ခုချိန်မှာ လူတိုင်းဟာ ကိုယ့်ကိုယ်ကို ဦးဆောင်ကြရမှာပဲ...ဒီရွေးကောက်ပွဲဟာ မိမိတို့ကို စစ်ကျွန်ဇာတ် ဆက်သွင်းမယ့် ကန့်လန့်ကာအဖွင့်တခုဆိုတာကို ယုံကြည်ရင် မဲရုံကို မသွားကြဖို့ဘဲ။ ဒီလိုမှမဟုတ်ဘဲ အကြောက်လွန်ပြီး မဲရုံကိုသွားပြီဆိုတာနဲ့ ခင်များတို့ဟာ ကျုပ်တို့ စစ်ကျွန်အဖြစ်ဆက်လက်ခံယူပါမယ်လို့ ကတိပေးလိုက်တာနဲ့ အတူတူပဲ။ တနိုင်ငံလုံးကို အကျဉ်းချထားနိုင်တဲ့ ထောင်မရှိဆိုတာကို လူတိုင်း သဘောပေါက်ထားဖို့ လိုတယ်။

Friday, March 26, 2010

၂၀၁၀အလွန်

                                            လွတ်လပ်အောင်

၂၀၁၀ရွေးကောက်ပွဲ ။ လာတော့မည်။ ဘယ်နေ့ဘယ်ရက်မှာ ကျင်းပမည်လို့တော့ နအဖစစ်အစိုးရက အတိအကျ မထုတ်ပြန်သေး။ သို့သော် ရွေးကောက်ပွဲ ဥပဒေများကို ထုတ်ပြန်ခဲ့ပြီး ရွေးကောက်ပွဲကျင်းပရေးကော်မရှင်ကိုလည်း ဖွဲ့စည်းခဲ့ပြီးပြီ။

ကြားကာလအတွင်း လူထုတော်လှန်ရေးကြီး ပေါ်ပေါက်ပြီး ရွေးကောက်ပွဲပျက်လျှင်ပျက် မပျက်လျှင်တော့ နအဖ၏ ရွေးကောက်ပွဲ တင်းကုပ်သို့ အားလုံးဝင်ကြရတော့မည်။

လူထုတော်လှန်ရေးပေါ်ပေါက်ဖို့ဆိုသည်မှာလည်း မိမိရဲ့ပြောရေးဆိုခွင့် ၊ လုပ်ကိုင်နိုင်ခွင့်တွေကို နှစ်ပေါင်းများစွာ ကန့်သတ်ခံခဲ့ရပြီး အစဉ်တစိုက် စစ်အာဏာရှင်တို့ လုပ်သမျှ ခေါင်းငုံနေခဲ့ရသော မြန်မာလူထုအတွင်းက ဒုလ္လဘတရားတရပ်။

ဖြစ်တောင့်ဖြစ်ခဲသော ဒုလ္လဘတရားကို ဘေးချ၍ ပစ္စက္ခတရားကို ဆွဲယူကြည့်ချင်သည်။ ပစ္စက္ခတရားအရဆိုပါက နအဖအနေဖြင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ လူထုဆန္ဒခံယူပွဲကျင်းပစဉ်ကလိုပင် ပြည်ပနိုင်ငံများ ၊ အတိုက်ခံများက မည်မျှကန့်ကွက်နေစေကာမူ ၂၀၁၀ ရွေးကောက်ပွဲကို ကျင်းပသွားနိုင်ပါလိမ့်မည်။


၂၀၁၀ ရွေးကောက်ပွဲကျင်းပပြီးပါက အရပ်သားအသွင်ပြောင်း စစ်အစိုးရကပဲ နိုင်ငံ့အာဏာကို ဆက်လက်ချုပ်ကိုင်သွားနိုင်ပြီ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီကိုလည်း အလဲထိုးနိုင်ပြီ။ နိုင်ငံတကာအသိုင်း အ၀ိုင်းကြားတွင်လည်း ဒီမိုကရေစီစနစ်ဖြင့် ဖွဲ့စည်းထားသည့် အစိုးရတရပ်ပါဟု ပြောဆိုကာ ပွဲတိုးနိုင်ပြီ။ နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှုတွေလည်း လှိမ့်ဝင်လာပြီဟူ၍ နအဖစစ်အစိုးရ အပိုင်တွက်ထားဟန်တူသည်။

သို့သော် နိုင်ငံတကာရင်းနှီးမြုပ်နှံမှုတွေ မည်မျှပင် ၀င်လာစေကာမူ ၂၀၁၀ အလွန် အရပ်သားအသွင်ပြောင်းအစိုးရသစ်သည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ကောင်းစွာတည်ဆောက်နိုင်မည် မဟုတ်။

နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်ဆိုသည်မှာ အုပ်ချုပ်သူများဖက်မှ လိုက်နာရမည့် ကျင့်ဝတ်များစွာဖြည့်ဆည်းရန် လိုသလို အုပ်ချုပ်ခံပြည်သူများဖက်မှ လိုက်နာရမည့် ကျင့်ဝတ်များကိုလည်း လိုက်နာကြရန် လိုပါသည်။

ထိုအခါ ၂၀၁၀အလွန် အရပ်သားအသွင်ပြောင်းအစိုးရသစ်တွင် ပါဝင်လာမည့် တပ်မတော်အရာရှိများ၏ စိတ်နေစိတ်ထားများကို ဆန်းစစ်ရန်လိုအပ်လာသည်။ စိတ်နေစိတ်ထားတည်ကြည်ဖြောင့်မတ်ကာ အများအကျိုးဆောင်လိုမှသာလျှင် အုပ်ချုပ်သူတို့ လိုက်နာရမည့် ကျင့်ဝတ်များကို ဖြည့်ဆည်းနိုင်မည် မဟုတ်လား။

ထိုကိစ္စများကို သီအိုရီအရဆွေးနွေးလျှင် အများကြီးကျယ်ပြန့်ဖွယ်ရှိသည်။ ကြုံတွေ့ခဲ့ဖူးသော ဖြစ်ရပ်မှန် နှစ်ခုကိုသာ ချပြချင်သည်။

“သူငယ်ချင်း လောကကြီးမှာ ငွေရှိရင် ရှိ။ မရှိရင် အာဏာရှိမှကွ။ အခု ငါ DSA သင်တန်းတက်လိုက်တာလည်း အာဏာရှိဖို့။ အာဏာရှိရင် ငွေဆိုတာက အလိုလိုရှိလာမှာ။ အခုခေတ်က တပ်မတော်ခေတ်လေကွာ”

စစ်တက္ကသိုလ်ဆင်းလာစ သူငယ်ချင်းရဲ့ပြောစကား။ ၁၉၉၀ ပြည့်နှစ်အလွန် စစ်တက္ကသိုလ်ကျောင်းဆင်းတိုင်းတွင် ထိုဥာဉ်မျိုးရှိသည်။ နိုင်ငံ့အတွက် လွတ်လပ်ရေးယူပေးဖို့ ၊ ရောင်စုံသူပုန်တွေကို တိုင်းပြည်အတွက် အသက်ပေး နှိမ်နှင်းဖို့ဆိုတာ သူတို့ခေတ် ၊ သူတို့အလုပ်မဟုတ်တော့။

စစ်အာဏာရှင်ကိုကျောထောက်နောက်ခံပြုပေးထားပြီး မိမိရာထူးကြီးရလာချိန်တွင် ရှေ့ပုဂ္ဂိုလ်ကြီးများနည်းတူ တိုင်းပြည်သံယဇာတပစ္စည်းများကို မိမိခါးပိုက်ထဲ ထည့်ရေးကိုသာ သူတို့စဉ်းစားသည်။

ကှ်ျသို့သော စစ်အရာရှိများလက်ထက်တွင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု မည်မျှဝင်နေပါစေ။ ၄င်းတို့ အိတ်ထဲနှင့်၎င်းတို့နှင့် ရင်းနှီးပတ်သက်ရာ စီးပွားရေးလုပ်ငန်းရှင်များ၏ အိတ်ထဲသာ နိုင်ငံတကာရင်းနှီးမြုပ်နှံမှုတွေ ၀င်သွားပါလိမ့်မည်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်လာဖို့ ဆိုသည်ကား ဝေးစွ။

“ထွီ….ထွေးတယ်ကွာ။ ထွေးတယ်။ သူတို့ကလည်း ငါတို့ဆီက လဘ်ငွေတောင်းတယ်။ ၀န်ထမ်းစည်းကမ်းကို ချိုးဖောက်တယ်။ သူတို့ ချထားတဲ့ စည်းကမ်းကို ငါတို့ကလည်း ဘာလို့လိုက်နာရမှာလဲ။ ပစ်…ထွီ”

စင်ကာပူထွက်ကာအလုပ်လုပ်မည့်သူငယ်ချင်း။ သတင်းတပ်ဖွဲ့၏ ပတ်စ်ပို့ရုံး လှေကားအတက် ကွမ်းတံတွေး ထွေးနေခြင်း။ စည်းကမ်းရှိပါ။ ကွမ်းတံတွေးမထွေးရ ဆိုသည့် စာရွက်တည့်တည့်ပေါ်ကို ထွေးနေသည်။

သတင်းတပ်ဖွဲ့၏ အပိုငွေတောင်းမှုများအပေါ်သူမငြင်း ။ မငြင်းလည်း မငြင်းသာ။ ဒီပတ်စ်ပို့ရမှ သူ အပြင်ထွက်နိုင်မည်ကိုး။ ထို့ကြောင့် သူမငြင်း။ သို့သော် မတရားလဘ်ငွေတောင်းခံရမှုအပေါ် မကျေနပ်ချက်သည် အများပြည်သူ သွားလာရာ လှေကားခွင်တွင် ပေါက်ထွက်ကျသည်။ ကွမ်းတံတွေးများကား လှေကားခွင် ထောင့်ချိုးနံရံတွင် အရဲသား။

ကိုင်း….ဒီမိုး….ဒီရေ…ဒီလှေ…ဒီလူတွေနဲ့ ၂၀၁၀အလွန် တိုင်းပြည်၏ ပုံရိပ်ကို ဖမ်းယူကြည့်နိုင်ကြမည်ထင်သည်။
                                                            လွတ်လပ်အောင်

No comments:

Post a Comment