မင်းနိုင်သူ
ဂျာနယ်သတင်းထောက်လေး မောင်ငပွေးသည် ဒူးခေါင်းမှ အနာကို ဆေးလိမ်းနေ၏။
ထိုအခိုက် တိုက်ခန်းအတွင်းသို့ တာဝန်ခံအယ်ဒီတာ လှမ်းဝင်လာသဖြင့် မောင်ငပွေးလည်း ပေါင်အထိ မတင်ထားသော ပုဆိုးကို အသာဆွဲချလိုက်ရင်း
“ဟာ …အကို ဒီနေ့ ရုံးတက်မှာလား”ဟု တာဝန်ခံအယ်ဒီတာကို မေးလိုက်သည်။
တကယ်တော့ ဒီနေ့သည် အင်္ဂါနေ့ဖြစ်သော်လည်း မောင်ငပွေးတို့ ဂျာနယ်တိုက်အဖို့မူ ရုံးပိတ်ရက်ဖြစ်သည်။ မောင်ငပွေးတို့ ဂျာနယ်သည် အင်္ဂါနေ့ထုတ်ဂျာနယ်ဖြစ်လေရာ ဂျာနယ်ထွက်ရက်ကို တိုက်ပိတ်ရက် အဖြစ် သတ်မှတ်ထားသည်။ ကှ်ျသို့သော ဂျာနယ်တိုက်ပိတ်ရက်မျိုးတွင် တိုက်ကို နေအိမ်အမှတ်ဖြင့်နေထိုင်သော အညာသား သတင်းထောက် မောင်ငပွေးတယောက်သာ ရှိလေ့ရှိသည်။
ယနေ့တော့ တာဝန်ခံအယ်ဒီတာ ရောက်လာလေပြီ။ တာဝန်ခံအယ်ဒီတာ ကိုဇင်သည် မောင်ငပွေးအမေးကို ခေါင်းရမ်းပြလိုက်ရင်း
“ရုံးတက်တယ်လို့တော့ မဟုတ်ဘူးပေါ့ကွာ….တည်းဖို့ ကျန်နေတဲ့သတင်းလေး သုံးလေးပုဒ် တည်းပေးရုံပါပဲ။ မင်း ဒူးခေါင်းက အနာက သက်သာရဲ့လား”
“ဟုတ်…သက်တော့သက်သာပါပြီ။ နောက်ရက်တွေဆို သတင်းပြန်လိုက်နိုင်လောက်ပါပြီ အကို”
မောင်ငပွေး၏ အဖြေစကားကို ခေါင်းညိတ်အသိအမှတ်ပြုရင်း တာဝန်ခံအယ်ဒီတာ ကိုဇင် အယ်ဒီတာအခန်းအတွင်းသို့ ၀င်သွားတော့သည်။ မောင်ငပွေးလည်း ပုဆိုးစ ပြန်မတင်ကာ အနာကို ဆေးထပ်လူးနေ၏။ ဒီအနာသည် မောင်ငပွေး ကမြင်းကြောထ၍ ရလာသောအနာမဟုတ်။ သံဃာတော်များ သပိတ်မှောက် ကံဆောင်စဉ်က မောင်ငပွေး သတင်းဓါတ်ပုံလိုက်ရိုက်ရာ တာမွေ အထက (၃)ရှေ့အရောက် နအဖစစ်အစိုးရ၏ အကြမ်းဖက်နှိမ်နင်းမှုကြောင့် ရခဲ့သော ဒဏ်ရာဖြစ်သည်။
ထိုစဉ်က ကျည်ဆံများသည် မောင်ငပွေးခေါင်းပေါ်မှ တ၀ှီဝှီ ပျံဝဲနေခဲ့၏။ ကျည်ဆံ ၊ အော်သံ ၊ ဟစ်သံများအကြားမှ အခါခါလဲပြိုကျရင်း ဒူးခေါင်းကွဲခဲ့ရသည်။ ရိုက်ကူးထားသော ကင်မရာလေး ဘာမှမဖြစ်ခဲ့ဘဲ အကောင်းအတိုင်း ပြန်ပါလာသည်ကိုပင် မောင်ငပွေး ကျေနပ်ရ၏။
“ညီလေးရေ…ခနလာပါဦးဟေ့…”
မောင်ငပွေး ဆေးလူးရင်း အတိတ်ကို ပြန်တွေးနေစဉ် ကိုဇင့်ခေါ်သံကြောင့် အယ်ဒီတာအခန်းတွင်း လှမ်းဝင်သွားရသည်။
“ဒီလိုကွာ….အခုဖတ်ရတဲ့သတင်းတပုဒ် သိပ်ကောင်းတယ်။ စက်တင်ဘာ အရေးအခင်းပြီးတာမှ မကြာသေးဘူး။ မြို့တော်ခန်းမရှေ့မှာ နိုင်ငံတကာအဆင့်မီ ညဈေးတန်းကြီးဖွင့်မယ်ဆိုပြီး မြို့တော်ဝန်က လေသံပစ်နေတယ်ကွ။ အဲဒီသတင်းကို နောက်တပတ်ထုတ်ဂျာနယ်မှာ ထည့်မယ်ကွာ။ ခက်တာက သတင်းဓါတ်ပုံရဖို့ ခက်နေတယ်။ အခုချိန် ခန်းမရှေ့မှာကလည်း လုံထိန်းတွေ ချထားတုန်း။ သတင်းမှာ ဓါတ်ပုံထည့်သုံးမယ်ဆိုရင်လည်း လတ်တလော ရိုက်ထားတဲ့ပုံမှ ဖြစ်မယ်။ အဲတော့ ဖြစ်နိုင်ရင် ညီ မင်း သွားရိုက်ပေးစေချင်တယ်ကွာ။ အဲ….အဖမ်းအဆီး မခံရအောင်တော့ သတိထား။ အရမ်း ကြပ်တယ်ဆိုရင်တော့ မရိုက်ခဲ့နဲ့ လှည့်ပြန်ခဲ့နော်။ မင်း ပါသွားလို့ မဖြစ်ဘူး”
“ဟားဟား…ဟုတ်…ကျနော်လည်း အင်းစိန်ဆန်မစားချင်သေးပါဘူး။ ကြိုးစားကြည့်မယ်လေ”
မောင်ငပွေး ပြောပြောဆိုဆို အယ်ဒီတာ့စားပွဲထက်မှ ကင်မရာအိတ်ကို ကောက်လွယ်လိုက်သည်။ စက်တင်ဘာအရေးအခင်းအပြီး ဒူးဒဏ်ရာရပြီးကတည်းက မောင်ငပွေးသတင်းလိုက်မထွက်ရသည်မှာ နှစ်ပတ်ကျော်ကြာပြီ။ အခုတော့ တခြားသတင်းထောက်တက်လာသော သတင်းတပုဒ်အတွက် မောင်ငပွေး သတင်းဓါတ်ပုံရိုက်ပေးရမည်။ ဘာပဲဖြစ်ဖြစ် မောင်ငပွေးတို့က သတင်းအတွက်ဆို အဆင်သင့်။
********** *********** ************
ဆူးလေမှတ်တိုင်မရောက်မီ ယောက်လမ်းမှတ်တိုင်တွင်ပင် မောင်ငပွေး လိုင်းကားပေါ်မှဆင်းပြီး လမ်းလျှောက်သည်။ သို့မှသာ သကောင့်သားများ လုံခြုံရေးယူထားပုံကို ရှင်းရှင်းလင်းလင်း လေ့လာလို့ ရမည်ဟု မောင်ငပွေးတွေးထားသည်။
ကားပေါ်မှ ဆင်းသည်နှင့် ရန်ကုန်ဘူတာကြီးဘက် လှမ်းကြည့်လိုက်သောအခါ စစ်ကားသုံးလေးစီးနှင့် လက်နက်ကိုင်စစ်သားများကို တွေ့ရသည်။ ဆက်လျှောက်လာပြန်တော့ မီးရထားဝင်းအတွင်းမှာလည်း အာဏာရှင်၏ နောက်လိုက်ခွေးတအုပ်ကို လည်စီးတွေပတ်လျက် မြင်ရပြန်သည်။
မြို့တော်ခန်းမရှေ့တွင်လည်း စစ်ကားများရပ်ထားသည်။ ခန်းမအပြင်ဘက် ရန်ကုန်-အင်းစိန်သွား (၄၅) မှတ်တိုင်ဘက်တွင်တော့ လုံထိန်းရဲများ ချထားသည်။ မြို့တော်ခန်းမရှေ့မြင်ကွင်းပါရန် (၄၅) ကားမှတ်တိုင် ဘက်ကသာ ရိုက်မှဖြစ်မည်ဟု မောင်ငပွေးတွေးသည်။ မှတ်တိုင်ရှေ့တွင်လည်း လုံထိန်းရဲ သုံးလေးယောက် မတ်တပ်ရပ်သူရပ် ရေခဲရေသည်၏ ထိုင်ခုံကို ကပ်ထိုင်သူကထိုင်နှင့် ရှိနေကြသည်။
ဒီလောက် လုံခြုံရေးများနေပုံနှင့်ဆို အလုပ်ဖြစ်ပါ့မလား…… မဟာဗန္ဓုလပန်းခြံထဲကနေ ခိုးရိုက်ရကောင်းမလားဟု မောင်ငပွေး စဉ်းစားသည်။ ပန်းခြံထဲတွင်လည်း အရပ်ဝတ်လုံခြုံရေးများ ရှိနေနိုင်သည်။ နောက်ဆုံးတော့ ကားမှတ်တိုင်ရှေ့လူမြင်ကွင်းမှပင် ဗြောင်ရိုက်မည်ဟု မောင်ငပွေး ဆုံးဖြတ်လိုက်သည်။
သို့နှင့် (၄၅)ကားမှတ်တိုင်ဘက်သို့ မောင်ငပွေး ကူးသွားလိုက်သည်။ ကားမှတ်တိုင်သို့ရောက်သော် ကင်မရာကို အိတ်ထဲမှ ဆွဲထုတ်လိုက်၏။ ရေခဲရေသည်၏ ခုံကို ယူထိုင်ထားသော ကိုရွှေရဲက မောင်ငပွေးလုပ်သမျှကို ထိုင်ကြည့်နေသည်။ ရဲက သူ့ကို ကြောင်ကြည့်နေသည်ကိုလည်း ရပ်ထားသောကားမှန်ပုံရိပ်မှတဆင့် မောင်ငပွေး မြင်နေရသည်။
မောင်ငပွေး ကင်မရာပေါက်ကို ဘယ်ဘက်မျက်လုံးအိမ်ဆီ ပင့်တင်လိုက်ရင်း ပုံရိပ်ပြတ်သားရန် အသေအချာချိန်သည်။
“ချပ်”
မဟာဗန္ဓုလလမ်းမကြီးနှင့် တဘက်တွင်ရှိနေသော မြို့တော်ခန်းမကြီးပုံ။
တယ်လီထပ်ဆွဲယူလိုက်သည်။ မြင်ကွင်းထဲသို့ သေနတ်ကို ဘေးချကာ ဆေးပေါ့လိပ်ဖွာနေသော စစ်သား တယောက်ဝင်လာသည်။
“ချပ်”
ကင်မရာမြင်ကွင်းကို တဖြည်းဖြည်းရွေ့ယူကြည့်သည်။ ခန်းမရှေ့မှ စစ်ကားတစီး။ ချက်ပြုတ်စားသောက်ရန် ယူဆောင်လာသည့် ဒန်အိုးဒန်ခွက်များကို ထိုစစ်ကားပေါ်မှ ချနေကြသည်။ လုံခြုံရေးယူမှု ကြာမြင့်ဦးမည့် အနေထား။
“ချပ်”
မောင်ငပွေး သုံးလေးငါးကွက်ရိုက်ပြီးချိန်လောက်တွင် ထိုင်ကြည့်နေသော ကိုရွှေရဲက သတိဝင်လာဟန်ရှိသည်။ ထိုင်ခုံမှ ထကာ မောင်ငပွေးဆီလှမ်းလာနေသည်။ ကင်မရာပေါက်ချောင်းလိုက် ၊ ရဲကို တိမ်းငဲ့ကြည့်စရာမလိုဘဲ မြင်နေရသည့် ကားမှန်ပုံရိပ်ကို ကြည့်လိုက်လုပ်နေသော မောင်ငပွေးကလည်း သကောင့်သား ထလာပြီကို တွေ့လိုက်သည်။
မောင်ငပွေး လှည့်ထွက်ပြေးရကောင်းမလား စဉ်းစားသည်။ လှည့်ထွက်ပြေးလို့လည်း မလွတ်နိုင်။ အဖမ်းခံရပါကလည်း စက်တင်ဘာမှာ ဗွီဒီယို ၊ ဓါတ်ပုံလိုက်ရိုက်ခဲ့တာတွေပါ ပေါ်သွားနိုင်သည်။ စဉ်းစားရကြပ်နေစဉ် ဖျတ်ကနဲ အတွေးတခု ၀င်လာသည်။ အိုကေ။
သကောင့်သား ရဲ သူ့အနားမရောက်မီ မောင်ငပွေးက မျက်နှာချင်းဆိုင်လျှောက်ကာ လုံထိန်းရဲဆီ တိုးသွားလိုက်သည်။
“ညီလေး…မင်းကဘယ်ကလဲ…ဘာလို့ဓါတ်ပုံ….”
ကိုရွှေရဲ၏ အမေးစကားမဆုံးမီ ဆက်မပြောနှင့်တော့ ဆိုသည့်သဘောဖြင့် မောင်ငပွေး လက်ကာပြလိုက်သည်။
“ခင်များမေးခွန်းတွေ အသာထားဦး။ အခု ဘယ်နှစ်နာရီထိုးပြီလဲ ကြည့်ပေးပါဦး။”
ကိုရွှေရဲသည် ယောင်ယမ်းကာ သူ့လက်မှ ပလပ်စတစ်နာရီစုတ်ကလေးကို ငုံကြည့်၏။
“လေးနာရီ”ဟု ပြန်ဖြေပြီးမှ သတိရဟန်ဖြင့်
“ဒါနဲ့ နေပါဦး။ မင်းကဘယ်ကလဲ ။ ဘာ့လို့ ဓါတ်ပုံရိုက်ရတာလဲ”ဟု မေးခွန်းထုတ်တော့သည်။
မောင်ငပွေး ကင်မရာကို အိတ်ထဲသို့ ဟန်မပျက်ပြန်ထည့်လိုက်ရင်း ကိုရွှေရဲ၏ အမေးစကားကို မဖြေသေးဘဲ “ခက်တာပဲဗျာ။ လေးနာရီထိုးပြီဆိုတော့ ဖောင်ပိတ်ချိန်တောင်နီးနေပြီ”ဟု ဦးစွာ ညည်းပြလိုက်သည်။
ထို့နောက် “ ကျနော်က မြန်မာ့အလင်းသတင်းစာတိုက်ကလေ။ ကဲ…လစ်မယ်ဗျာ ဓါတ်ပုံဖောင်ပိတ်ချိန်နီးနေပြီ။ အခုဟာက အဘကိုယ်တိုင် ရိုက်ခိုင်းထားတာဗျ”ဟု ပြောလိုက်သောအခါ
စစ်အာဏာရှင်လက်အောက်တွင် အမှုတော်ထမ်းနေသည်မှာ ကြာပြီဖြစ်ဟန်ရှိသည့် ကိုရွှေရဲလည်း “မြန်မာ့အလင်းသတင်းစာ” ၊ “အဘ” ဆိုသည့် စကားလုံးများကြောင့် ထပ်မကွန့်ဝံ့တော့ဘဲ “ဟုတ်ကဲ့…ဟုတ်ကဲ့”ဟု ခေါင်းလေးညိတ် အသိအမှတ်ပြု လက်ကလေးပြ နှုတ်ဆက်ကာ ကျန်ခဲ့ရှာလေတော့သည်။
မင်းနိုင်သူ (၂၄ . ၂ .၂၀၁၀)
No comments:
Post a Comment