အဟိ
ကိုညီညီအောင့်ကို ပြန်လွှတ်လိုက်ပြီတဲ့။ မွန်းလွဲပိုင်းမှာ ကျုပ်ရလိုက်တဲ့သတင်း။ ဒီသတင်းကြောင့် မင်သက်မိသွားရတယ်။ ဟုတ်ပါ့မလား….ထောင်ဒဏ် (၃) နှစ်တောင် တရားစီရင်ချက်ချထားပြီးတဲ့သူကို (၆) လကျော်မျှနဲ့ ပြန်လွှတ်ပေးပါ့မလား။ အတွေးပွားရတယ်။ သတင်းက မှန်သဗျ။
နအဖစစ်အစိုးရက ကိုညီညီအောင့်ကို ပြန်လွှတ်ပေးလိုက်သည့်အတွက်ကိုတော့ ကြိုဆိုပါတယ်။ ဒါပေမယ့် ၀မ်းမသာဘူးဗျာ။ ၀မ်းမသာတဲ့အပြင် နအဖကိုယ်စား ရှက်မိသေး။ ဒါ့အပြင် ဒီလုပ်ရပ်အတွက်လည်း နအဖစစ်အစိုးရကို ရှုတ်ချတယ်ဗျာ။ ဘာဖြစ်လို့လဲဟု မေးလာရင်လည်း ကျုပ်မှာ အဖြေအဆင်သင့်။ နအဖဟာ ဥပဒေကို သရေကွင်းလို လိုသလို ရှုံ့ချည် ချဲ့ချည်လုပ်နေတဲ့အပြင် နိုင်ငံရေးကစားကွက်ထဲကိုပါ ထည့်နေတဲ့အတွက် ကြောင့်ပါ။
ပြီးခဲ့တဲ့နှစ် စက်တင်ဘာလထဲမှာ ကိုညီညီအောင်ကို ရန်ကုန်လေဆိပ်မှာပဲ နအဖက ဖမ်းဆီးခဲ့တာကို အားလုံး ကြားမိ မှတ်မိကြမှာပါ။ အဲဒီနောက်မှာတော့ သတင်းစာရှင်းလင်းပွဲတွေလုပ်ပြီး ရန်ကုန်ဗုံးပေါက်ကွဲမှုတွေဟာ ကိုညီညီအောင်နှင့် ပတ်သက်တယ်လို့လည်ုး အတိအလင်းစွပ်စွဲခဲ့ကြတာပါ။ (၈၈) မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေကို ငွေကြေးထောက်ပံ့တယ်ဆိုပြီးတောု့လည်း ငွေပမာဏအတိအကျနဲ့တကွ
သတင်းစာတွေမှာ ဖော်ပြခဲ့သေးသဗျာ။
ကိုညီညီအောင်တယောက် နအဖစွပ်စွဲချက်များအောက်မှာ ပုဒ်မကြီးနဲ့တော့ တိုးရော့မဟဲ့လို့ တွေးမိတုန်းရှိသေး တရားရုံးတင်ပြီး ပုဒ်မတတ်တော့ နိုင်ငံသားစိစစ်ရေးကဒ်အတုကိုင်ဆောင်မှု ၊ မှတ်ပုံတင်အက်ဥပဒေ ၊ ဒေါ်လာကိုင်ဆောင်မှုတို့နဲ့ တရားစွဲသတဲ့ဗျာ။ ကိုင်း …နအဖတို့များ အပြောတခြား အလုပ်တခြား။ အပြောတခြား အလုပ်တခြား ဖြစ်ရပေမပေါ့ဗျာ။ တရားမစွဲတင်မီ အမေရိကန်သံရုံးက ၀င်ညှိလိုက်သကိုး။ နအဖလေသံပျော့သွားတာပ။
ဒါပေမယ့်လည်း နအဖစစ်အစိုးရဟာ အားလုံးတော့ ဘယ်လျော့ပေးလိမ့်ဦးမတုန်း။ စောစောက ပြောခဲ့တဲ့ပုဒ်မတွေနဲ့ ထောင်ဒဏ်(၃) နှစ်ဆိုပြီး အမေရိကန်နိုင်ငံသား ကိုညီညီအောင်ကို ထောင်ချပြလိုက်တော့ အမေရိကန်နိုင်ငံသား ရေးကူးချန်ပီယံကြီး ယက်ထောတုန်းက ပြန်လွတ်ပေးခဲ့တဲ့ နအဖ ဒီတခါတော့ အမေရိကန်ကို မကြောက်မရွံ့တွယ်ပဟဲ့လို့ ထင်မိသဗျာ။
ထင်လည်း ထင်မိစရာလေဗျာ။ နအဖစစ်အစိုးရဆိုတာက အမေရိကန်ကို အသေမုန်းတာကလား။ သူတို့သတင်းစာတွေမှာဆိုလည်း အမေရိကန်ကို သူများနိုင်ငံရေးဝင်စွက်တဲ့ငပွကြီးနိုင်ငံလို့ သူတို့အလိုမကျတိုင်း ထည့်ထည့်ရေးနေတတ်တာမို့လား။ ပြည်ပအတိုက်အခံတွေကိုဆိုလည်း အမေရိကန်သြဇာခံတွေလို့ လက်ညှိုးထိုးနေကြလေဗျာ။ ဒါ့အပြင် သူတို့မွေးထားတဲ့ ကြံဖွံ့လေးတွေကိုလည်း အမေရိကန်မုန်းတီးရေးဝါဒကို စနစ်တကျသင်ကြားပေးနေသူတွေလေ။
ဒီလိုအကျင့်စရိုက်ရှိတဲ့ နအဖဟာ အခုသူ့လက်ထဲရောက်နေပြီဖြစ်တဲ့ မြန်မာလူမျိုးအမေရိကန်နိုင်ငံသားကိုတော့ အညိုးနဲ့တွယ်ပဟဲ့လို့ ထင်မိတာ ဆန်းသလားဗျာ။ ဒါပေမယ့်လည်း ရွေးကောက်ပွဲဥပဒေလေးလည်းထုတ်အပြီး အမေရိကန်အပါအ၀င် နိုင်ငံတကာက မကျေနပ်သံတွေလည်း ထွက်လာရော။ အမေရိကန်သံရုံးနဲ့ ဘယ်လိုညှိလိုက်တယ်မသိ။ ကိုညီညီအောင့်ကိုလည်း ထောင်ဒဏ်(၃) နှစ်ဆိုတာကြီးကနေ ရုတ်သိမ်းလို့ အမေရိကား ပြန်ခွင့်ပြုလိုက်ပါရော့လား။
ရေကူးချန်ပီယံကြီး ယက်ထောတုန်းကလည်း နေအိမ်ကို ရေကူးဝင်တဲ့သူကို ပြည်တော်ပြန်ခွင့်ပေးခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုသာ နေအိမ်အကျယ်ချုပ်ထပ်ချခဲ့တာကလား။ အခုတော့ ဒီအမှုနဲ့ ဒေါ်စုကို ကြိုးချည်ထားပြီး သူတို့အလိုကျ ရွေးကောက်ပွဲကို ကျင်းပတော့မယ်ပေါ့လေ။
အခုလည်း မြန်မာလူမျိုးအမေရိကန်နိုင်ငံသားကိုညီညီအောင်ကို ပုဒ်မတွေတပ် ထောင်ချပြီးကာမှ အမေရိကားပြန်ခွင့် ပြုလိုက်ပြန်ပြီကော။ ဘယ်မလဲ နအဖရဲ့ ဥပဒေအထက်ဘယ်သူမှမရှိစေရဆိုတဲ့ ဆောင်ပုဒ်ကြီး။ ဗိုလ်နေ၀င်းမိသားစုတွေ ၊ ဗိုလ်ခင်ညွှန့်အုပ်စုတွေကို ထောင်ထဲဆွဲသွင်းစဉ်က သတင်းစာတွေထဲမှာ စာလုံးမည်းကြီးတွေနဲ့ ဖော်ပြခဲ့တဲ့ ဥပဒေအထက် ဘယ်သူမှမရှိစေရဆိုတဲ့ နအဖမူကြီး။ ဘယ်ရောက်သွားပြီလဲ။ သူများနိုင်ငံရေးဝင်စွက်ဖက်တတ်ဆိုတဲ့ ငပွကြီးကို နအဖက အဖေခေါ်ပါတယ်ဆိုတာ ပြလိုက်တာလား။ ဒါမှမဟုတ် ဥပဒေကို နိုင်ငံရေးကစားကွက်ထဲထည့် အသုံးချခဲ့တာလား။
ဒါဆိုရင် နအဖရဲ့ဥပဒေဆိုတာကြီးတွေက ယုံကြည်ဖွယ်ရှိပါရဲ့လား။ နအဖရဲ့ မူဆိုတာတွေကရော လူထုအတွက်လား နအဖအစိုးရကွက်ကွက်ကလေးအတွက်လား။ နအဖလက်ပါးစေတွေဖြစ်တဲ့ အရာရှိ အရာခံ အကြပ် စစ်သည်မှသည် ကြံ့ဖွံ့အသင်းဝင်ကြီးများ စဉ်းစားပေးကြပါဦး။ မဟုတ်ရင်တော့ ခင်များတို့မရှိခိုက် ခင်များတို့အိမ်ပေါ် အမေရိကန်ကြီးတယောက်ယောက်တက်လာပြီး ခင်များမိန်းမအိပ်နေတဲ့ ခြင်ထောင်ကိုလာလှန်နေတာမြင်လည်း ငြိမ်နေကြဖို့ မမေ့ကြနဲ့ပေါ့နှော။
အဟိ
No comments:
Post a Comment