ခုချိန်မှာ လူတိုင်းဟာ ကိုယ့်ကိုယ်ကို ဦးဆောင်ကြရမှာပဲ...ဒီရွေးကောက်ပွဲဟာ မိမိတို့ကို စစ်ကျွန်ဇာတ် ဆက်သွင်းမယ့် ကန့်လန့်ကာအဖွင့်တခုဆိုတာကို ယုံကြည်ရင် မဲရုံကို မသွားကြဖို့ဘဲ။ ဒီလိုမှမဟုတ်ဘဲ အကြောက်လွန်ပြီး မဲရုံကိုသွားပြီဆိုတာနဲ့ ခင်များတို့ဟာ ကျုပ်တို့ စစ်ကျွန်အဖြစ်ဆက်လက်ခံယူပါမယ်လို့ ကတိပေးလိုက်တာနဲ့ အတူတူပဲ။ တနိုင်ငံလုံးကို အကျဉ်းချထားနိုင်တဲ့ ထောင်မရှိဆိုတာကို လူတိုင်း သဘောပေါက်ထားဖို့ လိုတယ်။

Thursday, September 16, 2010

သထုံမြို့နယ်တွင်း တာဝါတိုင် ဖောက်ခွဲမှု မှတ်တမ်း ဓါတ်ပုံများ





၁၁-၉-၂၀၁၀ မြန်မာ့အလင်းသတင်းစာပါ မှတ်တမ်းဓါတ်ပုံတွေရဲ့ မူရင်း ကာလာဓါတ်ပုံတွေပါ။ ဓါတ်ပုံပါ ရက်စွဲတွေကတော့ ၂၀၀၇ ခုနှစ်ကို ပြညွှန်းနေကြောင်းပါ ခင်ဗျားးးးးးးးးး

Monday, September 13, 2010

မဲရုံကို သွားကြမှာလား သတိတော့ထား

၁၁-၉-၂၀၁၀ ရက်ထုတ် စစ်အစိုးရသတင်းစာမှာ သထုံမြို့နယ်အတွင်းက လျှပ်စစ်တာဝါတိုင်နဲ့ ရန်ကုန် ဗိုလ်ချုပ်ဈေးဘေးက ရထားလမ်းခုံးကျော်တံတားပေါ်မှာ ချိန်ကိုက်ဗုံးတွေ တွေ့တယ်ဆိုပြီး ရေးထားတယ်။ သထုံနယ်ထဲမှာ မိုင်းဗုံးရှင်းနေတဲ့ ပုံတွေကိုပါ ဖော်ပြထားနိုင်တဲ့ မြန်မာ့အလင်းသတင်းထောက်တွေရဲ့ အစွမ်းအစကလည်း သံသယဖြစ်စရာ။ ကြိုတင်ဇာတ်တိုက်ထားသလား အောက်မေ့ရတယ်။ "သို့သော် ပြည်သူတွေ လျှပ်စစ်မီး မပြတ်တောက်ရအောင် တားဆီးကာကွယ် ကြိုးပမ်းဆောင်ရွက်ခဲ့သည့် တပ်မတော်သား တဦးမှာမူ နိုင်ငံနှင့်ပြည်သူအတွက် ခြေတဖက်ကို ပေးဆပ်စွန့်လှူခဲ့ရကြောင်း သိရသည်" (သတင်းစာပါအရေး အသား)လို့ ရေးထားတယ်။

ခက်တာက အဲဒီ ပြည်သူတွေ မီးမပြတ်ရအောင် မိုင်းရှင်းပေးခဲ့တဲ့ စစ်သားဟာ ဘယ်သူဘယ်ဝါ ဘယ်တပ်ကပါလို့ ရေးမထားတာ ၊ ဓါတ်ပုံနဲ့တကွ ဖော်ပြမထားတာတွေဟာ ပြည်ပမီဒီယာတွေက အဲဒီတပ်မှာ အဲဒီစစ်သားရှိမရှိ တကယ် ဒဏ်ရာရမရကို တန်ပြန်သတင်းလိုက်မှာ ကြောက်လို့လား။ ဒါမှမဟုတ် နိုင်ငံနှင့်ပြည်သူအတွက် ပေးဆပ်ခဲ့သူကြီးကို ဂုဏ်မပြုထိုက်လို့လား။ အမှန်ဆို သူရဘွဲ့တွေ ၊ ငါရဘွဲ့တွေတောင် ပေးသင့်တဲ့ဟာပဲ။ ဒါ့အပြင် ရွေးကောက်ပွဲကြီး မအောင်မြင်အောင် သွေးထိုးလှုံ့ဆော်မှုများ ၊ ဗုံးခွဲမိုင်းထောင်မှုများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိရာလို့လည်း ရေးထားတယ်။

ဒီရေးသားချက်တွေဟာ နအဖစစ်အစိုးရအနေနဲ့ လာမယ့်ရွေးကောက်ပွဲမှာ သူတို့ လိုသလိုဖြစ်မလာခဲ့ရင် အဖျက်သမားတွေက မဲရုံတွေကို ဗုံးခွဲတယ်လို့ စွပ်စွဲပြီး ကိုယ်လုပ်တဲ့ပွဲ ကိုယ်ပြန်ဖျက်ကာ စစ်တပ်ကပဲ အာဏာဆက်ထိန်းထားဦးမယ်ဆိုတဲ့ ထင်မြင်ချက်တွေကို တွန်းအားပေးနေတဲ့အချက်တခုဖြစ်လာတယ်။

ထို့အတူပဲ ကာလရှည်ကြာစွာ တိမ်ငုတ်နေခဲ့တဲ့ စွမ်းအားမြှင့်မြန်မာကျောင်းသား စစ်သည်တော်များအဖွဲ့ကလည်း ၂၀၁၀ ရွေးကောက်ပွဲကို မဲပေးခြင်းမပြုလုပ်ကြရန်ဆိုပြီး အနီရောင်စာသားနဲ့ သတိပေးလိုက်ပြီ။

ဆိုတော့ကာ လာမယ့် ရွေးကောက်ပွဲကြီးမှာ မဲရုံတွေဟာ အန္တရာယ်မကင်းတဲ့ ရပ်ဝန်းတွေ ဖြစ်ကောင်းဖြစ်လာနိုင်နေပြီ။ ဒီမဲရုံတွေမှာပဲ နအဖဟာ သူတို့ဟာသူတို့ ဖောက်ခွဲမှုပြုပြီး အဖျက်သမားဆိုတဲ့ သူတို့ လက်သုံးစကားရပ်နဲ့ ဘယ်သူဘယ်ဝါမှန်း မသိသူတွေကို လွဲချပြီး အာဏာဆက်ထိန်းဖို့ ကြိုးစားနိုင်သလို မထင်မှတ်တဲ့ အဖွဲ့အစည်းတွေရဲ့ ဖောက်ခွဲမှုလုပ်ရပ်တွေကလည်း ရှိလာနိုင်တယ်။

ဘယ်လိုပဲဖြစ်နေဖြစ်နေ မဲသွားပေးရမယ့် လူထုအတွက်ကတော့ လုံခြုံမှုမရှိနိုင်တာအမှန်ပဲ။ ဒါ့ကြောင့် မဲသွားပေးမယ့် ပြည်သူလူထုဟာ ဖောက်ခွဲမှု ၊ ပေါက်ကွဲမှုတွေအကြားမှာ ဓါးစာခံဖြစ်သွားနိုင်မယ့်အရေးကိုတော့ တွေးထားကြသင့်တာ အမှန်ပဲ။


Statement

Wednesday, September 8, 2010

ဖောင်ကြီးသင်တန်းဆင်း

ချစ်သူနှစ်ဦး စကားပြောနေကြသည်။

ယခင်က မိန်းကလေး ပြောသမျှ နားငြီးခံကာ စိတ်ရှည်ရှည်ထား၍ နားထောင်ခဲ့ရသော ကောင်လေးသည် ယနေ့ သူ၏မိသားစုတွင်း ပြဿနာကို ပြောပြမည်ဖြစ်ကြောင်း မိန်းကလေးကို အသိပေးသည်။

“ဒီနေ့ မင့်မပြောနဲ့ဦး ၊ ငါ့အိမ်က မိသားစုတွင်း ပြဿနာကို ပြောပြမလို့ နားထောင်ပေးပါ"

ကောင်လေး၏ တောင်းဆိုမှုကို ကောင်မလေးက လက်သည်းညှပ်မပျက်ဘဲ ပြန်ပြောလိုက်သည်မှာ

“ကြိုက်သလောက် ပြောလို့ရတယ် ၊ ကျမက ဖောင်ကြီးသင်တန်းဆင်းပွဲ တက်ဖူးထားပြီးသား"ဟူ၏။

မှတ်ချက်။ ။ ကိုယ်တွေ့ဗျ....ဟီး

Friday, September 3, 2010

ပြောဖြစ်ခဲ့သမျှ

ဒီနေ့ ပြည်တွင်းက ကောင်မလေးတယောက်နဲ့ ပြောဖြစ်ခဲ့သမျှ အတိုအထွာလေးတွေပါ။

Nyimalay: နယ်မှာကျန်ခဲ့တဲ့ မေမေကမေးတယ်...ဘယ်သူ့ ကိုမဲထည့်ရမှာလဲသမီးတဲ့....ကျွန်မပြန်ပြောလိုက်တယ်..တကယ်လို့ မြို့မှာ ကိုယ်လုံးဝမထည့်ချင်တဲ့ပါတီ တစ်ခုပဲရှိမယ်ဆိုရင်တောင်မှ မဲရုံကိုသွားဖြစ်အောင
thutaaung11: ဟေးးးးးးးးးး



Sent at 2:28 PM on Friday
Nyimalay: ဘာမှထူးဘူး
အင်း
တစ်ခုလောက်ပြောလို့ ရမလား


thutaaung11: ပြော


Nyimalay: တချို့မြို့တွေမှာဆိုရင်ဝင်ပြိုင်မယ့်ပါတီမရှိတာမျိုးရှိတယ်လေ
ဟိုကောင်တွေကလွဲရင်ပေါ့
အဲဒီလို မြို့တွေမှာရှိတဲ့လူတွေက
မဲရုံကိုလုံးဝမသွားဘူး...မဲမထည့်ဘူးလို့ ဆုံးဖြတ်ကြတယ်..
အဲလို လူတွေအတွက် တစ်ခုခုပြောချင်တယ်...
အခု ညီမလေး တင်ထားတာတွေ့လား
နယ်မှာကျန်ခဲ့တဲ့မေမေကမေးတယ်...ဘယ်ပါတီ၊ဘယ်သူကိုမဲပေးရမှာလဲသမီး..တဲ့။ ကျွန်မပြန်ဖြေ
လိုက်တယ်။ မဲရုံကိုမဲသွားမထည့်ဘဲတော့မနေပါနဲ့ ...တကယ်လို့ ကိုယ်လုံးဝမထောက်ခံနိုင်တဲ့ပါတီ
တစ်ခုပဲရှိမယ်ဆိုရင်တောင်မှ မဲရုံကိုသွားပါ...ပယ်မဲဖြစ်အောင်ခြစ်ခဲ့ပါ...အဲဒါကမသွားဘဲနေတာထက်
ပိုကောင်းတယ်....လို


Sent at 2:39 PM on Friday
Nyimalay: ပြောနေတာကို အရေးမလုပ်ဘူးတွေ့ လား............
:(
တော်တော်ကောင်းတဲ့အစ်ကို..


Sent at 2:47 PM on Friday
thutaaung11: အင်တာဗျူးလုပ်နေလို့ပါ
ရပါဘီပြောလို့
ပယ်မဲလုပ်မယ်ပြောတော့
ပယ်မဲဖြစ်သွားမယ်ထင်လို့လား


Nyimalay: ထင်တော့မထင်ပါဘူး
ဒါပေမယ့်လုပ်နိုင်သလောက်ပေါ့


thutaaung11: မထင်ရင် မသွားတာထက်ပိုကောင်းတယ်ဆိုတာ ဘာကို အခြေခံပြီး ပြောတာလဲ


Nyimalay: မသွားဘူးဆိုရင် ကိုယ့်ရဲ့မဲဆလစ်မှာသူတို့ ထည့်ချင်တာထည့်မယ်ဆိုတာသေချာပေါက်တွေးထားတယ်
စလစ်အပိုတွေအများကြီးလုပ်မထားဘူးလို့ မပြောနိုင်ဘူးဆိုတာသေချာပါတ.်
တယ်


thutaaung11: ဥပမာဆိုကြပါစို့ လူ တထောင်ရှိတဲ့ ရပ်ကွက်တခုမှာ လူ ၆၀၀လောက်က မသွားတဲ့ကိစ္စကို အဲဒီလူ ၆၀၀ စာအတွက် ကိုယ်စားမဲတွေထည့်သွားလို့ ရမယ်လို့ ထင်ထားသလား
အဲဒီလိုထည့်ခဲ့ရင်ရော နောက်ဆက်တွဲ ပြဿနာတွေ တက်မလာဘူးလို့ မြင်ထားမိလား
ကဲပါ ၆၀၀ မဟုတ်ဘူး ၃၀၀ပဲထား
အဲဒီ ၃၀၀ အတွက် ကိုယ်စားမဲထည့်လို့ရမလား


Nyimalay: ပြောလို့ မရဘူးလေ...၂၀၀၈တုန်းကလည်းအဲလိုလုပ်သွားတာပဲမဟုတ်လား
အခုလည်းကြိုတင်မဲတွေကောက်နေပြီ
ဝန်ထမ်းတွေကို
လစာ ၃သောင်းတိုးပေးမယ်တဲ့


thutaaung11: အဲဒါက သူတို့ စည်းရုံးရေးကိစ္စလေ
သူတို့လုပ်မှာပဲ


Nyimalay: သင်္ဘောကျင်းဝန်ထမ်းတွေကို ကြိုတင်မဲတွေကောက်နေပြီ....အဲဒါသိလား


thutaaung11: ဟုတ်လား
ဘယ်သင်္ဘောကျင်းလဲ ညီမလေး


Nyimalay: တော်ပြီ


thutaaung11: အဟား
သူပဲ စပြီး ဆွေးနွေး
သူပဲ စပြီး ဆွေးနွေးပွဲပြီးဆုံးကြောင်း ကြေညာ
ဟေဟေ့
တူတော့ တူနေဘီ ကြံ့ဖွံ့ပါတီနဲ့
ဟေဟေ့


Sent at 3:02 PM on Friday
Nyimalay: ခင်ဗျားပဲဘုဂလန့်လုပ်တာလေ..တစညနဲ့တူတူပဲ


thutaaung11: အဟား
ဘယ်မှာ ဘုဂလန့်လုပ်လို့လဲ
ပြောထားသမျှ ပြန်ကြည့်ပါဦး
သိလိုသမျှ ဖြေပေးနေတာပဲဟာ


Nyimalay: အင်းလေ.အဲဒါဆိုဘာမှမလုပ်ဘဲထိုင်နေရမှာလား


thutaaung11: မဲရုံကို မသွားဘဲ မဲမပေးဘဲ နေပိုင်ခွင့်ရှိပါတယ်လို့ NLD က ချပြနေတယ်လေ
ရွေးကောက်ပွဲဥပဒေမှာလည်း အတိအလင်းပြဌာန်းထားတာပဲလေ


Nyimalay: တော်တော်..သူတို့ ပြောတာတိုင်းကိုလက်မခံနိုင်တော့ဘူး


thutaaung11: လက်မခံဘဲ နေပိုင်ခွင့်ရှိတာလဲ ဒီမိုကရေစီစနစ်ပဲ
အဲတော့ ကောင်းမယ်ထင်သလိုလုပ်ပေါ့


Nyimalay: လုပ်နိုင်သလောက်တော့တစ်ခုခုလုပ်ရမှာပေါ့..ထူးတာမထူးတာထားလိုက်..


thutaaung11: တိုင်းပြည်ရဲ့ အနာဂတ်ကို တကယ်တမ်း အဆုံးဖြတ်ပေးနိုင်တာက သန်း ၆၀သော လူထု


Nyimalay: ပြီးရော...


thutaaung11: အဲဒီအဆုံးဖြတ်တွေ မှန်ကန်ဖို့ ဦးဆောင်ကြရမှာက နိုင်ငံရေးသမားကောင်းတွေ
ဟုတ်တယ်ဟုတ်
မဟုတ်မဟတ်တွေ ပြောသမျှနားယောင်၍သော်လည်းကောင်း အကြောက်တရားလွမ်းမိုးနေ၍သော်လည်းကောင်း


Nyimalay: သူငယ်ချင်းတို့ ရေ...၁ရက်မှာကျပ်၁၀၀စီလှူမယ်ဆိုရင် ၁နှစ်မှာ ကျောင်းမနေနိုင်တဲ့ ကလေး ၂ယောက်ကို ကျောင်းထားပေးနိုင်မယ်...စိတ်ဝင်စားရင်ဝိုင်းကူပေးကြပါ...
thutaaung11: ပြီးပြီးကရော လုပ်ကြရင်ဖြင့် လုပ်သမျှကံ ကိုယ့်ဟာကိုယ် ခံကြပေရော့
နောက်မှ မအော်ကြနဲ့ပေါ့


Nyimalay: သွားမထည့်တော့ကောဘာထူးမလဲ..သွားထည့်တော့ကောဘာထူးမလဲ
ဘာမှမထူးဘူးလို့ ပြောလေ...


thutaaung11: အဟား


Nyimalay: လူလုပ်နေ၇တာလဲ တချိန်မှာသေရမှာပဲ...ဘာမှမထူးဘူး...
ဒီတော့စောစောမြန်မြန်သေကြ..


thutaaung11: အဖြေပေးရမှာကိုတောင် လမ်းကြောင်းပေးနေပါလားဟ


Nyimalay: အေးတာပဲမလား
ဒါဆိုဘာလုပ်ရမှာလဲ


thutaaung11: မဲရုံကို မသွားဘဲ မဲမပေးဘဲ နေပိုင်ခွင့်ရှိပါတယ်လို့ NLD က ချပြနေတယ်လေ
ရွေးကောက်ပွဲဥပဒေမှာလည်း အတိအလင်းပြဌာန်းထားတာပဲလေ
အဲဒါ ရှိပါတယ်ဆိုနေမှ
ကဲ...ဒီထက်ပိုပြီး ဘာလုပ်လို့ရမယ်လို့များ မြင်ထားမိသေးလို့လဲ အမိက


Nyimalay: သိတယ်..သိတယ်
အဲဒါကိုသိတယ်.
:(
စိတ်တိုလာပြီ


thutaaung11: အဟား
ဘာစိတ်တိုစရာရှိလို့လဲ
လွတ်လပ်စွာ ဆုံးဖြတ်လုပ်ကိုင်ပိုင်ခွင့်ဆိုတာ ဘယ်သူကမှ ချပေးတာမဟုတ်ဘူး
ကိုယ်တိုင်လုပ်ယူရတာ


Nyimalay: လွန်းထားထားစာအုပ်ထဲကဇာတ်ကောင်ငကြောင်တွေလို ရယ်မနေနဲ့..
အမြင်ကပ်တယ်..


thutaaung11: ဟားဟားးဟားးးးး
တော်တော် တိုနေပုံပဲ
လောကကြီးကို အမြင်ရှင်းရှင်းနဲ့ ကြည့်တတ်လာရင် အတွေးတွေပါ ရှင်းလာမှာပါ


Nyimalay: ဒီနေ့ ဘာတွေဖြစ်နေတာလဲ..


thutaaung11: တစုံတခုသော စိုးရွံစိတ် ၊ ကြောက်ရွံ့စိတ် ၊ လောဘစိတ် စတာတွေ ရှိနေလို့ကတော့ အတွေးတွေ အမြင်တွေက မှုန်ဝါးနေပါလိမ့်မယ်


Nyimalay: ဥက္ကာကောင်ဆေးရုံတင်ထားရတယ်


thutaaung11: သနားပါတယ်
လူမမာမေးကြောင်း ပြောပြပေးပါ


Nyimalay: အင်း

Friday, August 20, 2010

နိုင်ငံရေးဆောင်ရွက်ချက်တိုင်းဟာ ရိုးဖြောင့်ချင်မှ ရိုးဖြောင့်မယ်။ ဒါပေမယ့် နိုင်ငံရေးဆောင်ရွက်ချက်တိုင်းဟာ အမျိုးသားအကျိုးစီးပွားကိုပဲ ရှေ့ရှုတယ်ဆိုရင် နိုင်ငံရေးသမားကောင်းပဲဖြစ်တယ်။

Thursday, August 19, 2010

ကမ္ဘာဦးအစက ခုမှရောက်လာတဲ့သီချင်း

ကျနော်က သူမကို ကလေးလေးလို့ခေါ်ရင်

သူမက အပျော်မြစ်ထဲ လက်ပစ်ကူးတယ်

ဖန်ကြိုးမျှင်ဆက်သွယ်မှုဧရိယာထဲမှာ

ကို...ဆိုတဲ့နာမ်စားကို အဆက်မပြတ်ပို့လွှတ်ပြီး

ကျနော့်စိတ်ထုထည်ကို အရည်ဖျော်ပစ်တယ်။

သူမနဲ့ကျနော်က ရုပ်သေးတွေမဟုတ်ဘူး

ဘယ်သူ့ကို ဘယ်သူမှ ကြိုးဆွဲမခံကြဘူး

ဒါပေမယ့် သူမနဲ့ကျနော့်ကြားမှာ ကြိုးတစ်ချောင်းရှိရဲ့

ပြတ်လိုက် ပြန်ဆက်လိုက်နဲ့ ဆက်ထုံးများတဲ့ကြိုးလေးပေါ့။

အိုဘားမားနဲ့ကျနော် ဘီယာချိန်းသောက်တာကို သူမ မကြိုက်ဘူး

ရိန်းနဲ့သူမ တွဲကမှာကို ကျနော်မလိုလားဘူး

အဲဒီလို အကြောင်းတရားလေးတွေက အကျိုးတရားတွေဖြစ်လာတဲ့အခါ

သူမ ငိုတယ်

ကျနော် တက်ခေါက်တယ်......

သူမက ကျနော့်ရဲ့ နိုင်ငံရေးသတ္တ၀ါ

ကျနော်က သူမရဲ့ မော်ဒန်အချစ်ဟာသ၀တ္တု

ဘယ်သူမပြုမိမိမှုတွေကြားမှာ ဘယ်သူမှမပြု အလိုလိုပြုလာတဲ့

ပြု ဖြစ် ပျက် တွေအကြောင်း

သူမကို နားမချခဲ့လို့ သူမက ကျနော့်ကို နားမ၀င်ခဲ့ဘူး

ချစ်တယ်...မုန်းတယ်...လွမ်းတယ်... ပြီးတော့မှ...ချစ်တယ်(၉၉ကြိမ်)

နောက်တစ်ကြိမ်က ကျနော့်ရင်ဘတ်ထဲက ၀ှက်ဖဲ

ရင်လွဲငှက်လေး နေကောင်းပါစေ။

အဲသလိုနဲ့

သူမ မျက်မှန် ပါဝါများတယ်

ကျနော့်အာရုံကြောတွေ အားမကောင်းတော့ဘူး

သူမ လမ်းတွေရှည်လျားလွန်းတယ်

ကျနော်ခြေထောက်နာနေလို့ မလျှောက်နိုင်ဘူး

ကျနော့်အကြောင်းတွေ သူမ အရမ်းသိချင်တယ်

သူမ ဂျီတော့ခ်အကောင့်တွေကျနော့်ကိုမပေးဘူး

သူမ အကျီ င်္တချို့ လည်ပင်းဟိုက်နေတယ်

ကျနော် မကြိုက်ဘူး။

ကျနော်လိုက်လေလေ သူမက ပြေးလေလေ

နောက်တော့လည်း စိန်ပြေးလိုက်တမ်းကစားနည်းကို ရွံ့လာတယ်

တကယ်တော့ သူမက ကျနော့်ရဲ့ပြက္ခဒိန်

အချိန်မသိဘူး နေ့စွဲမရှိဘူး ဘာလမှန်းမေ့နေတယ်ဆိုပေမယ့်

သူမ ကိုမြင်တိုင်း ရင်ဘတ်ထဲမှာနှိုးစက်သံတွေ

ကမ္ဘာပျက်ညလို စီစီညံတယ်။

လိမ္မာစမ်းပါ ကလေးလေးရေ......

ကံကြမ္မာက မကျွမ်းကျင်တဲ့ မျက်လှည့်ဆရာကွယ့်

အမှားမှားအယွင်းယွင်းတွေလည်း ခဏခဏ မကြာမကြာ

သာယာတဲ့နေ့ကို ရှည်လျားချင်တယ်

သူမ ချစ်တဲ့ခွေးရုပ်လေးတွေ နေကောင်းပါရဲ့လား

အင်းလျားလမ်းအတိုင်း သူမကိုလိုက်ပို့ရင်း

ကြယ်စက်ပြောက်တွေ တ၀င်းဝင်းကြွေတယ်

ကျနော့် အိပ်မက်တွေ တဖြုတ်ဖြုတ်သေတယ်

ကျနော်စိုက်ပျိုးတဲ့ ဂျုံခင်းလှလှကြားမှာ

သူမ ပျော်ရွှင်လင်းပစွာ ဆော့ကစားပါစေ။

မဖြစ်ထွန်းမအောင်မြင်သေးတဲ့ ကဗျာရိုင်းတွေကြားက

မည်းညို့သော တိမ်စိုင်တိမ်ထုများ

နားဝင်ခါးသီးသော စန္ဒရားကြွက်လျှောက်ဂီတများ

တနင်္ဂနွေသားဖြင့် ထုဆစ်ထားသော သချို င်္င်းမှတ်တိုင်များ

တစ်နေ့မှာ ကျနော်သွားရမယ် ကလေးလေးရေ.....

ခုတော့ .... ၀င့်ကြွားမှုတလူလူနဲ့

ကျနော့်လက်မောင်းကို သူမ ဖျစ်ညှစ်တတ်လာတယ်

ခုတော့ .... အသစ်အသစ်သော စိန်ခေါ်မှုတွေနဲ့

မြူခိုးဝေတဲ့လမ်းကြမ်းတွေကို သူမ နမ်းရှိုက်တတ်လာတယ်

နာပျော်ဖွယ်ခေါင်းလောင်းသံနဲ့ ကျနော့်ရဲ့ဝတ်ပြုသံတွေအောက်မှာ

သူမ... ဘေးကင်းပါစေသား။ ။


ဥက္ကာကိုကို(သံတွဲ)
18.8.2010

Monday, August 16, 2010

ကယ်တင်ရှင်မမျှော်စေချင်

လူထုစိန်ဝင်း



ပြောရိုးပြောစဉ်မို့ နှုတ်က အလွယ်တကူ ပြောလေ့ရှိတဲ့ မြန်မာစကားတွေထဲမှာ မနှစ်သက်နိုင်တဲ့ စကားတချို့ ရှိတယ်။ တချို့စကားတွေဆိုရင် ဘယ်ခေတ်မှာ ဘယ်သူကစခဲ့တယ် မသိဘူး။ တော်တော် ယုတ္တိမတန်၊ မမှန်ကန်တာ တွေ့ရတယ်။

ပါရမီနဲ့ ဉာဏ်ပညာကြောင့်
အဲဒီလိုစကားတွေထဲက မနှစ်သက်နိုင်ဆုံး စကားတစ်ခုကတော့ ''ဘုရားတောင် အမှီရှိမှပွင့်တယ်'' ဆိုတဲ့ စကားဖြစ်တယ်။ အဆူဆူသော ဘုရားများဟာ သစ်ပင်တစ်ပင်ပင်ရဲ့ အရိပ်အာဝါသအောက်မှာ စံပါယ်တော်မူရင်း ဘုရားအဖြစ်ကို ရောက် ရှိခဲ့ကြတာကို အကြောင်းပြုပြီး ပြောကြဆိုကြတာ ဖြစ်တယ်။ ဗုဒ္ဓမြတ်စွာဟာ ဗောဓိညောင်ပင်အောက်မှာ ဘုရားအဖြစ် ရောက်ခဲ့တာမှန်တယ်။ ဒါပေမဲ့ ဗောဓိညောင်ပင်ဆိုတဲ့ အမှီကြောင့် ဘုရားအဖြစ်ကို ရရှိခဲ့တာ မဟုတ်ပါဘူး။ လေးသင်္ချေနဲ့ ကမ္ဘာ တစ်သိန်း ဖြည့်ဆည်းခဲ့တဲ့ အထုံပါရမီနဲ့ အတိုင်းအဆမရှိ ကြီးမားလှတဲ့ ဉာဏ်ပညာကြောင့် ဗုဒ္ဓဘုရားအဖြစ်ကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

သစ်ရိပ်ဝါးရိပ်မှာ
အဆူဆူသော ဘုရားများဟာ သစ်ပင်တစ်ပင်ပင်အောက်မှာ ဘုရားအဖြစ် ရောက်ရှိခဲ့ကြတာက အခြေအနေအရ ဖြစ်ရတဲ့ သဘောပါ။ ဘုရားအလောင်းအဆက်ဆက်တို့ဟာ လောကီစည်းစိမ်ချမ်းသာတွေကို စွန့်ပြီး တောရပ်မှာ လှည့်လှည်သီတင်းသုံး ရင်း တရားစစ်တရားမှန်ကို ရှာဖွေကြပါတယ်။ ကျောင်းသင်ခန်း ဆောက်တည်နေလေ့ မရှိပါဘူး။ အရိပ်အာဝါသကောင်းရာ သစ်ပင်ဝါးပင်တွေအောက်မှာ အလျဉ်းသင့်သလို သီတင်းသုံးပြီး ကျင့်ကြံအားထုတ်နေကြတာ ဖြစ်တယ်။ နေရေးစား ရေးကိစ္စများအတွက် အချိန်ကုန်မခံပါဘူး။ ရသမျှအချိန်တိုင်း သဗ္ဗညုတဉာဏ်တော် ရရှိရေးအတွက်သာ အားထုတ်နေတာ ဖြစ်ပါတယ်။

ဘယ်သူမပြုမိမိမှု
သစ်ပင်ကောင်းတစ်ပင်ရဲ့ အရိပ်အာဝါသအောက်မှာ ကျင့်ကြံအားထုတ်ရင်း ဘုရားအဖြစ်ကို ရောက်ရှိခဲ့တာကြောင့် ဘုရားနဲ့သစ်ပင်ကို တွဲပြီးမြင်နေရတာ ဖြစ်တယ်။ ဒါပေမဲ့ စကားအဖြစ် ပြောနေကြသလို ''အမှီရှိမှပွင့်တယ်'' ဆိုတာ မမှန်ပါဘူး။ ဒီမမှန်တဲ့ စကားကို နှုတ်က ခပ်ပေါ့ပေါ့နဲ့ အလွယ်တကူ ပြောနေကြလေတော့ လူတွေကို ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ဖို့ အားမပေးတဲ့သဘော သက်ရောက်သွားခဲ့ရတယ်။ ဗုဒ္ဓဘာသာမှာက အားကိုးမှီခိုရာ ကယ်တင်ရှင် ဆိုတာ မရှိပါဘူး။ လူတစ်ယောက် ကောင်းရာမွန်ရာရောက်အောင် ဘယ်သူကမှ ပို့မပေးနိုင်သလို ငရဲရောက်အောင်လည်း ဘယ်သူကမှ တွန်းချတာ မဟုတ်ပါဘူး။ ဘယ်အရာမဆို ဘယ်သူမပြု မိမိမှုပါပဲ။
'ရွှေပြည်တော် မျှော်တိုင်းဝေး' အခြေအနေ ဖြစ်နေရတဲ့ အကြောင်းရင်းကတော့ 'ကယ်တင်ရှင်' စိတ်ဓာတ် (Savior Complex) တွေကြောင့် ဖြစ်ပါတယ်။

ကယ်တင်ရှင်မရှိ
ဗုဒ္ဓရဲ့ အလိုတော်က ဘာမဆို ကိုယ်လုပ်မှ ကိုယ်ရပါတယ်။ ကျင့်ကြံအားထုတ်လုပ်သူ မှန်သမျှ ဘယ်သူမဆို ဗုဒ္ဓဘုရားအဖြစ်ကိုတောင် ရနိုင်ပါတယ်။ မိဘကျေးဇူး ဆပ်ချင်လွန်းလို့ဆိုပြီး မိဘကို နိဗ္ဗာန်ရောက်အောင် လုပ်မပေးနိုင်သလို၊ သားသမီးကိုချစ်လွန်းလို့ နတ်ပြည်ခြောက်ထပ်မှာ နတ်သမီးလေးတွေ တစ်ဖက်ငါးရာနဲ့ စံစားနိုင်အောင် ဘယ်မိဘကမှ လုပ်မပေးနိုင်ပါဘူး။ ကိုယ်တိုင်ကျင့်၊ ကိုယ်တိုင်အားထုတ်မှ ရနိုင်ပါတယ်။ ဘယ်သူမှ အားကိုးလို့ မရဘူး။ ကယ်တင်ရှင် မရှိဘူး။ 'အတ္တာဟိအတ္တနော နတ္ထော' မိမိကိုယ်မှတစ်ပါးကိုး ကွယ်ရာမရှိဘဲ။

ကိုယ့်ထမင်းကိုယ်ရှာစား
လူ့ဘောင်လောကမှာ လောကီသားမှန်သမျှ အချင်းချင်း ကူညီရိုင်းပင်းနေကြတယ်။ ကျွန်းကိုင်းမှီ၊ ကိုင်းကျွန်းမှီဆိုသလို အပြန်အလှန် အမှီသဟဲ ပြုနေကြတယ်။ အထီးထီး လူတွေနဲ့ အဆက်အဆံမရှိ ရပ်တည်လို့မရဘူး။ ဒါဟာ လူ့လောကရဲ့ သဘာဝတရား ဖြစ်တယ်။ ဒါပေမဲ့ လူတိုင်းလူတိုင်းဟာ ကိုယ့်အသက်ရှင် ရပ်တည်ရေးအတွက် ကိုယ့်ဘ၀ သာယာအေးချမ်းရေးအတွက် ကိုယ့်ဟာကိုယ် ကြိုးပမ်းအားထုတ်ရတယ်။ ကိုယ့်ထမင်း ကိုယ်ရှာစားရတယ်။ ကိုယ့်မိသားစုကို ကိုယ့်ဟာ ကိုယ် ကာကွယ်စောင့်ရှောက်ရတယ်။ ဘယ်သူ့ကိုမှ အားကိုးအားထားပြုလို့ မရဘူး။

ကယ်တင်ရှင်မလုပ်နဲ့
ကမ္ဘာသူ၊ ကမ္ဘာသားအားလုံးနဲ့ အတူတကွ လက်တွဲနေထိုင်ကြရတယ် ဆိုတဲ့ လောကသဘာဝတရားကို လူတွေက တလွဲဆံပင်ကောင်းလုပ်ပြီး မှီခိုအားကိုးမှု လွန်လွန်ကဲကဲဖြစ်အောင် လုပ်နေကြတာ နေရာတိုင်းမှာ တွေ့နေရတယ်။ အခက် အခဲကြုံတွေ့နေရတဲ့ လူတစ်ယောက်ကို ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်နည်းနဲ့ကိုယ် ဖြေရှင်းဖို့ တိုက်တွန်းရမယ့်အစား၊ အားကိုးအားထားရှာဖို့ အကြံပေးတတ်ကြတယ်။ ဒါမှမဟုတ်လည်း သူ့အားနဲ့သူ ဖြေရှင်းဖို့ အကြံပေးလမ်းပြ လုပ်မယ့်အစား ကိုယ်က ကယ်တင်ရှင်လုပ်ပြီး ၀င်ကယ်ပေးကြတယ်။ စေတနာနဲ့ ၀င်ကယ်တာ ဆိုပေမယ့် ဒါဟာ ကူညီရာ မရောက်ပါဘူး။ တစ်ဖက်သားကို အားကိုးရှာလွန်းတဲ့ စိတ်ဓာတ် (Dependency Syndrome) အမြစ်တွယ်သွားပြီး တစ်သက်လုံး သူများ နှာခေါင်းပေါက်နဲ့ အသက်ရှုတဲ့လူမျိုး ဖြစ်သွားစေပါတယ်။

အမှောင်တိုက်ကြီး
အာဖရိကတိုက် အငတ်ဘေး ပပျောက်ရေးအတွက် ကုလသမဂ္ဂအဖွဲ့ကြီး စတင်တည်ထောင်ပြီးကတည်း က ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့၊ ယူအင်ဒီပီ၊ ယူနီဆက် စတဲ့ အဖွဲ့တွေနဲ့တကွ သူဌေးနိုင်ငံကြီးတွေ အားလုံးက ဒေါ်လာတွေ ထရီလျံပေါင်းများစွာ သုံးပြီးဆောင်ရွက်ခဲ့ကြတာ နှစ်ပေါင်းခြောက်ဆယ် ကျော်ခဲ့ပါပြီ။ အာဖရိကတိုက်ကြီးကတော့ အငတ်ဘေးတွေ၊ ရောဂါဘယတွေ၊ မျိုးနွယ်စု လူသတ်ပွဲကြီးတွေ အောက်မှာ နစ်မွန်းသထက်နစ်မွန်းပြီး 'အမှောင်တိုက်ကြီး' (Black Continent) အဖြစ်ပဲ ရှိနေဆဲပါပဲ။ လွတ်လမ်းလည်း ရေးရေးတောင် မမြင်ရသေးပါဘူး။

လှေနဲ့ ပိုက်တွေပေးရမှာ
'ရွှေပြည်တော် မျှော်တိုင်းဝေး' အခြေအနေ ဖြစ်နေရတဲ့ အကြောင်းရင်းကတော့ 'ကယ်တင်ရှင်' စိတ်ဓာတ်(Savior Complex) တွေကြောင့် ဖြစ်ပါတယ်။ ငတ်နေတဲ့လူတွေကို ငါးတွေပဲ ယူလာပေးနေတဲ့ အခါကျတော့ အဲဒီလူတွေက ငါးလာပေးမှာ ကိုသာ အမြဲစောင့်မျှော်နေကြတော့တယ်။ တကယ်လုပ်သင့်တာက လှေတွေနဲ့ ပိုက်တွေပေးပြီး ငါးများတတ်အောင် လုပ်ပေးရမှာ မဟုတ်လား။ ကယ်တင်ရှင်စိတ်ဓာတ် လွန်ကဲနေတဲ့ ကယ်တင်ရှင်တွေက လူတွေကို မှီခိုလွန်းတဲ့ စိတ်ဓာတ် အမြစ်တွယ်သွားစေတယ်။ ဖွံ့ဖြိုးတိုးတက်ရေး ပညာရှင်အတော်များများကလည်း ကယ်တင်ရှင် လုပ်ရပ်တွေကို မနှစ်သက်ကြပါဘူး။

ကယ်တင်ရှင် မမျှော်စေချင်
'အလှူဒါနနဲ့ နိုင်ငံတစ်ခုကို မကယ်တင်နိုင်' (Charity does not save a nation) ဆိုတဲ့ စကားကို ဖွံ့ဖြိုးရေးပညာရှင်တွေက ထောက်ပြလေ့ရှိတယ်။ လူတွေကို သူတို့ခြေထောက်ပေါ် သူတို့ရပ်ပြီး၊ သူတို့ဘ၀ကို သူတို့ကိုယ်တိုင် ကယ်တင်ဖို့ကိုသာ တိုက်တွန်းတယ်။ ကျွန်တော်တို့ လူငယ်တွေကို 'ကယ်တင်ရှင်စိတ်ဓာတ်'တွေ ကူးစက်မလာစေချင်ဘူး။ အလားတူပဲ ကယ်တင်ရှင်မျှော်တဲ့ စိတ်ဓာတ်မျိုးတွေလည်း ရှိမလာစေချင်ဘူး။

ဗုဒ္ဓဘုရားရှင်ဟောကြားတော် မူတဲ့အတိုင်း 'အတ္တာဟိအတ္တနော၊ နတ္ထော' စိတ်ဓာတ်မျိုးပဲ ထွန်းကားစေချင်တယ်။ ''ဘုရားတောင်မှ အမှီရှိမှ ပွင့်တယ်''ဆိုတဲ့ စကားကတော့ လူငယ်တွေကို ကယ်တင်ရှင်မျှော်တဲ့ စိတ်ဓာတ်သွင်းပေးတဲ့ သဘော သက် ရောက်တယ်လို့ ယူဆပါတယ်။ အဲဒါကြောင့် အစဉ်အလာ ဆိုရိုးစကားဖြစ်တိုင်း နှုတ်ထွက်မလွယ်သင့်ဘူး။ လက်လည်း မခံသင့်ဘူး။ မြတ်စွာဘုရားရဲ့ အလိုတော်အတိုင်း ဘယ်ကိစ္စမဆို ကိုယ်ပိုင်ဉာဏ်နဲ့ ခွဲခြမ်းစိတ်ဖြာ ဝေဖန်သုံးသပ်ပြီးမှ ဆုံး ဖြတ်သင့်ကြောင်း နှိုးဆော်လိုက်ချင်ပါတယ်။

source:weeklyeleven