မြန်မာကျောင်းသားများသည့် Assumption University အပါအ၀င် ဘန်ကောက်ရှိ မြန်မာအများအပြားရှိသည့် နေရာ (၅) ခုတွင် တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက ဒေါက်တာဘဒ္ဒန္တဂန္ဓမာလာလင်္ကာရ (Ph.D) က (၂၆-၃-၂၀၁၀) ရက်နေ့မှစ၍ သုံးရက်တိုင်တိုင် ထေရ၀ါဒအထူးတရားများ ဟောကြားပေးသွားမည် ဖြစ်သည်။
ဘန်ကောက်ရှိမြန်မာများ ဗုဒ္ဓတရားတော်များကို နာယူနိုင်ရေးအတွက် ထိုင်းနိုင်ငံရောက် မြန်မာကျောင်းသားရဟန်းတော်များ အဖွဲ့၏ လျှောက်ထားချက်အရ ဆရာတော်ကြွရောက် တရားချီးမြှင့်ပေးခြင်းဖြစ်ကြော င်း ကျောင်းသားရဟန်းတော်များအဖွဲ့ အတွင်းရေးမှူး အရှင်တေဇက မိန့်ဆိုသည်။
“ဆရာတော်က အင်္ဂလန် အောက်စဖို့ဒ်တက္ကသိုလ်မှာ ဒေါက်တာဘွဲ့အတွက် ပညာဆည်းပူးနေတာပါ။ ဆရာတော်မြန်မာပြည်ခတ္တခဏပြန်ကြွ လာပြီး အင်္ဂလန်ပြန်မကြွမီ ဦးဇင်းတို့ ပင့်လျှောက်ချက်အရ တရားလာချီးမြှင့်ပေးမှာ ဖြစ်ပါတယ်”ဟု အရှင်တေဇက မိန့်သည်။
Assumption University တွင် (၂၆) ရက် ညနေ (၅) နာရီ ၊ မဟာချိုင်စီလဖွန် ပုစွန်စက်ရုံတွင် (၂၇) ရက် မွန်းလွဲ (၁) နာရီ ၊ ဖိကဆင် လင်းလိုင်းစက်ရုံတွင် ည (၇) နာရီ ၊ ဘန်ဘောတွင် (၂၈) ရက် နံနက် (၈) နာရီ ၊ ထိုင်းယူနီယံအားကစားကွင်းတွင် (၂၈) ရက် ည (၇) နာရီ တို့တွင် တရားပွဲများကျင်းပရန် ရဟန်းတော်များ အဖွဲ့က စီစဉ်ထားသည်။

ထိုင်းနိုင်ငံရောက်မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့သည် ဘန်ကောက် ၊ ဖလမ်ဆောင်တွင် ရုံးခန်းတခု ဖွင့်လှစ်ရန် ငှားရမ်းထားပြီးဖြစ်ကာ မြန်မာရွေ့ပြောင်းလုပ်သားများကို ကွန်ပျူတာ ၊ အင်္ဂလိပ်စာ သင်ကြားပေးခြင်း ၊ သာရေးနာရေးကိစ္စရပ်များ ဆောင်ရွက်ပေးခြင်းတို့ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အရှင်တေဇက “ဆရာတော်ဟာ မြန်မာကျောင်းသားရဟန်းတော်များ အဖွဲ့ရဲ့ သြ၀ါဒါစရိယဆရာတော်လည်း ဖြစ်တယ်။ ဓမ္မပူဇာအလှူငွေတွေကိုလည်း ရဟန်းတော်များအဖွဲ့ ရန်ပုံငွေအတွက် ဆရာတော်က စွန့်ကြဲတဲ့အတွက် ဦးဇင်းတို့ ရုံးခန်းနဲ့ သာရေးနာရေးကိစ္စတွေ ဆောင်ရွက်ပေးနိုင်ဖို့အတွက် အဆင်ပြေသွားစေပါတယ်”ဟု ဆက်လက်မိန့်ဆိုသည်။
No comments:
Post a Comment