2010

သောကကိုနင်းချေ အိပ်မက်တွေကို တည်ဆောက်


                                                 အရှင်ဇ၀န


ထောင်ဆိုတာကို လူရှင်တို့ မြှုပ်နှံရာသင်္ချိုင်းအဖြစ် ၀ိဂြိုဟ် ပြုကြပါတယ်။

ဒီသချိုင်းတွေထဲမှာပဲ စစ်အာဏာရှင်တွေက ဘယ်လိုပဲ တုံးအသွားအောင် ရက်စက်ခဲ့ ၊ ရက်စက်ခဲ့  နိုင်ငံရေးအကျဉ်းသားတွေဟာ ကိုယ့်ကိုယ်ကို ချွန်မြနေအောင် သွေးယူခဲ့ကြရပါတယ်။

လူအရှင်ကို မြှုပ်နှံရာ နာရသိန်ထဲမှာ စစ်အာဏာရှင်တို့ရဲ့ ဆိုးယုတ်မှုတွေကတော့ ကမ်းကုန်ပါပဲ။ ဒါ့ကြောင့်လည်း ဦးဝင်းတင်က သူ့ရဲ့ ဘာလဲဟဲ့ လူ့ငရဲဆိုတဲ့ ထောင်ဇာတ်လမ်းကြီးထဲမှာ လူမဆန်စွာ ၊ တိရိစ္ဆာန်ထက် ဆိုးယုတ်စွာလို့ သုံးနှုန်းခဲ့တာပါ။

တကယ်တော့ အာဏာရှင်တို့ရဲ့ အင်းစိန်နာရသိန်ထဲမှာ ရက်ပေါင်း ငါးထောင့်ရှစ်ရာကျော် နေထိုင်ခဲ့ရတဲ့ သူ့လိုလူတယောက်အတွက် ပြောပြစရာတွေ ရာထောင်သောင်းမက ရှိနေပါလိမ့်ဦးမယ်။

ဦးဝင်းတင်ပြောတဲ့ အမှောင်ခေတ်မှာ ထောင်ဆိုတာ သူရဲကောင်းတို့ရဲ့ ပြတိုက်ဆိုတာကို စာရေးသူ သဘောတူပါတယ်။ သဘောတူတယ်ဆိုလိုက်လို့ စစ်အာဏာရှင်ရဲ့ထောင်အတွင်းမှာ ကျင်လည်ခဲ့ဘူးတဲ့ စာရေးသူဟာ ကိုယ့်ကိုယ်ကို ဂုဏ်တင်တာတော့ မဟုတ်ပါဘူး။

 တကယ်တော့ စာရေးသူဟာ သတ္တိကြောင်သူတဦးပါ။ ဒါပေမယ့်လည်း ကိုယ့်ရှေ့က သူရဲကောင်းတွေ စစ်အာဏာရှင်စနစ်ကို အံတုပြသွားပုံတွေကြောင့် ကိုယ့်အလှည့်ရောက်တဲ့အခါမှာလည်း ကြောက်ကြောက်နဲ့ပဲ သူရဲကောင်းဖြစ်ခဲ့ရတာပါ။

*********             *************       ************

ထောင်ထဲမှာ ကြားရလေ့ရှိတဲ့စကားတခုက နံရံတိုင်းမှာ နားတွေရှိတယ်ဆိုတာပါ။ ဒီထက်မကတာက ထောင်နံရံတွေမှာ ဇာတ်လမ်းတွေပါ ရှိနေတာပါပဲ။ ဒီဇာတ်လမ်းတွေထဲကနေ စစ်အာဏာရှင်စနစ်ကိုတော်လှန်ခဲ့ကြသူတွေရဲ့ တက်ခေါက်သံ ၊ အံကြိတ်သံတွေပါ ဖိတ်ကျလာတတ်ပါတယ်။

စာရေးသူတို့ ငယ်ငယ်က ကြားဖူးကြတဲ့ ဘုရင်ကြီးဖွဲစား ဇာတ်လမ်းလိုပါပဲ။ တခါတုန်းက ဘုရင်ကြီးတပါး သူဖွဲခိုးစားတာကို လူတယောက်က မြင်သွားပါသတဲ့။ မြင်သွားတဲ့သူကို ဘုရင်ကြီးက ဘယ်သူ့မှ ပြန်မပြောဖို့ ခြိမ်းခြောက်တာပေါ့လေ။ တပါးသူအပေါ်သာ တရားစီရင်တတ်ပြီး သူတို့ကိုယ်တိုင်ကတော့ ဥပဒေအထက်ရောက်နေတဲ့ ဘုရင်တို့ ထုံးစံအတိုင်းပေါ့လေ။ မြင်တွေ့ထားရသူက ကြာတော့မအောင့်နိုင်တော့ဘဲ သစ်ခေါင်းထဲခေါင်းထည့်ပြီး ဘုရင်ကြီး ဖွဲခိုးစားတယ်လို့ အော်ပါလေသတဲ့။ ၀ိနည်းလွတ်လုပ်တာပေါ့လေ။ ဘုရင်ကြီးက တပါးသူကို ပြန်မပြောဖို့ပဲ မှာထားတာကိုး ၊ သစ်ခေါင်းထဲမအော်ရလို့မှ မမှာမိဘဲကိုး။

ဒီလိုနဲ့ ဘုရင်ကြီးအတွက် စည်တော်ထုလုပ်ဖို့ ဒီသစ်ခေါင်းကို ရွေးပြီး ထုလုပ်တဲ့အခါ စည်တော်သံမထွက်ဘဲ ဘုရင်ကြီး ဖွဲတွေစားတယ်ဆိုတဲ့ အသံကြီးပဲ မြည်ဟည်းနေပါလေရောတဲ့။  ဆိတ်ကွယ်ရာ မရှိတဲ့ အကြောင်းလေးပါ။

ဒီလိုပါပဲ ဒီနေ့ခေတ်ကြီးမှာ စစ်အာဏာရှင်တွေဟာ တိရိစ္ဆာန်ထက် ဆိုးစွာ ရက်စက်ယုတ်မာကြပါတယ်။ သူတို့ရဲ့ ယုတ်မာမှုတွေကိုလည်း နိုင်ငံတကာက မသိအောင် ဖုံးကွယ်ထားလိုကြတာပါ။

နိုင်ငံတကာက မသိသေးတဲ့ စစ်အာဏာရှင်တို့ရဲ့ ဆိုးညစ်မှုတွေ ၊ ရက်စက်ယုတ်မာမှုတွေကို မှတ်တမ်းတင်ထားတဲ့ ဇာတ်လမ်းများစွာကတော့ အင်းစိန်ထောင်နံရံတွေမှာ ဒုနဲ့ဒေးပါ။

နိုင်ငံရေးအကျဥ်းသားအဆက်ဆက် မှတ်တမ်းတင်ခဲ့တဲ့ နံရံပေါ်က ဇာတ်လမ်းတွေမှာ ကြည်နှူးစရာဆိုတာ နိတ္ထိပါ။

စာရေးသူ စစ်ကြောရေးစခန်းထဲ စရောက်စ။ စစ်အာဏာရှင် နောက်လိုက်ခွေးတွေရဲ့ အထုအထောင်းခံပြီးတော့ နေမထိ ၊ ထိုင်မသာဖြစ်နေလို့ ထလမ်းလျှောက်ပါတယ်။

အဲဒီမှာပဲ…ရေနံချေးဝနေတဲ့ အချုပ်ခန်း သစ်သားတန်းတွေပေါ်က နှီးဖြာစလေးတွေနဲ့ ရေးခြစ်ထားတဲ့ စာတန်းဇာတ်လမ်းတွေနဲ့ မိတ်ဖွဲ့ရတော့တာပါပဲ……………(နောက်တပါတ် ဆက်ရန်)

အရှင်ဇ၀န

No comments:

Post a Comment