ခုချိန်မှာ လူတိုင်းဟာ ကိုယ့်ကိုယ်ကို ဦးဆောင်ကြရမှာပဲ...ဒီရွေးကောက်ပွဲဟာ မိမိတို့ကို စစ်ကျွန်ဇာတ် ဆက်သွင်းမယ့် ကန့်လန့်ကာအဖွင့်တခုဆိုတာကို ယုံကြည်ရင် မဲရုံကို မသွားကြဖို့ဘဲ။ ဒီလိုမှမဟုတ်ဘဲ အကြောက်လွန်ပြီး မဲရုံကိုသွားပြီဆိုတာနဲ့ ခင်များတို့ဟာ ကျုပ်တို့ စစ်ကျွန်အဖြစ်ဆက်လက်ခံယူပါမယ်လို့ ကတိပေးလိုက်တာနဲ့ အတူတူပဲ။ တနိုင်ငံလုံးကို အကျဉ်းချထားနိုင်တဲ့ ထောင်မရှိဆိုတာကို လူတိုင်း သဘောပေါက်ထားဖို့ လိုတယ်။

Tuesday, April 6, 2010

မီတာထိန်းသိမ်းခ တဆထပ်တိုးပြန်

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက မီတာထိန်းသိမ်းခကို (၅၀၀) ကျပ်မှ (၁၀၀၀) ကျပ်သို့ တဆ တိုးမြှင့်ကောက်ခံနေပြီဖြစ်ကြောင်း ယနေ့ မီတာခသွားရောက် ပေးဆောင်ခဲ့သော ပဲခူးဒေသခံများက ပြောသည်။

“ ဒီနေ့ရုံးကိုသွားတော့ ။ မီတာခက သုံးထောင်ကျော်ကျနေတယ်ဗျာ။ အရင်က နှစ်ထောင်ကျော်ပဲ ကျခဲ့တာ။ဒါနဲ့ မေးကြည့်တော့ မီတာထိန်းသိမ်းခ တက်တာပါတဲ့။ ဘာလို့တက်တာလဲလို့မေးတော့ သူတို့လည်း မသိပါဘူးတဲ့။ ညွှန်ကြားချက်ရောက်လို့ တက်တာပါလို့ပဲပြောတယ်။ မီးကမလာ မီတာခကတက် ကုန်ဈေးနှုန်းကတက်နဲ့ ကျနော်တို့တော့ အခက်ပါပဲ”ဟု ပဲခူးဒေသခံတဦးက ပြောသည်။

နအဖစစ်အစိုးရက ၂၀၀၆ခုနှစ် အောက်တိုဘာလကလည်း မီတာထိန်းသိမ်းခများကို ငါးဆအထိတိုးမြှင့်ကာ ငါးရာကျပ်ကောက်ခံနေရာမှ ယခု ထပ်မံတိုးမြှင့်လိုက်ခြင်းဖြစ်သည်။

“အဲဒါဟုတ်ပါတယ်။ ဦးဇင်းတို့ကျောင်းလည်း မီတာခတိုးဆောင်ခဲ့ရတယ်လို့ ကျောင်းဂေါပကအဖွဲ့က ပြောတယ်။ဦးဇင်းတို့ စာသင်တိုက်ဆို တလတလကို မီတာခ သောင်းချီဆောင်ရပါတယ်”ဟု ရန်ကုန် ဗဟန်းကျောင်းတိုက်တခုမှ သံဃာတော်တပါးက မိန့်သည်။

အမှတ် (၂) လျှပ်စစ်ဝန်ကြီးဌာနက ၂၀၀၆ခုနှစ် မေလကလည်း မီတာခများ တိုးမြှင့်ကောက်ခံခဲ့ရာ ယခုအခါ အိမ်သုံးမီတာ တယူနစ်လျှင် ၂၅ကျပ်နှုန်းပေးဆောင်နေကြရသည်။

ယခု မီတာထိန်းသိမ်းခတိုးမြှင့်ကောက်ခံပြီး မကြာမီ မီတာခများ ထပ်တိုးလာမည်ဆိုသော သတင်းများလည်း ပေါ်ထွက်နေသည်။

ရန်ကုန်မြို့မှအင်တာနက်ဆိုင်ပိုင်ရှင်တဦးက“မီတာခထပ်တက်မယ်ဆိုတဲ့သတင်းတွေလည်း ကြားနေရတယ်ဗျာ။ သူတို့က ပုဂ္ဂလိက လွဲပြောင်းပေးမယ်လို့ကြားတယ်။ ပုဂ္ဂလိက လွဲပြောင်းပေးလိုက်ရင်တော့ သေချာပေါက်ထပ်တက်လာမှာပဲဗျ။ လောင်စာဆီဈေးပဲကြည့်လေ ပုဂ္ဂလိကပိုင် လွဲလိုက်တာနဲ့ ထိုးတက်သွားတာ။ ကျနော်တို့ ဆိုင်တွေကတော့ မီးလာလည်း မီတာခကတက် မီမလာလို့ မီးစက်မောင်းလည်း ဒီဇယ်ဈေးကတက်ဆိုတော့ အသုံးပြုခအပေါ် ထပ်တင်ရုံပဲ ရှိတာပေါ့”ဟု ပြောသည်။

မြန်မာနိုင်ငံတွင် အိမ်သုံးမီတာအပါအ၀င် မီတာအလုံးရေ (၅) သန်းကျော်ရှိရာ မီတာတလုံးလျှင် (၅၀၀) ကျပ်တိုးလိုက်ခြင်းဖြင့် စစ်အစိုးရအနေဖြင့် ဘဏ္ဍာငွေ ကျပ်သန်း (၂၅၀၀) ကျော် ရရှိသွားလိမ့်မည်ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်တဦးက သုံးသပ်ပြောဆိုသည်။

Monday, April 5, 2010

ဟ ဟ

ဆင်သတ်သည်ဟု စွပ်စွဲကာ ကလေးစစ်သားစုဆောင်း

စစ်ကိုင်းတိုင်း ၊ မော်လိုက်မြို့နယ် ၊ တပ်ကုန်းကျေးရွာအုပ်စု ၊ မှန်စောက်ကျေးရွာနေ ဦးသိန်းအောင် ၊ ဒေါ်ဝင်းမေတို့အား ဆင်သတ်သည်ဟု စစ်တပ်က စွပ်စွဲခြိမ်းခြောက်ကာ ကလေးတောင်းပြီး စစ်သားအဖြစ်စုဆောင်းသွားခဲ့သည်။

ကျော်သူ လုပ်ကြံခံရခြင်း

ကျနော့် မေးလ်ဆီဝင်လာတဲ့ သတင်းလေးပါ။ ပေးပို့သူက ဒီခေါင်းစဉ်ကို ပေးထားတာပါ။ ကျနော်မပြင်လိုက်တော့ပါဘူး။ သူ့မူရင်းအတိုင်းပဲ ပြန်တင်ပေးလိုက်ပါတယ်။



လူမှုရေးလုပ်ငန်းများ လုပ်ဆောင်နေသော ကိုကျော်သူအား သူ၏ နာရေးကူညီမှုအသင်း(ရန်ကုန်)နှင့် ပတ်သက်သော သတင်း၊ ဆောင်းပါးများ ပါရှိနေသည့် Facebook Website ရှိ KyawthuFans တွင် Post များ၊ Comments များ ရေးသားမရခြင်းနှင့် သတင်းဆောင်းပါးအသစ်များ မပါရှိတော့သည့်အတွက် မေးမြန်း ကြည့်ရာတွင် ကိုကျော်သူမှ အောက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ပါသည်။

(ဟုတ်တယ် … Facebook Website က ကျွန်တော်ရဲ့ Kyawthufans ဆိုတာ .. ကျွန်တော်ရဲ့ Fan ပရိတ်သတ်တွေက လုပ်ပေးထားတာ။ ဒါကြောင့်လဲ ကျွန်တော်ရဲ့ လူမှုရေးကူညီမှု ကိစ္စတွေကို ပရိတ်သတ်ကို ချပြနိုင်ခဲ့ပါတယ်။ ကိုယ်ကျိုးမပါတဲ့ လုပ်ရပ်ပါ။ ဒါပေမယ့် (၃) ပတ်လောက်ရှိပြီ။ တစ်စုံတစ်ယောက် ဒါမှမဟုတ် အဖွဲ့အစည်းတစ်ခုကနေ အဲဒီ Facebook Website ကုမ္မဏီကို လုပ်ကြံဇာတ်ခင်းပြီး ပိတ်ခိုင်းလိုက်တာ။ နာရေးကူညီမှုအသင်း(ရန်ကုန်)ရဲ့ Gmail (ဂျီမေး)ကိုလည်း ပိတ်မယ် .. ဘာညာနဲ့ Warning (သတိ) ပေးပြီး အကြောင်းကြား စာပို့ခံရတယ်။

ဘာတွေလည်းဗျာ .. အေးအေးဆေးဆေး အခမဲ့ မသာချပေးနေတဲ့ သူကို လာတိုက်ခိုက်တာ။ အခမဲ့ မသာချပေးနေတဲ့ သူကို မနာလိုတွေဖြစ်နေတာ။ ရှင်းရှင်းပြောရရင် ကျွန်တော် အလုပ်ကြံခံရတာပဲ။ ကျွန်တော်ကတော့ အေးဆေးပါ။ ဒါပေမယ့် ကျွန်တော်နဲ့ ပတ်သက်နေတဲ့ ပုဂ္ဂိုလ်ပိုင်းကတော့ ဒီအတိုင်း ကြည့်နေမှာ မဟုတ်ဘူး။ ၀ဋ်လည်လိမ့်မယ်လို့ပဲ ပြောလိုက်ပါမယ်။ ကိုယ့်ပြုသောကံ ပဲ့တင်သံ ကိုယ့်ထံပြန်လာမယ်နော့ . . . . ။

ကျွန်တော် နောက်ထပ်ပြီးတော့တင်ဖို့ ဆောင်းပါးလေးတွေ ရေးထားတာ ရှိတယ်။ ယခု ကျွန်တော်ရဲ့ kyawthufans အပိတ်ခံထားရတော့ နာရေးကူညီမှုအသင်း(ရန်ကုန်)ရဲ့ သတင်း၊ ဆောင်းပါးတွေတင်ဖို့ ရေးထားတာတွေလည်း တင်လို့မရဘူး ဖြစ်နေတာပေါ့။ ကျွန်တော် “ မျိုးဆက်သစ် Hip Hop လူမှုရေး သူရဲကောင်းများ” ဆိုတဲ့ ဆောင်းပါးလေး တင်ဖို့ ရှိပါတယ်။ တင်လို့ပြန်ရခဲ့ရင်တော့ Fans ပရိတ်သတ်များ အသစ်ထပ်ပြီး ဖတ်ရှုအားပေးလို့ ရမှာပါ…) ဟု ဖြေကြားသွားပါသည်။